သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင် တော်လှန်ရေး သံဃာတပါး ရဲဘက်စခန်းက ထွက်ပြေးလွတ်မြောက်


ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ဖမ်းဆီးခံရပြီး ရဲဘက် အလုပ်ကြမ်း စခန်းကို ပို့ဆောင်ခံရတဲ့ သံဃာတော် တပါးဟာ အကျဉ်းစခန်းကနေ အိန္ဒိယနိုင်ငံကို ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။ ဖမ်းဆီးခံရစဉ်မှာ
အာဏာပိုင်တွေဖက်က ဘယ်လို ပြုမှုခဲ့ပါသလဲ။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်ကနေ ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးပြီး အလုပ်ကြမ်းစခန်းကို ပို့ဆောင်ခံရတဲ့ သံဃာတော်ကတော့ မန္တလေးမြို့ပြည်ကြီးတံခွန်ရပ် ရန်ကုန်ကျောင်းတိုက်က အရှင် ပညာသီရိဖြစ်ပါတယ်။ အရှင်ပညာသီရိဟာ စစ်အစိုးရက သံဃာလှုပ်ရှားမှုကို ပစ်ခတ်နှိပ်နင်းပြီးတဲ့နောက် ၂၀၀၇ခုနှစ် အောက်တိုဘာလအတွင်း မုံရွာမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရစဉ်မှာ အာဏာပိုင်တွေက ညှင်းပမ်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့ အရှင်ပညာသီရိက အခုလို မိန့်ကြားပါတယ်။

“ဖမ်းပြီးပြီးချင်း ဦးဇင်းကို ဘယ်လို နှိပ်စက်လဲဆိုတော့ ထိုင်ထလုပ်ခိုင်းတယ်။ ထိုင်ထလုပ်ခိုင်းပြီးတော့ မေးခွန်းတခါ မေးတိုင်း လက်သီးနဲ့ထိုးတယ်။ ဦးဇင်းကိုလည်း လက်ထိပ်ခတ်ထားတယ်။ ခြေထောက်တွေကိုလည်း စစ်ဖိနပ်နဲ့ နင်းတယ်။ ခြေဖျားတွေ ခြေဖျားတွေကို တက်ကျိတ်တာပေါ့ ။ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှာ စရဖရယ်၊ အက်စ်ဘီရယ်၊ ရဲရယ်
သုံးပွင့်ဆိုင်ပြီးမှ ဦးဇင်းကို စစ်ဆေးတာ။ အဆိုးဆုံးကတော့ စရဖပေါ့နော်။ စရဖက ဦးဇင်းကို မေးခွန်းတခါ မေးတိုင်း မေးတိုင်း နရင်းရိုက်ရိုက်ပြီးမှ မေးတယ်။ ဦးဇင်းကို မေးလို့ မရတဲ့အခါကျ အဖြေမှန်ပေါ်အောင်စစ်မယ်ဆိုပြီးတော့မှ ဦးဇင်းကို စစ်ဖိနပ်နဲ့ ရင်ဝကန်တယ်။ ဖိနပ်နဲ့ မျက်နှာကို ပေါက်တယ်။ ညှင်းပန်းနှိပ်စက်တာကတော့ မျိုးစုံပဲ ဒကာကြီး။

ဒီလို စစ်ဆေးမေးမြန်တာဟာ ၆ရက်လောက်ကြာမြင့်ခဲ့ပြီး ၄၅မိနစ်တခါလောက် လာရောက်စစ်ဆေးတာဖြစ်တယ်။ စစ်ဆေးစဉ်မှာ အဲန်အယ်ဒီပါတီ၊ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့တွေနဲ့ ဆက်စပ်တာရှိ မရှိမေးမြန်းတယ်လို့ ဆိုပါတယ်။

စစ်ဆေးပြီးတဲ့နောက်မှာ တရားမဝင်နိုင်ငံခြားငွေကြေးလက်ဝယ်ထားရှိမှုနဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပါတယ်။ နိုင်ငံခြားငွေကတော့ တရုတ်ငွေ ၄ယွမ်၊ အမေရိကန် ၂ဒေါ်လာနဲ့ ယူရိုငွေ ၁၂၀ဖြစ်ပြီး ဘယ်လို ရရှိတယ်ဆိုတာကို အခုလို
ဆက်မိန့်ကြားပါတယ်။

အဲဒီငွေက မန်းတလေး ဦးဇင်းရဲ့ ကျောင်းမှာ ဦးဇင်းက ပညာဒါနသင်တန်းရှိတယ်လေ။ နွေရာသီမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်တယ်။ ဖွင့်တဲ့အခါကျတော့ နိုင်ငံခြားသားတွေ အဝင်အထွက်ရှိတယ်။
တရုတ်ငွေ ၄ကျပ်နဲ့ အမေရိကန် ၂ဒေါ်လာက တရုတ်ကျောင်းဆရာမက လှုသွားတယ်။ ယူရိုငွေ ၁၂၀က သြစတြေးလျက ခရစ်ယန်ဘုန်းကြီးကနေပြီး ပညာသင်စရိတ်ဆို လှူသွားတာ ဒကာကြီး။

အရှင်ပညာသီရိဟာ မုံရွာထောင်မှာ ၇လလောက်ကျခံပြီး ကလေးထောင်ကနေတဆင့် ချင်းပြည်နယ် လင်တန် ရဲဘက် အလုပ်ကြမ်းစခန်းကို ပို့ဆောင်ခံရတာဖြစ်ပါတယ်။

အလုပ်ကြမ်းစခန်းမှာတော့ အလုပ်မျိုးစုံလုပ်ရတယ်။ အဓိက လုပ်ရတာကတော့ လမ်းပြင်တာရယ်။ လမ်းဘေး ရေမြောင်း တူးတာရယ်။ ကျောက်ထုတာရယ်ပေါ့။ နောက်မျောတုံးကြီးတွေ ခုတ်ရတယ်။ မျောတုံးကြီးတွေ ခုတ်ရတာကတော့
မီးသွေးဖုတ်တာတွေပေါ့နော်။ အဲဒါတွေ လုပ်ရတာပေါ့။ တချို့ဟာတွေက ဝန်ထမ်းအရာရှိတွေကနေပြီးတော့မှ အလုပ်ကို စပ်ထားတာလေ ကြိုတင်ပြီးတော့မှ ။ တချို့တွေကျတော့ တပ်စိတ်မှုးတပ်ခွဲမှုးကနေ ဘယ်နားမှာ ဘာအလုပ်ရှိတယ်
ဘယ်နားမှာ ကူလီထမ်းရမယ်ပေါ့။ အဲဒါမျိုးတွေပေါ့။

အလုပ်လုပ်ကိုင်စဉ်မှာ သံခြေကျင်းတွေ အလုပ်လုပ်ရတယ်။ ထောင်အတွင်းမှာ ပုံစံထမင်းပဲ စားရပြီး ကျန်းမာရေး စောင့်ရှောက်မှု မရှိတာကြောင့် တချို့အကျဉ်းသားတွေ သေဆုံးရတယ်လို့ မိန့်ကြားပါတယ်။

အရှင်ပညာသီရိဟာ အခုလ ၁၅ရက်နေ့က ရဲဘက် အလုပ်ကြမ်းစခန်းကနေ အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေး လာခဲ့တာ ဖြစ်ပါတယ်။ ၂ရက် ၂ည ထမင်းမစားရပဲတောင်ပေါ်လမ်းတွေကို ဖြတ်သန်းပြီး အိနိယနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။

အရှင်ပညာသီရိဟာ ဖမ်းဆီးခံရစဉ်မှာ အာဏာပိုင်တွေက အမျိုးမျိုးဖြောင့်ဖျ ခြိမ်းခြောက်ပြီး ရဟန်းသိတ်ခါချခဲ့ပေမယ့် သိတ်ခါချမခံခဲ့ပဲ ဒီရက်ပိုင်းအတွင်းမှာ ရဟန်းပြန်ခံမယ်လို့ မိန့်ကြားပါတယ်။

ရွှေဝါရောင် သံဃာလှုပ်ရှားမှုဟာ ၂၀၀၇ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလမှာ ဓါတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်း မြင့်တက် လာတာကြောင့် သံဃာတော်များက ပြည်သူများအတွက် မေတာပို့ ဆုတောင်းရာက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒီသံဃာလှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိပ်နင်းခဲ့တာဟာ လွန်ခဲ့တဲလက တနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG