"မြန်မာပြည်သူပြည်သားတွေအတွက် ကျနော်တို့အတူတကွ လက်တွဲ ကူညီပေး နေကြပါတယ်၊ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တုန်း က ကျနော်တို့ ချက်ခြင်းကိုပဲ အလျင်အမြန် တုန့်ပြန်ဆောင်ရွက် ပေးခဲ့ကြပါတယ်။ ဒီအရေးမှာ ခင်ဗျားရဲ့ ခေါင်းဆောင်တာဝန်ယူခဲ့မှု အပေါ် လည်း အများကြီး ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကို လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံပြန် ဖြစ်လာတာကို ကျနော်တိ့ု မြင်လိုပါတယ်။"
သြဂုတ်လ (ရ) ရက် ကြာသာပတေးနေ့ မှာတော့ သမ္မတ ကတော် လော်ရာဘုရှ် နဲ့ သမီး ဘာဘရာ တို့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မဲလ ဒုက္ခသည်စခန်း နဲ့ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ မြန်မာဒုက္ခသည်တွေကို ကူညီကုသပေးနေတဲ့ မယ်တော်ဆေးခန်းကို သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြပါတယ်။
မဲလဒုက္ခသည်စခန်းဟာ ၁၉၈၄ ခုနှစ်ကထဲ စတင်တည်ရှိခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေထဲမှာ အကြီးဆုံး စခန်း ဖြစ်ပြီး မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၄ သောင်း လောက် နေထိုင်နေကြပါတယ်။ အဲ့ဒီ စခန်းထဲမှာဘဲ မွေးဖွားခဲ့တဲ့ ကလေးတွေထဲက တစ်သောင်းခြောက်ထောင်ကျော်ဟာ စခန်းထဲမှာရှိတဲ့ကျောင်းပေါင်း ၂၆ ကျောင်းမှာ ပညာသင်ကြားနေကြတာပါ။
စာသင်ကျောင်းတခုက ကလေးငယ်တယောက်ရဲ့ စာအုပ်ထဲမှာ ကျနော်ရဲ့ ဒုက္ခသည် ဘဝဟာ မြန်မာပြည်မှာထက်ပိုကောင်းပါတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းရဲ့ ပြင်ပကို ထွက်ဘို့ ဘယ်လို အခွင့်အရေးမှတော့ မရှိပါဘူး၊လို့ ရေးထားတာကို သမ္မတကတော် ဖတ်ရှု့ခဲ့ရပါတယ်။
ဒုက္ခသည်တွေဟာ မဲလဒုက္ခသည်စခန်းမှာ လျှပ်စစ်မီးမရှိ၊ ရေမရှိတဲ့ အခြေအနေတွေမှာ နေထိုင်နေကြရပေမဲ့ သူတို့အတွက် ကောင်းမွန်တဲ့ ဘဝတွေ ဖြစ်လာနိုင်ချေ ရှိတယ်ဆိုတဲ့ ယုံကြည်မှုတွေတော့ ရှိနေကြပါတယ်။
"ဒုက္ခသည်တွေရဲ့ အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ကြပါတယ်။ သူတို့တိုင်းပြည်ကို ပြန်ပြီးတည်ဆောက်နိုင်ဘို့ အတွက် ကျမတို့ကလည်း အားပေးနေပါတယ်။
သမ္မတကတော် နဲ့ သမီးဖြစ်သူတို့ဟာ မဲလဒုက္ခသည်စခန်း ကနေ ထိုင်း-မြန်မာနယ်စပ် နဲ့ ၄၅ မိနစ် လောက် ကွာဝေးတဲ့ မြန်မာဒုက္ခသည်တွေ နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို ဆေးဝါးကုသပေးနေတဲ့ မယ်တော် ဆေးခန်းကို သွားရောက်ခဲ့ပါတယ်၊
သမ္မတကတော်ကို မယ်တော်ဆေးခန်း က ဒေါက်တာစင်သီယာမောင် က ကြိုဆိုခဲ့ပြီး ခလေးငယ်တွေကလည်း မြန်မာတေးသီချင်း တွေနဲ့ သီဆိုဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။
အခုလို သမတကတော် နဲ့ သမီးဖြစ်သူတို့ မယ်လဒုက္ခသည်စခန်း နဲ့ မယ်တော်ဆေးခန်း တို့ကို သွားရောက်နေတဲ့ တချိန်ထဲမှာ ဘန်ကောက်မြို့မှာ သမ္မတ ဘုရှ် က အာရှခရီးစဉ် နဲ့ ပတ်သက်ပြီး အဓိက ပြောဆိုမှုတွေအတွင်း မြန်မာပြည် နဲ့ ပတ်သက်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ အာဏာရှင်စံနစ် အဆုံးသတ်သွားတာကို ကျနော်တို့အားလုံး တွေ့မြင်လိုပါတယ်။ ဒီအတွက် မြင့်မြတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေသူတွေထဲက သူတယောက်ကို ကျနော်လက်ထပ်ယူခဲ့ပါတယ်။ ဒီကနေ့ လော်ရာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း နဲ့ဆေးခန်းကိုသွားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးဘို့ကိုလည်း ကျနော်တို့တောင်းဆိုနေပါတယ်။ မြန်မာပြည်သူတွေ လွတ်လပ်ခြင်းဆု ရရှိတဲ့အထိ ကျနော်တို့ဆက်လက်လုပ်ဆောင် သွားမှာပါ။"
အဲ့ဒီနောက်မှာတော့ သမ္မတဘုရှ် က ဗွီအိုအေ (VOA)၊ အာရ်အက်ဖ်အေ (RFA)၊ ဘီဘီစီ (BBC) နဲ့ ဒီဗွီဘီ (DVB) စတဲ့ မြန်မာသတင်းဌာနက သတင်းထောက်တွေ နဲ့ သီးသန့် တွေဆုံခဲ့တဲ့အပြင် မြန်မာ့အရေးလှုပ်ရှားသူတွေ နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေး နဲ့ ပတ်သက်လို့ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေး ခဲ့ပါတယ်။