မြန်မာနိုင်ငံမှာ နှစ်အရှည်ကြာဆုံး နိုင်ငံရေး အကျဉ်းသား ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၇) ယောက် ကို လွှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဗုဒ္ဓဟူးနေ့ က ကြိုဆိုလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် အစိတ်အပိုင်းတစ်ရပ် အဖြစ် အခုလို လွှတ်ခဲ့တာပါ။
ဒါပေမဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တစ်ရပ် အတွက် လိုအပ်တဲ့ ခြေလှမ်းတွေ အဖြစ် နိုင်ငံရေး အကျဉ်းသား အားလုံး ကို လွှတ်သင့်ပြီး၊ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ကို ခံစားသင့်နေပြီ လို့ မစ္စတာ ဘန်ကီမွန်း က ပြောခဲ့ပါတယ်။
လွှတ်ရက်တော်တော် ကျော်နေပြီးကာမှ ဦးဝင်းတင် ကို လွှတ်လိုက်တာ ဟာ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ဖို့ ပထမဆုံး ခြေလှမ်း ဖြစ်မယ်လို့ အမေရိကန် အစိုးရ က မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ (Robert Wood) က ၀ါရှင်တန် မှာ ပြောကြားပါတယ်။
ဦးဝင်းတင် ကို ၁၉၈၉ ခုနှစ် မှာ ဖမ်းဆီးခဲ့ပါတယ်။ အစိုးရ ဆန့်ကျင်ရေး ၀ါဒဖြန့်ချိရေးတွေ ရေးတယ်လို့ စွပ်စွဲပြီး၊ ထောင် အနှစ် ၂၀ ချခဲ့တာပါ။ ဦးဝင်းတင် ဟာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ရရှိသည်အထိ သူ ဆက်လက် တိုက်ပွဲဝင်သွားလိမ့်မယ်လို့ အသက် ၇၈ နှစ် ရှိပြီ ဖြစ်တဲ့ ဦးဝင်းတင် က သူ ထောင်ကလွတ်ပြီး မကြာမီ မှာပဲ ပြောကြားခဲ့ပါတယ်။