အမေရိကန်သမ္မတလောင်း ဘားရက် (Barak Obama) နဲ့ (John McCain) တို့ဟာ လာမယ့် နိုဝင်ဘာ ၄ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ အတွင်း အရေးပါတဲ့ ပြည်နယ်တွေကို ဦးစားပေး မဲဆွယ် စည်းရုံးနေကြပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး အခြေနေတွေကို ဗွီအိုအေသတင်းထောက် ဂျင် မက်လုံး (Jim Malone) က ၀ါရှင်တန် ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၂ ပတ်လောက်သာ လိုတော့တဲ့အချိန်မှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘားရက် အိုဘားမား က ပြိုင်ဖက် ရီပတ်ဘလီကန်သမ္မတလောင်း ဂျွန်မက်ကိန်း အပေါ်မှာ ဖိအားဆက်ပေးနေပါတယ်။ ၁၉၆၄ ခုနှစ်တုန်းက ဒီမိုကရက်တစ်ပါတီသမ္မတလောင်း နောက်ဆုံးအကြိမ်အဖြစ် အနိုင်ရခဲ့တဲ့ Virginia ပြည်နယ်မှာ အိုဘားမား မနေ့က သောကြာနေ့မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ရဲ့ စီးပွားရေးပေါ်လစီတွေဟာ သမ္မတဘုရှ် နဲ့ ဆက်နွယ်မှုရှိတဲ့အကြောင်း အိုဘားမားက မနားမနေ တောက်လျှောက်ပြောနေခဲ့ပါတယ်။
“ဒီရွေးကောက်ပွဲမှာ ကျနော် သမ္မတဘုရှ်နဲ့ ယှဉ်ပြိုင်နေတာ မဟုတ်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ဂျွန်မက်ကိန်း ထောက်ခံထားတဲ့ သမ္မတဘုရှ်ရဲ့ ပေါ်လစီတွေနဲ့ ကျနော် ပြိုင်နေတာပါ။ ဂျွန်မက်ကိန်း က ဆက်လက် အကောင်အထည် ဖော်သွားမယ့် သမ္မတဘုရှ်ရဲ့ စီးပွားရေး ပေါ်လစီတွေကို ကျနော်တို့ နောက်ထပ် ၄ နှစ် ကျနော်တို့ ဆက် သည်းညဉ်း မခံနိုင်တော့ဘူး။”
နောက်ဆုံးကောက်ခံခဲ့တဲ့ လူထုစစ်တမ်းတွေအရလည်း Virginia ပြည်နယ်မှာ အိုဘားမားက အသာစီးရနေပါတယ်။ Missouri, North Carolina နဲ့ Colorado အပါအ၀င် မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန် သမ္မတလောင်းကို အနိုင်ပေးခဲ့ကြတဲ့ ပြည်နယ်တချို့မှာလည်း အိုဘားမားက အတော်လေး အခြေအနေ ကောင်းနေတယ်လို့ ဆိုပါတယ်။
မကြာခင်ကကောက်ခံတဲ့ နိုင်ငံလုံးဆိုင်ရာ လူထုစစ်တမ်းတွေအရလည်း အိုဘားမားက မက်ကိန်းထက် ၅ % ကနေ ၁၄ % အထိ အသာစီးရနေတယ်လို့ ဖော်ပြထားကြပါတယ်။ ဒါ့အပြင် အခုလို အန္တရာယ်များတဲ့အချိန်မှာ အိုဘားမားသာလျင် သမ္မတဖြစ်သင့်တယ် ဆိုပြီး Washington Post သတင်းစာကြီးကလည်း ထောက်ခံ ပြောဆိုလိုက်ပါတယ်။
ဒီအတော်အတွင်း ပါတီ ၂ ခုစလုံးအတွက် အရေးပါပြီး ဘယ်သူမှ သိသိသာသာ အသာစီးမရသေးတဲ့ Florida ပြည်နယ်မှာ ဂျွန်မက်ကိန်းက မနေ့က သောကြာနေ့မှာ မဲဆွယ် စည်းရုံးခဲ့ပါတယ်။ အိုဘားမားရဲ့ အခွန်စံနစ်ကို မက်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး သူလည်း သမ္မတဘုရှ် အစိုးရရဲ့ ပေါ်လစီတွေနဲ့ မတူညီနဲ့ လမ်းကြောင်းကို ရွေးချယ်သွားမယ့် အကြောင်း ပြောပါတယ်။
လူထုစစ်တမ်းတွေမှာ သူ အိုဘားမားနောက်မှာ ရှိနေတယ်ဆိုတာကို မက်ကိန်းက အသိအမှတ်ပြု ပြောဆိုလိုက်ပြီးတော့ သူ့ကို ထောက်ခံသူတွေ အနေနဲ့ နိုဝင်ဘာ ၄ ရက်နေ့ မဲပေးတဲ့အခါမှာ အားလုံး အံ့အားသင့်သွားအောင် လုပ်ပြကြဖို့ တိုက်တွန်း ပြောဆိုပါတယ်။
“ရွေးကောက်ပွဲနေ့ရောက်ဖို့ ကျနော်တို့အတွက် ၁၈ ရက်ပဲ ကျန်ပါတော့တယ်။ ကျနော်တို့က ၆ မှတ်လောက် ပြိုင်ဖက်လူထက် နဲနေတယ်။ နိုင်ငံလုံးဆိုင်ရာ သတင်းမီဒီယာတွေကလည်း ကျနော်တို့ ရှုံးလိမ့်မယ်လို့ ပြောဆိုနေကြပြီ။ အထက်လွှတ်တော် အမတ် အိုဘားမား ကလည်း လိုက်ကာ ဘယ်နှစ်ပေ ရှည်သလဲ ဆိုတာကို တိုင်းတာနေပြီ။ ဒါပေမယ့် ဒီကိစ္စမှာ ခင်ဗျားတို့ ပြည်သူလူထုက ဆုံးဖြတ်ရမယ် ဆိုတာကို သူတို့ မေ့နေကြတယ်။”
ရွေးကောက်ပွဲရက် တဖြည်းဖြည်း နီးလာတာနဲ့အမျှ သမ္မတလောင်း ၂ ယောက်ဟာ တဖက်ပါတီကို အချိန်မရွေး ပြောင်းပြီး မဲပေးနိုင်တဲ့ အရေးပါတဲ့ပြည်နယ်တွေမှာ ဦးစားပေး မဲဆွယ် စည်းရုံးနေကြပါတယ်။