သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ်နဲ့ အရွေးကောက်ခံသမ္မတ အိုဘားမား ပထမအကြိမ် တွေ့ဆုံ


အမေရိကန်သမ္မတ ဂျော့ချ် ဘုရှ် (George Bush)
နဲ့ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံရတာ လတ်လတ်ဆတ်ဆတ်လေးပဲရှိသေးတဲ့
ဘရက်ခ် အိုဘားမား (Barack Obama) ဟာ
အင်္ဂါနေ့က အိမ်ဖြူတော် သမ္မတရုံးခန်းမှာ ပထမ
ဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပြီး တိုင်းပြည်မှာ
လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို
ခေါင်းချင်းဆိုင်ပြီး တံခါးပိတ်ဆွေးနွေးခဲ့ကြပါ
တယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေ
သတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula
Wolfson) သတင်းပေးပို့ထားတာကို နော်ရှိုးက
တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၄၃ ယောက်မြောက် သမ္မတဖြစ်သူ ဂျော့ချ်ဘုရှ်က ၄၄ ယောက်
မြောက် သမ္မတဖြစ်မယ့်သူ ဘရက်ခ် အိုဘားမားကို အပြုံးနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါ
တယ်။ သူတို့ရဲ့ ဇနီးသည်တွေနဲ့အတူ သမိုင်းဝင် အိမ်ဖြူတော်ထဲက ၄ ဦးသား
သက်သက်တွေ့ဆုံဖို့ Oval ရုံးခေါ် သမ္မတရုံးခန်းထဲ လျှောက်သွားခဲ့ကြပါတယ်။ ဒါဟာ
အမေရိကန်နိုင်ငံ စတင်တည်ထောင်ကတည်းက သမ္မတအပြောင်းအလဲကာလမှာ
ငြိမ်းငြိမ်းချမ်းချမ်း၊ ဂုဏ်သရေရှိရှိနဲ့ အာဏာကို လွှဲပြောင်းယူရာမှာ လုပ်ရိုးလုပ်စဉ်
အစဉ်အလာဖြစ်ပါတယ်။

ခုလို ခက်ခဲရှည်လျားလှတဲ့ မဲဆွယ်စည်းရုံးမှုကာလ အပြီးသပ်ချိန်မှာတော့ လက်ရှိ
အိမ်ဖြူတော်က ရီပတ်ဘလီကန်သမ္မတနဲ့ ဒီမိုကရက်ပါတီက သမ္မတသစ်ဖြစ်လာမယ့်သူ
နှစ်ဦးဟာ အာဏာအလွှဲအပြောင်းအတွက် လာမယ့်အပတ်တွေအတွင်းမှာ အနီးကပ်
ဆွေးနွေးလုပ်ကိုင် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ဒါဟာ မစ္စတာအိုဘားမားအနေ
နဲ့ သမ္မတအဖြစ် တရားဝင် ပခုံးပြောင်း ထမ်းဆောင်ရတဲ့နေ့မှာပဲ တိုင်းပြည်ရဲ့ အရေး
ကြီးတဲ့ကိစ္စတွေကို ချက်ချင်း စတင်ဆောင်ရွက်နိုင်ဖို့အတွက် လမ်းခင်းတာလည်း ဖြစ်ပါ
တယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ မစ္စ ဒေနာ ပရီနို (Ms. Dana Perino) က ဒီတခါ
အမေရိကန်နိုင်ငံရဲ့ သမ္မတ အပြောင်းအလဲဟာ အင်မတန်မှ အရေးကြီးတဲ့အချိန်မှာ
ကျရောက်နေတာဖြစ်တယ်။ တိုင်းပြည်မှာ ကြီးမားတဲ့ စီးပွားရေးပြဿနာ ရင်ဆိုင်ရချိန်
ဖြစ်တဲ့အပြင် မိမိတိုင်းပြည်က တခြားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားစဉ် သမ္မတအပြောင်းအလဲ
ဖြစ်တာ နှစ် ၄၀ အတွင်း ပထမဦးဆုံးဖြစ်တယ်လို့ အခုလိုဆိုပါတယ်။

"လက်ရှိသမ္မတရော သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူရော တိုင်းပြည်ကို
ရှေ့ဆက်သွားနိုင်ဖို့ဆိုတဲ့ တသဘောထဲနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြပါ
တယ်။ သူတို့ဆီမှာ မတူညီတဲ့ မူဝါဒတွေ ရှိတာကတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့
နှစ်ဦးလုံး တိုင်းပြည်ကိုချစ်တဲ့နေရာမှာကတော့ သာတူညီမျှပါပဲ။ သူတို့ရဲ့ တိုင်းပြည်
ချစ်စိတ်ကို ရှေ့တန်းတင်ပြီး ဒီကာလမှာ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းစားရေးအတွက်
အရာအားလုံးကို တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။"

သမ္မတဖြစ်ရေးအတွက် မဲဆွယ်စည်းရုံးစဉ် ကာလတုန်းက အထက်လွှတ်တော်အမတ်
ဖြစ်သူ ဘရက်ခ် အိုဘားမားက သူ့ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း
ဂျွန်မက်ကိန်း (John McCain) ကို ဝေဖန်ပြောဆိုခဲ့သလို သမ္မတဘုရှ် အစိုးရကိုလည်း
မကြာခဏဆိုသလို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သမ္မတဘုရှ်နဲ့
ဘရက်ခ် အိုဘားမားဟာ ပြန်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံနေကြပါတယ်။ အမေရိကန်
သမ္မတ အဆက်ဆက်ကို မှတ်တမ်းတင်တဲ့ သမိုင်းသုတေသီ ဒေါက်ဂလတ်စ်
ဘရင်က်လေ (Doughlass Brinkley) က အခုလို မှတ်ချက်ချပါတယ်။

"ကျနော့်အမြင်မှာတော့ ဒီတခေါက် သမ္မတအကူးအပြောင်းဟာ ရင်းနှီးပျူငှာမှု အပြည့်
ရှိတာကြောင့် ထင်ရှားကျော်ကြားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ နောက်ထပ်အကြောင်း
ရင်းကတော့ သမိုင်းတွင်တဲ့ ဖြစ်ရပ်ကြောင့်မို့ပါပဲ။"

မစ္စတာအိုဘားမားရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆိုအရ မစ္စတာအိုဘားမားဟာ Oval
သမ္မတရုံးခန်းကို မနေ့ကမှ ပထမဆုံးအကြိမ် ရောက်ခဲ့တာလို့ ဆိုပါတယ်။ အလားတူ
မစ္စတာအိုဘားမားရဲ့ ဇနီးဖြစ်သူ မစ်ရှဲလ် အိုဘားမား (Michelle Obama) ကလည်း
အိမ်ဖြူတော်ရဲ့ အပေါ်ဆုံးထပ်ဖြစ်တဲ့ မိသားစုအခန်းကို ပထမဆုံးအကြိမ် မနေ့က
သွားရောက်ခွင့်ရခဲ့ပါတယ်။ မစ်ရှဲလ် အိုဘားမားကို လက်ရှိသမ္မတကတော် လော်ရာ
ဘုရှ်က အိမ်ဖြူတော်ထဲမှာ ဧည့်ခံလမ်းပြခဲ့ပါတယ်။ သမ္မတကတော် လော်ရာဘုရှ်ရဲ့
လုပ်ငန်းတွေကို ကူညီတာဝန်ယူရတဲ့ အကြီးအကဲဖြစ်သူ မစ္စ အနီတာ မက်ဘရိုက်
(Anita McBride) ရဲ့အဆိုအရ မစ္စတာအိုဘားမားရဲ့ မိသားစုတခုလုံးအတွက် အခုလို
ကမ္ဘာကျော်အိမ်တော်ကြီးမှာ ပြောင်းရွှေ့နေထိုင်ရမယ့်ကိစ္စဟာ ကြီးမားနဲ့ပြောင်းလဲမှု
ဖြစ်တယ်ဆိုတာကို မစ္စဘုရှ်က နားလည်သဘောပေါက်ပါတယ်လို့ ဆိုပါတယ်။

"ဒီအိမ်ဖြူတော်ကို ဘယ်နှစ်ခေါက်လာလာ သတိထားမိကြမှာကတော့ ကိုယ့်ထက်အရင်
ဟိုး သမိုင်းတလျှောက်မှာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို တွေးမိမှာမလွဲဖြစ်
လို့ သမိုင်းဝင်နေရာတခုကို ရောက်နေတာပါလားဆိုတာကို ချက်ချင်းပဲ ထူးထူးခြားခြား
ခံစားမိကြမှာပါ။ ဒါဟာ အင်မတန် ကြည်နူးနှစ်သက်စရာ ကောင်းပါတယ်။"

လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဘရက်ခ် အိုဘားမားအနေနဲ့ အမေရိကန်နိုင်ငံရဲ့
သမ္မတသစ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ မစ္စတာအိုဘားမားရဲ့
မိသားစုဟာ သမ္မတအိမ်ဖြူတော်ကို စတင်ပြောင်းရွှေ့ နေထိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG