သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးကယ်တင်ရေး အစီအစဉ် အထက်လွှတ်တော် အတည်ပြု


ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အမေရိကန် ငွေကြေးရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီကြီးတွေရဲ့ ကြွေးဆုံးတွေကို အစိုးရက ဝယ်ယူကယ်တင်နိုင်မယ့် ဥပဒေမူကြမ်းကို
ပြန်လည်မွမ်းမံပြီးတဲ့နောက် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ပထမ
အဆင့် အောင်မြင်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေမူကြမ်း သောကြာနေ့
အောက်လွှတ်တော်ကိုရောက်တဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဗွီအိုအေ
သတင်းထောက် ကန့်တ် ကလိုင်း (Kent Klein) က သတင်းပေးပို့ထားတာကို
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြန်လည်မွမ်းမံ ဖြည့်စွက်ထားတဲ့ ဒီ ကယ်တင်ရေး ဥပဒေမူကြမ်းကို အထက်လွှတ်တော်
က ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၅ မဲနဲ့ တခဲနက် ထောက်ခံပြီး ဒေသစံတော်ချိန်
ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။ အခု အဲဒီဥပဒေမူကြမ်းကို ပြီးခဲ့တဲ့သီတင်းပတ်
ထဲမှာ ပယ်ချခဲ့တဲ့ အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်နိုင်ဖို့ ဒုတိယအကြိမ် ပြန်ပို့ရမှာပါ။

သမ္မတဘုရှ်အစိုးရက အခုအဆိုပြုထားတဲ့ အငြင်းပွားစရာ အစီအစဉ်အရ ဘဏ္ဍာရေး
ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အမေရိကန် ငွေကြေးကုမ္ပဏီတွေရဲ့ ကြွေးဆုံးတွေကို
အစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ သုံးပြီး ဝယ်ယူမယ့် ကယ်တင်ရေး အစီ
အစဉ်ပါ။

ဒီဥပဒေမူကြမ်းကို အခုလို ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက်
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ကန့်ကွက်မဲပေးခဲ့ကြတဲ့ အောက်လွှတ်တော်အမတ်တွေထဲ
က ထောက်ခံမဲပေးတဲ့ အရေအတွက် ပိုများလာမလားဆိုပြီး သမ္မတဘုရှ် အစိုးရအဖွဲ့
အတွင်း မျှော်လင့်ချက်ရောင်ခြည် သန်းလာပါတယ်။

အသေးစား စီးပွားရေးလုပ်ငန်းတွေနဲ့ အလယ်အလတ် ဝင်ငွေရှိတဲ့ မိသားစုဝင်တွေ
အတွက် ဒေါ်လာဘီလီယံ ၁၀၀ နဲ့ညီမျှမယ့် အခွန်သက်သာခွင့် အပါအဝင် ဘဏ်မှာ
သိမ်းထားတဲ့ ပုဂ္ဂလိက စုငွေတွေကို အစိုးရက အာမခံပေးတဲ့ ပမာဏ တိုးမြှင့်ပေးလိုက်
တာတွေရယ်ကြောင့် အောက်လွှတ်တော်အမတ်တွေ အကြားမှာလည်း ဒီဥပဒေမူကြမ်း
ကို ထောက်ခံသူ တဖြည်းဖြည်း များလာနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အခုအဆိုပြုထားတဲ့ ကယ်ဆယ်ရေး ဥပဒေမူကြမ်းကို အခွန်ထမ်း အမေရိကန် ပြည်သူ
အများစုက မကြိုက်ကြပါဘူး။ စာတိုက်ကတဆင့်၊ အီးမေးလ်နဲ့တဖုံ၊ တယ်လီဖုန်းနဲ့တမျိုး
ဒီကယ်ဆယ်ရေး ဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း သက်ဆိုင်ရာ လွှတ်တော်အမတ်
တွေထံကို မဲဆန္ဒရှင်အများစုက ကန့်ကွက်နေကြတာပါ။ အောက်လွှတ်တော်တခုလုံးနဲ့
အထက်လွှတ်တော် သုံးပုံတပုံရဲ့ ရွေးကောက်ပွဲကလည်း တလလောက်ပဲ လိုတော့တာမို့
လွှတ်တော်အမတ်တွေက ဒီကိစ္စကို ထောက်ခံဖို့ ဝန်လေးနေကြတာ ဖြစ်ပါတယ်။

ဒီ ကယ်ဆယ်ရေး ဥပဒေမူကြမ်းကို ထောက်ခံမဲပေးခဲ့တဲ့ တောင်ကာရိုလိုင်းနားပြည်နယ်
ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ် (Lindsey Graham)
ဆိုရင်လည်း သူ့အနေနဲ့ ထောက်ခံမဲ မပေးချင် ပေးချင်နဲ့ ပေးလိုက်ရတာလို့ ပြောပါ
တယ်။

"ကျနော်သိသလောက်တော့ ကျနော်တို့မှာ ရွေးချယ်စရာနည်းလမ်း ၂ ခုရှိတယ်၊
အများသိထားတဲ့ မှားယွင်းမယ့် ရွေးချယ်မှုကတော့ ကျနော်တို့ ဘာမှမလုပ်ပဲ နေတာ
ပါပဲ။"

ဒီဥပဒေမူကြမ်းကို ထောက်ခံမဲမပေးရင် စီးပွားရေးကပ်ကြီး ဆိုက်ကပ်နိုင်တယ်လို့
မနေ့ညက ထောက်ခံမဲပေးခဲ့ကြတဲ့ အထက်လွှတ်တော်အမတ်တွေက သတိပေးစကား
ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲဝင်ကြမယ့် သမ္မတလောင်း ၂ ယောက်စလုံးကလည်း သူတို့ရဲ့ မဲဆွယ်
စည်းရုံးမှုတွေကို ခဏရပ်ထားပြီး အထက်လွှတ်တော်မှာ ဒီကယ်ဆယ်ရေး ဥပဒေ
မူကြမ်းကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒီဥပေဒမူကြမ်းကို နောက်တချီ ကန့်ကွက်မဲ
ပေးကြရင် အမေရိကန် တနိုင်ငံလုံးကို ထိခိုက်နိုင်တယ်လို့ ဒီမိုကရက်တစ်ပါတီ သမ္မတ
လောင်း ဘရက်ခ် အိုဘားမား (Barak Obama) က သူမဲမပေးခင် အထက်လွှတ်တော်
ကို ပြောကြားခဲ့ပါတယ်။

"ဒါက ဘာကိုဆိုလိုသလဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သူတို့လုပ်ငန်း
အသစ်တွေ စတင်နိုင်ဖို့ ငွေချေးလို့ရမှာ မဟုတ်သလို အလုပ်သမားတွေကိုလည်း
လုပ်အားခပေးဖို့ ခက်ခဲကုန်လိမ့်မယ်။ သောကြာနေ့မှာ လုပ်အားခမပေးနိုင်ဘူးဆိုရင်
တော့ တနင်္လာနေ့မှာ အလုပ်သမားတွေကို အလုပ်ဖြုတ်ပြစ်ရလိမ့်မယ်။ အဲဒီလို အလုပ်
သမားတွေ တနင်္လာနေ့မှာ အလုပ်ဖြုတ်ခံကြရရင် သူတို့အနေနဲ့ အိမ်လခတွေ၊ သူတို့ရဲ့
အကြွေးတွေကို ပေးနိုင်ကြတော့မှာ မဟုတ်ဘူး။ အဲဒီလိုနဲ့ ဆင့်ကဲဆင့်ကဲတွေဖြစ်ပြီး
မီးခိုးကြွက်လျှောက် စီးပွားရေးစနစ်ကြီး တခုလုံးကို ထိခိုက်ကုန်လိမ့်မယ်။"

တကယ်လို့ ပြန်လည်မွမ်းမံထားတဲ့ ဒီ ကယ်ဆယ်ရေး ဥပဒေမူကြမ်းကို ပယ်ချလိုက်ကြ
ရင် ကြီးမားတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ရီပတ်ဘလီကန်ပါတီ သမ္မတ
လောင်း အရီဇိုးနားပြည်နယ်က အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John
McCain) က ပြောပါတယ်။

"အောက်လွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို ထောက်ခံမှုမရခဲ့ရင် လတ်တလော စီးပွား
ရေးပြဿနာက ဧရာမ အခက်အခဲ၊ အကျပ်အတည်းကြီး ဖြစ်သွားလိမ့်မယ်။"

တနင်္လာနေ့တုန်းက ဒီဥပဒေမူကြမ်းကို အောက်လွှတ်တော်က ပယ်ချလိုက်ပြီးတဲ့နောက်
အမေရိကန် ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာဈေး Dow Jones ဟာ ၇၈၀ ပွိုင့် ဆုံးရှုံးခဲ့တာ
ကြောင့် အဲဒါဟာ တရက်တာအတွင်း အများဆုံးဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂါ
နေ့မှာတော့ အဲဒီ ဆုံးရှုံးမှုတွေထဲက ထက်ဝက်ကို ပြန်ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG