အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲတွေ မနေ့က
ဒုတိယအကြိမ် ဆက်လက် ပြုလုပ်ရာမှာ စီးပွားရေး ပြဿနာ၊ ရာသီဥတု ဖောက်ပြန်မှုနဲ့
နိုင်ငံခြားရေးရာ မူဝါဒတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ပြောဆိုကြရာမှာ
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဂျွန် မက်ကိန်း နဲ့ ဒီမိုကရက် သမ္မတလောင်း ဘားရက် အိုဘားမား
တို့အကြား အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း က လက်ရှိ
ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ဆိုက်နေတာတွေဟာ အစိုးရနဲ့ Wall Street လူတွေရဲ့ ဝိသမလောဘ
လို့ ခေါ်ဝေါ် သုံးနှုန်းပြီး အပြစ်တင်ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံသားတွေ
အိမ်တွေ လက်လွတ် မဆုံးရှုံးစေရဖို့ တင်နေတဲ့ အကြွးတွေကို အစိုးရက ကြားဝင်ညှိပေးဖို့
အပါအဝင် ဒါတွေကို ပြင်ဆင်ဖို့ သူ့မှာ အစီအစဉ်တွေ ရှိနေပါတယ် ဆိုပြီးတော့လည်း
ဆိုပါတယ်။
အထက်လွှတ်တော်အမတ် ဘားရက် အိုဘားမား ကတော့ ဒီ ဘဏ္ဍာရေး ပြဿနာတွေဟာ
အထက်လွှတ်တော် အမတ် မက်ကိန်း ထောက်ခံခဲ့တဲ့ သမ္မတ ဂျော့ဂျ် ဘုရှ် ရဲ့
စီးပွားရေးဆိုင်ရာ မူဝါဒတွေ အောင်မြင်မှု မရှိဘူး ဆိုတာနဲ့ ပတ်သက်လို့ နောက်ဆုံး
စီရင်ချက် ဖြစ်တယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။ နားထောင်သူ ပရိတ်သတ်တွေလည်း
မေးခွန်းတွေ ဝင်မေးနိုင်တဲ့ စကားစစ်ထိုးပွဲတွေအတွင်း အီရတ်နိုင်ငံဆိုင်ရာ အစီအစဉ်တွေနဲ့
ပတ်သက်လို့လည်း အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အိုဘားမား က အမေရိကန်တပ်တွေဟာ
အီရတ်နိုင်ငံထဲက တာဝန်ကျေကျေ ပြန်လည် ထွက်ခွာပြီးတော့ အာဖဂန်နိုင်ငံကို
ပိုပြီးစေလွှတ်ရမယ်လို့ ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း မက်ကိန်း ကတော့ တပ်တွေ
ဆုတ်ခွာမယ့် ရက်သတ်မှတ်ဖို့ အိုဘားမား ရဲ့ အစီအစဉ်ဟာ အီရတ်မှာရှိတဲ့ အမေရိကန်
တပ်တွေ ရှုံးနိမ့်မယ့်ဖက်ကို ဦးတည်စေလိမ့်မယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။