သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပါဝင်သည့် မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးရေးအကူအညီပေးမည့် ဂျပန်အစီအစဉ်ကို လူ့အခွင့်အရေးအဖွဲ့များ ကန့်ကွက်


ဂျပန်အစိုးရက မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံကို ဖွံ့ဖြိုးရေး
အကူအညီတွေ ထပ်ပေးဖို့ လုပ်နေပါတယ်။ အခုလို ဂျပန်အစိုးရကပေးမယ့် အကူအညီ တွေနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေရှိနေတယ်လို့လည်း ကြားရပါတယ်။ အကြောင်းစုံ
ကို ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။

မဲခေါင်ဒေသခြောက်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို ဂျပန်က အိမ်ရှင်အဖြစ်ဖိတ်ခေါ်ပြီး တိုကျိုမြို့မှာ ကမကထလုပ်ပြီး မနက်ဖြန်မှာ ကျင်းပဖို့ ရှိပါ
တယ်။ မြန်မာပြည်က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းလည်း အဲဒီအစည်းအဝေးကို တက်ရောက်မှာပါ။ ဂျပန်နိုင်ငံဟာ မဲခေါင်ဒေသနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူ
အညီတွေကို အဓိကပေးနေတဲ့ နိုင်ငံကြီးတနိုင်ငံဖြစ်သလိုပဲ အဲဒီဒေသနိုင်ငံတွေမှာ
ဂျပန်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေဟာလည်း တော်တော်များများကို လုပ်ထားတဲ့
တိုင်းပြည်ပါ။

ဂျပန်အစိုးရရဲ့ ODA လို့ခေါ်တဲ့ ပြည်ပဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီတွေဟာ ဒေသတွင်းနိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်နေတယ်၊ အကူ အညီတွေပေးလို့ရှိရင် ဒါတွေကို သတိထားဖို့လိုတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ကို အားပေးအားမြှောက် မလုပ်မိစေနဲ့လို့ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်နေသူတွေက တောက်လျှောက် ကန့်ကွက်နေကြတာပါ။

အခုလည်း နယူးယော့ခ်အခြေစိုက် Human Right Watch လို့ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ညွှန်ကြားရေးမှူးချုပ် ဘရက်အဒမ်စ် (Brad Adams) က ဂျပန်
နိုင်ငံခြားရေးဝန်ကြီး မာဆာဟိကို ကိုမူရ (Masahiko Koumura) ဆီကို မဲခေါင်ဒေသ
က မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက လူ့အခွင့်အရေးချိုးဖောက်မှု
တွေနဲ့ ဂျပန်အစိုးရက အကူအညီတွေအကြောင်း ဝေဖန်အကြံပေးထားတဲ့ စာတစောင်
ကို ဒီကနေ့ပဲ ပေးပို့ခဲ့ပါတယ်။

အမေရိကန် အရှေ့အာရှရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့
မာရှဲ (Scot Marciel) ကလည်း တရုတ်ပြည်အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို လမ်းမှားရောက်အောင် လုပ်နေတယ်ဆိုပြီး ဒီကနေ့ပဲ ဝေဖန်ပြောဆိုပါတယ်။ ဂျပန်
နိုင်ငံ တိုကျိုမြို့အခြေစိုက် Burma Info လို့ခေါ်တဲ့ မြန်မာ့အရေး လေ့လာစောင့်ကြည့်
နေတဲ့အဖွဲ့က ညွှန်ကြားရေးမှူး မစ္စ ယူကီ အာကီမိုတို (Yuki Akimoto) ကလည်း
ဂျပန်အစိုးရရဲ့ မြန်မာပြည်ပေါ်မှာထားတဲ့ အကူအညီပေးရေးဆိုင်ရာ မူဝါဒတွေအပေါ်မှာ
သူ့အနေနဲ့ အကြီးအကျယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ စက်တင်ဘာလ လူထုလှုပ်ရှားမှုကို မြန်မာစစ်တပ်က မဖြိုခွဲခင်ကာလတွေမှာ
ဂျပန်အစိုးရက မြန်မာပြည်ကို အကူအညီတွေ အများကြီးပေးခဲ့တာပါ။ အဲဒီအထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းတို့ကိုလည်း တော်တော်များများပေးခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ မြန်မာစစ်အစိုးရရဲ့ လက်ကိုင်တုတ်အဖွဲ့အစည်းတွေပါ။ ဂျပန်ရဲ့အကူအညီဟာ တကယ့်တကယ် ဒုက္ခတွေ
ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေဆီကို ရောက်မသွားပါဘူး။
“စက်တင်ဘာလလှုပ်ရှားမှုအပြီးမှာ ဂျပန်အစိုးရက သူ့ရဲ့ မြန်မာပြည်ဆိုင်ရာ ODA ထောက်ပံ့ကူညီမှုတွေကို ပြန်ပြီး စဉ်းစားသုံးသပ်မယ်၊ တချို့ဟာတွေကို ပြင်ဆင်မယ်၊
တချို့တွေကို ရပ်တန့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်ထိ ဘာမှ
မပြောင်းလဲဘဲ ဖြစ်နေပါတယ်” လို့ Burma Info က ညွှန်ကြားရေးမှူး ယူကီ အာကီ
မိုတိုက ပြောခဲ့တာပါ။

တိုကျိုမြို့ မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညိုကလည်း သူတို့အနေနဲ့ ဂျပန်
နိုင်ငံခြားရေးဝန်ကြီးဆီကို ကန့်ကွက်တဲ့စာတစောင် ဒီကနေ့ပဲ ပေးပို့လိုက်တဲ့
အကြောင်း ရှင်းပြပါတယ်။
“ကျနော်တို့ပို့တဲ့စာက ODA က မပေးသင့်သေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၀၃ ခုနှစ် အဖမ်းခံရပြီးတဲ့နောက်ပိုင်း စီးပွားရေးအကူ
အညီ မပေးဘူးလို့ ပြောထားတယ်။ ပြောထားပြီးတော့ အခု မဲခေါင်မြစ်ဝှမ်းစီမံကိန်းမှာ
ဗမာလည်း ပါနေတယ်။ ပါနေတဲ့အတွက် ဒါဟာ မပေးသင့်သေးဘူးလို့။ ဘာဖြစ်လို့လဲ
ဆိုတော့ ဗမာပြည်မှာ လက်ရှိအခြေအနေ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ
ဘာမှမရှိဘူး၊ တောက်လျှောက်ပဲ ဖိနှိပ်မှုတွေများနေတယ်။ အဲတော့ ဒီလိုအစိုးရမျိုးကို ပေးတယ်ဆိုရင် အခု ဗမာပြည်မှာ အသတ်ခံသွားရတဲ့ မစ္စတာကန်ဂျိစံကို သစ္စာဖောက်
သလိုမျိုး ဖြစ်နေတယ်။ အီးယူတို့ အမေရိကားတို့လုပ်တဲ့ ပေါ်လစီမျိုး ပိုပြီးတော့
ပြစ်ဒဏ်ခတ်တဲ့မူမျိုး သွားပါဆိုပြီး ကျနော်တို့က လှမ်းပြီး ကန့်ကွက်ပြီးပေးတဲ့စာပါ”
အဲဒါကတော့ ဒေါက်တာမင်းညို ပြောခဲ့တာပါ။

မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံထဲမှာ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနဲ့
ဗီယက်နမ်တို့ပါဝင်ပြီး အခု ဂျပန်အစိုးရက ယန်းဘီလီယံ ၆၀ လောက်ကို အဲဒီဒေသ
တွင်း ဖွံ့ဖြိုးရေးအကူအညီတွေပေးဖို့ လျာထားတယ်လို့ ဆိုနေပါတယ်။ အဲဒီလိုမျိုး
ပြောဆိုနေတဲ့ အခြေအနေတွေကိုပဲ မကျေနပ်လို့ အခုလို လူ့အခွင့်အရေးအဖွဲ့တွေ၊
ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကန့်ကွက်နေကြတာပါ။

မနက်ဖြန် တိုကျိုမြို့က မြန်မာ့အရေးလှုပ်ရှားတဲ့ ဒီမိုကရေစီသမားတွေက မဲခေါင်ဒေသ
ဝန်ကြီးများအစည်းအဝေးကိုသွားပြီး ကန့်ကွက်ဆန္ဒပြကြပါလိမ့်ဦးမယ်။ Burma Info
က မြန်မာပြည်ရေးရာ လေ့လာနေတဲ့ မစ္စယူကီကတော့ လက်ရှိ ဂျပန်အစိုးရဟာဆိုရင်
တရုတ်ရဲ့ မူဝါဒတွေကို မလွန်ဆန်နိုင်တဲ့အစိုးရ၊ မလွန်ဆန်ချင်တဲ့အစိုးရဖြစ်ပြီး တရုတ်
နဲ့ဂျပန် စီးပွားရေးဆက်ဆံမှုကလည်း တော်တော်လေးအားကောင်းနေလို့ အကူအညီ
ပေးရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဂျပန်ဘက်က ခွဲခြားပြီးကြည့်နေမှာ
မဟုတ်ဘူးလို့ သူထင်တဲ့အကြောင်း ပြောပါတယ်။

XS
SM
MD
LG