သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် ဂမ်ဘာရီ  မြန်မာနိုင်ငံ ၅ ရက်ခရီး သွားရောက်မည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း
(Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ
ပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီ
(Mr. Ibrahim Gambari) ဟာ အခု ရှေ့အပတ်ထဲမှာ
မြန်မာနိုင်ငံကို ဆိုက်ရောက်ဖို့ရှိပါတယ်။ မစ္စတာ
ဂမ်ဘာရီ မြန်မာနိုင်ငံသွားမယ့် ခရီးစဉ်နဲ့ပတ်သက်
လို့ စုံစမ်းမေးမြန်းထားသမျှ ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီဟာ မကြာ
ခင်ပဲ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်ကနေ
စင်ကာပူကို သွားရောက်တော့မှာ ဖြစ်ပါတယ်။ အဲဒီ
ကနေ လာမယ့် တနင်္လာ သြဂုတ်လ ၁၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံတွင်း ၅ ရက်ကြာ
ရှိမှာဖြစ်ပါတယ်။ သူ့အနေနဲ့တော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအစုအဖွဲ့အားလုံးနဲ့
တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူ မစ္စဟွာကျင်းက
ပြောပါတယ်။

"မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် ဆက်စပ်တဲ့ အစု
အဖွဲ့အားလုံးနဲ့ တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့အခေါက်တွေ မြန်မာ
နိုင်ငံသွားတုန်းက တွေ့ခဲ့တဲ့ အစုအဖွဲ့အားလုံးနဲ့ တွေ့ဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့
မြန်မာနိုင်ငံခရီးစဉ်တိုင်းမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန် အမြဲတွေ့လေ့ရှိပါ
တယ်။ မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံလေ့ရှိပါတယ်။
အခုအခေါက်မှာလည်း ဒီလူတွေအားလုံးနဲ့ ဆက်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်
ထားပါတယ်။"

မစ္စတာဂမ်ဘာရီဟာ အရင်တုန်းက မြန်မာနိုင်ငံကို သွားရင်းနဲ့ပဲ ဒေသတွင်းက နိုင်ငံ
ခေါင်းဆောင်အချို့နဲ့တွေ့ပြီး မြန်မာနိုင်ငံကိစ္စ ပြောဆိုလေ့ရှိပါတယ်။ အခုအချိန်အထိ
တော့ မြန်မာနိုင်ငံအပြင် အခြားဘယ်နိုင်ငံကို သွားမလဲဆိုတာ မပြင်ရသေးဘူးလို့
မစ္စတာဂမ်ဘာရီရဲ့ လက်ထောက်က ပြောပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်
သင့်မြတ်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်သင့်တာတွေ အထူးသဖြင့်တော့
လာမယ့်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စား
လှယ်တွေကိုယ်စား လွှတ်တော်အမတ် ၅ ဦးက လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ထံ ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဒီအပတ်အတွင်းမှာပဲ အဲဒီထဲက
ကိုယ်စားပြုလက်မှတ်ထိုးခဲ့တဲ့ လွှတ်တော်အမတ်အချို့ကို မြန်မာအာဏာပိုင်တွေက
ထိန်းသိမ်းခဲ့ပါတယ်။ မစ္စတာဂမ်ဘာရီအနေနဲ့ အခုခရီးစဉ်အတွင်းမှာ ဒီလူတွေ ဖမ်းဆီး
ခံရတဲ့ကိစ္စကို ပြောဆိုဖို့ရော ရှိလားလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူကို မေးကြည့်ပါ
တယ်။

"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်နေ
တဲ့အထဲမှာ မြန်မာနိုင်ငံသားတိုင်း မိမိတို့ဆန္ဒသဘောထားကို လွတ်လွတ်လပ်လပ်
ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ခွင့်ရှိဖို့ဆိုတာ ရည်ရွယ်ချက်တခု ပါရှိပါတယ်။ အခု ဒီလူတွေ
ဖမ်းဆီးခံရတဲ့ကိစ္စကိုလည်း တရားဝင် အတည်ပြုချက်ရထားပါပြီ။ မစ္စတာဂမ်ဘာရီ
အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံတိုင်းမှာလည်း နိုင်ငံရေးအကျဉ်းသားကိစ္စဟာ
ဆွေးနွေးပွဲရဲ့ အကြောင်းအရာတခု ဖြစ်ပါတယ်။"
မြန်မာနိုင်ငံကို ရှေ့အပတ်ထဲသွားရောက်မယ့် မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူ
မစ္စဟွာကျင်း ပြောသွားတာပါ။

ဟိုအရင်တုန်းကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံလာမယ်ဆိုရင် ဒီမို
ကရေစီရေးလှုပ်ရှားသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲတဲ့ အတိုက်အခံတွေဘက်က
အားရဝမ်းသာ ကြိုဆိုကြပါတယ်။ ဒါပေမယ့် အခုတော့ စစ်အစိုးရ အတိုက်အခံတွေ
ဘက်က မစ္စတာဂမ်ဘာရီ လာမယ့်ခရီးစဉ်အပေါ် သိပ်မျှော်လင့်ချက်ထားတာ မတွေ့ရ
ပါဘူး။ အထူးသဖြင့်တော့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေဘက်က မြန်မာနိုင်ငံရေးမှာ
ကြားကဝင်ညှိနှိုင်းပြီး စစ်အစိုးရကို တိုက်တွန်းဖျောင်းဖျတာအစား အတိုက်အခံတွေကို
စစ်အစိုးရရဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ် ပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းဖိအားပေးတာ
တွေ လုပ်လာတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က ယူဆနေပါတယ်။ အခု
မစ္စတာဂမ်ဘာရီရဲ့ လာမယ့်ခရီးစဉ်နဲ့ပတ်သက်လို့ FDB မြန်မာ့ဒီမိုကရေစီအင်အားစု
အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

"၂၀၁၀ ရွေးကောက်ပွဲကိုပဲ နိုင်ငံတကာက လက်ခံသလိုလို ဘာလိုလို ဖြစ်နေတဲ့အချိန်
မှာ မစ္စတာဂမ်ဘာရီအနေနဲ့ အခုလာမယ့်ခရီးစဉ်မှာ မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင်
ပြောင်းလဲမှုအတွက် သိသာထင်ရှားတဲ့ ရလဒ်တွေကို လုပ်နိုင်အောင် ကြိုးစားသင့်တယ်
လို့ ကျနော်ထင်တယ်။ ပြီးခဲ့တဲ့ကာလက လုပ်ဆောင်မှုတွေကတော့ အားရစရာ မတွေ့ရ
ဘူး။"

မစ္စတာဂမ်ဘာရီ လက်ထက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဘက်က ဆက်ဆံရေး
ဝန်ကြီး ဦးအောင်ကြည်ကိုထားပြီး ဆွေးနွေးပွဲပုံစံမျိုးတွေ ဖြစ်ခဲ့တယ်။ လာမယ့်အခြေ
အနေမှာရော ဒီဆွေးနွေးပွဲမျိုးတွေ ပြန်စလာနိုင်မယ်လို့ ယူဆလို့ရပါသလား။

"အပေါ်ယံကြော တခါလာတယ်၊ တခါတွေ့တယ်၊ ဒါမျိုးဖြစ်တာမျိုးထက် ဖြစ်စဉ်တခုမျိုး
သေချာဖြစ်နေအောင် အဖြေပေါ်နေတာမျိုး မတွေ့ဘူး။ တခုခုဆိုရင် ကုလသမဂ္ဂ
ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲကိုပဲ လွတ်လပ်ပြီး တရားမျှတမှုဖြစ်အောင် ပြောနေ
တဲ့ လွဲမှားတဲ့ သတင်းပေးမှုမျိုးတွေ ကျနော်တို့ မဖြစ်စေချင်ဘူး။ အဲဒီမတိုင်ခင်မှာ
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်အောင်၊ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးတွေ ဖြစ်လာအောင်၊
စစ်တပ်က မတရား အကြမ်းဖက်ဖမ်းဆီး နှိပ်စက်နေတဲ့ လုပ်ဆောင်မှုမျိုးတွေ ရပ်တန့်
သွားအောင် လုပ်နေနိုင်တဲ့ဟာမျိုး၊ ကြိုးပမ်းပေးခဲ့တဲ့ဟာမျိုး တခုမှမရှိဘူး။

"ပြောချင်တာက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသရွေ့ ဘယ်လိုမှ
တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ ၉၀ ရွေးကောက်ပွဲရလဒ်ကို တခုခု
နည်းလမ်းရှာမပေးသရွေ့ ဘယ်လိုမှ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့၊
ဒီမိုကရေစီရေးကို ဖြစ်တဲ့ဟာမျိုး ဖြစ်လာနိုင်မှာမဟုတ်ဘူး။ အဲတော့ အပေါ်ယံကြော
ယာယီဖြစ်တဲ့ဟာမျိုးတွေထက် သေသေချာချာ၊ ခိုင်ခိုင်မာမာနဲ့ သွားနိုင်တဲ့ဟာမျိုး
ဖြစ်အောင် လုပ်နိုင်ဖို့အတွက် မစ္စတာဂမ်ဘာရီမှာ တာဝန်ရှိတယ်။ ဒါမှမဟုတ်ရင်တော့
ကျနော်တို့က တခြားအပြောင်းအလဲ လုပ်နိုင်တဲ့အခြေအနေမျိုးကို ပိုပြီးတော့ စဉ်းစား
ရင်ကောင်းမလားလို့တောင် ထင်မိပါတယ်။"

တလောကတော့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောပါတယ်။
မစ္စတာဂမ်ဘာရီအနေနဲ့ စစ်အစိုးရလုပ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့၊ နိုင်ငံရေး
လမ်းပြမြေပုံတို့၊ ဒီကိစ္စကို အတိုက်အခံတွေဘက်က လုပ်ဖို့ဆိုတဲ့ ဖိအားပေးမှုမျိုး
မလုပ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ မစ္စတာဂမ်ဘာရီဘက်က၊ ကုလသမဂ္ဂဘက်
က ဒီလိုမျိုး အတိုက်အခံအင်အားစုတွေကို မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံ
အတိုင်း လုပ်ဖို့ဆိုတဲ့ ဖိအားပေးမှုမျိုး ရှိလာနိုင်လို့လားခင်ဗျ။

"အခုကိုပဲ တောက်လျှောက်ဖြစ်နေတာ ဒီမိုကရေစီအခြေအနေ ဖြစ်လာအောင်
ပြောင်းလဲလာဖို့ တဖွဖွ တွေ့ဆုံဆွေးနွေးလိုပါတယ်လို့ ပြောနေတဲ့လူတွေက ပြန်ပြီး
ဖိအားပေးခံရသလို ဖြစ်နေတယ်။ အမှန်မှာ တကယ်ဖိအားပေးရမှာက စစ်အစိုးရကိုလို့
ကျနော်တို့ ထင်တယ်။ အတိုက်အခံခေါင်းဆောင်တွေဘက်က တွေ့ဆုံဆွေးနွေး အဖြေ
ရှာချင်ပါတယ်လို့ ပြောတဲ့အခါ တွေ့ဆုံဆွေးနွေး အဖြေမရှာခံရဘဲ ဒါလေးတော့ လက်ခံ
လိုက်ပါ၊ ဟိုဟာလေးတော့ လက်ခံလိုက်ပါ ဆိုတဲ့ကိစ္စမျိုး၊ ကုလသမဂ္ဂကိုယ်တိုင်
ကျနော်တို့ကို စိတ်ကျေနပ်စွာ ပါဝင်ခွင့်ရအောင် လုပ်နေတာမျိုးမဟုတ်ဘဲ အတင်း
ဖိအားပေးပြီး နအဖအလိုကျ ပါဝင်နေတဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတဲ့သဘောမျိုး
ပိုဖြစ်နေတယ်လို့ ထင်ပါတယ်။"

ဒေါက်တာနိုင်အောင် ဆိုလိုတာက အခု ဒီအတိုင်းဆိုရင် ကုလသမဂ္ဂ ကိုယ်စားလှယ်
တွေဘက်က သူတို့အနေနဲ့ ကြားဝင်ညှိနှိုင်းတဲ့ပုံစံ မဟုတ်ဘဲနဲ့ မြန်မာစစ်အစိုးရဘက်
က သူတို့ချပြီးသား နိုင်ငံရေးလမ်းစဉ်အပေါ်မှာပဲ လိုက်ပြီးတော့ လုပ်နေတဲ့သဘော
လား။

"ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ အမျိုးသားညီလာခံတုန်းကလည်း အမျိုးသားညီလာခံထဲမှာ၊
တခါ အမျိုးသားညီလာခံ ပြီးသွားတဲ့အခါကျတော့လည်း ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်းနိုင်ဖို့အတွက် တခါလုပ်ဖို့၊ အခုဆိုရင်လည်း
ရွေးကောက်ပွဲကြီးထဲမှာ ပါဝင်နိုင်ခွင့်ရှိအောင်ပဲ လုပ်ရတော့မလိုလိုဆိုတဲ့ပုံစံမျိုး
ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်ရပါတယ်။

"အဲလိုဖြစ်လာရင် နအဖက သူလုပ်ချင်တဲ့ဟာတွေ အားလုံးကို နိုင်ငံတကာက ဘာမှ
အရေးယူနိုင်စွမ်းမရှိဘူး၊ သူလုပ်ချင်တဲ့ဟာတွေကို လုပ်လို့ရနေတယ်ဆိုရင် ကျနော်တို့
ပြည်သူတွေကိုရော၊ အတိုက်အခံအတွေကိုရော သူ့အနေနဲ့ ပိုဖိနှိပ်လာဖို့ အခွင့်အလမ်း
တွေ ပိုများလာသလို ဖြစ်နေတယ်။ အဲဒါမျိုးတွေကတော့ မဖြစ်သင့်တော့ဘူးလို့ ထင်ပါ
တယ်။"ဒေါက်တာနိုင်အောင် ပြောကြားသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG