မြန်မာနိုင်ငံက သတင်းမီဒီယာသမားတွေကို ပါကစ္စတန်နိုင်ငံက သင်တန်းပေးဖို့ ပါကစ္စ
တန် ဝန်ကြီးချုပ်က လက်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံက သတင်းစာကိုယ်စားလှယ်
အဖွဲ့တဖွဲ့ ပါကစ္စတန်နိုင်ငံ လေ့လာရေးခရီး
စဉ်အတွင်း အဆိုပြုခဲ့တာကို ပါကစ္စတန်
ဝန်ကြီးချုပ်က လက်ခံလိုက်တာပါ။ ပါကစ္စ
တန်ရော မြန်မာရောဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေလို့ ဆိုကြလေ
တော့ ဒီလိုလေ့လာခွင့်ရမယ်ဆိုရင် မြန်မာ သတင်းသမားတွေအတွက်၊ နိုင်ငံအတွက်
အကျိုးရှိ-မရှိ စဉ်းစားစရာပါ။ အပြည့်အစုံကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။
လွတ်လပ်မှုမရှိတာခြင်းတူပေမယ့် ပါကစ္စတန်က မြန်မာပြည်ထက်စာရင် ပိုလွတ်လပ်
သေးတယ်လို့ ဆိုရပါမယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ အပြောအရကိုက သူတို့ဆီမှာ သီးခြားလွတ်လပ်တဲ့ ပုဂ္ဂလိက ရုပ်မြင်သံကြားလိုင်းပေါင်း ၅၀ ကျော်ရှိတယ်ဆိုတော့ ပုဂ္ဂလိကရုပ်မြင်သံကြားလိုင်း တခုမှမရှိတဲ့ မြန်မာပြည်ထက်စာရင် လွတ်လပ်သေး
တယ်လို့ပြောတာ မျှတမှာပါ။
သို့သော် သတင်းမီဒီယာလွတ်လပ်ခွင့်ရရှိရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ Freedom
House၊ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) နဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) စတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ အစီရင်
ခံစာတွေ၊ ထုတ်ပြန်ချက်တွေမှာတော့ မြန်မာနိုင်ငံရော၊ ပါကစ္စတန်ရောကို သတင်း လွတ်လပ်ခွင့်မရှိတဲ့၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ သတင်းမီဒီယာသမားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံတွေအဖြစ် အစဉ်တစိုက် ဖော်ပြကြပါတယ်။
မြန်မာသတင်းမီဒီယာသမားတွေကို လွတ်လပ်မှုမရှိတာခြင်းတူတဲ့ နိုင်ငံတခုက မီဒီယာ သင်တန်းပေးမယ်ဆိုတော့ ဘာများ လေ့လာသင်ယူနိုင်ပါမလဲ၊ ဒီအမေးကို မြန်မာ့
သတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကဖြေရာမှာ သတင်းလွတ်လပ်ခွင့်အဆင့်နဲ့ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပါကစ္စတန်ဟာ လွတ်လပ်မှုမရှိတာခြင်း တူတယ် လို့ပြောနိုင်ပေမယ့် ပါကစ္စတန်က မြန်မာထက် ထူးခြားမှုရှိပါတယ်တဲ့။
“ပါကစ္စတန်မှာက ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကို ပုဂ္ဂလိကပိုင် လုပ်ခွင့်ပေးထားတာ
မျိုး ရှိပါတယ်။ သတင်းစာနဲ့ပတ်သက်ရင်လည်း ပါကစ္စတန်နိုင်ငံက ပုဂ္ဂလိကသတင်း
စာတွေဟာ မြန်မာနိုင်ငံက သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ လုပ်ပိုင်ခွင့်ရှိတာထက်
အများကြီး ပိုလုပ်ပိုင်ခွင့်ရှိတယ်။ သူတို့လည်း သတင်းထောက်ကောင်းတွေ တော်တော် များများရှိတယ်။ နိုင်ငံတကာ သတင်းမီဒီယာညီလာခံတွေမှာ ပါကစ္စတန်သတင်း
ထောက်တွေနဲ့ တွေ့ရတဲ့အခါမှာ သူတို့ဆီမှာလည်း မြန်မာနိုင်ငံမှာလိုပဲ အင်မတန်
အတွေ့အကြုံရှိတဲ့၊ အင်မတန်ကောင်းတဲ့ သတင်းထောက်တွေရှိတယ်။
“မြန်မာနိုင်ငံကလွှတ်မယ့် သတင်းစာကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်က သတင်းစာ သမားကောင်းကောင်းတွေ၊ မီဒီယာသမားကောင်းကောင်းတွေနဲ့ ပေးတွေ့မယ်၊ သူတို့နဲ့
အတူတူ တစားပွဲတည်းထိုင်ပြီး ဆွေးနွေးခွင့်ရမယ်ဆိုရင်တော့ ကျနော်တို့မီဒီယာသမား
တွေအနေနဲ့ နစ်နာဖို့မရှိဘူးလို့ မြင်ပါတယ်”
ပါကစ္စတန်ဟာ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးထားတာရှိသလိုပဲ ထိန်းချုပ် ကိုင်တွယ်ရာမှာလည်း ပါးပါးနပ်နပ်လုပ်ရတဲ့ အတွေ့အကြုံတွေရှိမှာပါပဲ။ ဒီတော့ မြန်မာ သတင်းသမားတွေဟာ ပါကစ္စတန်ရဲ့ မီဒီယာလွတ်လပ်ခွင့်အပိုင်း၊ လွတ်လပ်တဲ့ သတင်း
မီဒီယာတွေ၊ သတင်းသမားတွေအနေနဲ့ ဘယ်လိုလုပ်ဆောင်ရတယ်ဆိုတဲ့အပိုင်းတွေ
ကို သင်ယူခွင့်ရကြ၊ သင်ယူကြမှာလား၊ သတင်းမီဒီယာတွေပေါ် ပါးပါးနပ်နပ် ထိန်းချုပ် ကိုင်တွယ်ပုံတွေကို လေ့လာသင်ယူကြမှာလားဆိုတာက စိတ်ဝင်စားစရာပါ။
“သူတို့က အားသာတာက မီဒီယာကိုထိန်းချုပ်တဲ့နေရာမှာ မြန်မာစစ်အစိုးရလိုမျိုး
တရားလွန် နှိပ်စက်ပြီးထားတာမျိုးမဟုတ်ဘူး။ သွားလေ့လာမယ့်အဖွဲ့အနေနဲ့က ဘယ်သူတွေနဲ့တွေ့မယ်၊ ဘယ်သူတွေနဲ့ စကားပြောမယ်၊ စစ်တပ်ကပဲစီစဉ်ပြီး စစ်တပ်
ကပဲ ပေးတွေ့မယ့်လူတွေနဲ့ တွေ့ခဲ့တယ်ဆိုရင်တော့ သူတို့အနေနဲ့ သွားရကျိုးနပ်မယ်လို့ ကျနော်မထင်ဘူး။ အဲဒီလိုမဟုတ်ဘဲ သတင်းလွတ်လပ်ခွင့်အတွက် အမှန်တကယ်လုပ်
နေတဲ့၊ တကယ့်သတင်းထောက်တွေနဲ့သာ တွေ့ခွင့်ရမယ်ဆိုရင်တော့ သတင်းထောက်
ပညာ ရခဲ့မယ်လို့ ကျနော်ထင်တယ်။
“တဖက်မှာလည်း ကျနော်တို့ပြန်ပြီး သတိထားဖို့က မြန်မာနိုင်ငံက သတင်းသမားတွေ
ကို လွှတ်တယ်ဆိုတဲ့နေရာမှာလည်း ဘယ်လိုသတင်းသမားတွေလဲ၊ စစ်အစိုးရဘက်ကို
ပဲ အမြဲတမ်း ဘက်လိုက်ပြီးရေးနေတဲ့ သတင်းသမားတွေလား၊ ပြန်ကြားရေးဝန်ကြီး
ဌာနက လက်သပ်ပြီးမွေးထားတဲ့ သတင်းသမားတွေလား၊ ဒါမှမဟုတ် လွတ်လပ်တဲ့ သတင်းသမားတွေရော ပါမှာလား၊ အဲဒါတွေအကုန်လုံးအပေါ်မှာ မူတည်တယ်လို့
ကျနော်မြင်ပါတယ်”
မြန်မာသတင်းသမားတွေအနေနဲ့ ပါကစ္စတန်အစား အိန္ဒိယမှာသာ လေ့လာသင်ယူခွင့်
ရမယ်ဆိုရင် ပိုကောင်းမယ်လို့ ဆိုပါတယ်။
“တချက်နှိုင်းပြီးပြောလို့ရတာက အိန္ဒိယနဲ့ ပါကစ္စတန်အဆင့်ပေါ့။ အိန္ဒိယက ညွှန်းတမ်း
ကို ပြန်ကြည့်မယ်ဆိုရင် အဆင့် ၁၂၀ မှာရှိတယ်။ ပါကစ္စတန်က ၁၅၂ မှာရှိတယ်။
မြန်မာနိုင်ငံက ၁၆၇ မှာရှိတယ်။ အဲဒီလိုအနေအထားနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့
အိန္ဒိယနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အနေအထားက မြန်မာနိုင်ငံထက် အများကြီးပိုသာ
တယ်။ သူတို့က ညွန်းတမ်းမှာ ဘာကြောင့် အောက်ကျသွားလဲဆိုတော့ ကက်ရှ်မီးမှာ တချို့သတင်းသမားတွေကို အိန္ဒိယစစ်တပ်က နှိပ်ကွပ်တာမျိုးတွေရှိတယ်။ ဒါတွေ
ကြောင့်သာ သတင်းလွတ်လပ်ခွင့် ညွှန်းတမ်းအဆင့်က ကျသွားတာ။
“သို့သော်လည်း သတင်းမီဒီယာလောကကိုကြည့်မယ်ဆိုရင် အိန္ဒိယရဲ့ သတင်းမီဒီယာ
ဟာ ပါကစ္စတန်ထက်လည်းသာတယ်၊ မြန်မာနိုင်ငံထက်လည်းသာတယ်။ ဆိုတော့
လွှတ်ချင်းလွှတ် အိန္ဒိယကိုလွှတ်တာက ပိုအကျိုးရှိမယ်ဆိုတာကတော့ ထင်ရှားပါတယ်”
မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောသွားတာပါ။
မြန်မာနိုင်ငံလို ဘက်ပေါင်းစုံမှာနိမ့်ကျနေတဲ့၊ ဘယ်နေရာမှာမှ လွတ်လပ်မှုမရှိတဲ့ နိုင်ငံ
တခုက သတင်းမီဒီယာသမားတွေအနေနဲ့ နိုင်ငံပြင်ပထွက်ပြီး လေ့လာသင်ယူခွင့်ရ
တယ်ဆိုတာ အခွင့်အရေးကောင်းတခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာသင်ယူရာ
ကနေ ရလာမယ့် အသိပညာတွေကို အုပ်ချုပ်သူတွေအတွက် သက်သက်မဟုတ်ဘဲ
နိုင်ငံသူ နိုင်ငံသားတွေအတွက် အကျိုးရှိအောင် အသုံးပြုနိုင်မယ်ဆိုရင်ဖြင့် လေ့လာ သင်ယူရကျိုးနပ်တယ်လို့ ဆိုရမှာပါ။