သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်ရေး အိမ်ဖြူတော်ကြေညာ


သမ္မတဘုရှ်က ဂျော့ချ်တောင်းတက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခဖြစ်သူ မိုက်ကယ်
ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ်နဲ့
မူဝါဒ ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် သံအမတ်ကြီးအဆင့်ရာထူးကို ခန့်အပ်ဖို့ ရည်ရွယ်
လိုက်တယ်ဆိုပြီး အိမ်ဖြူတော်က မကြာခင်ကဘဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

သမ္မတဘုရှ်က သမ္မတသက်တမ်းကုန်ဆုံးခါနီးမှာ ကပ်ပြီးတော့ အခုလို ပါမောက္ခ
မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ်
အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်တာနဲ့ပတ်သက်ပြီး မြန်မာ့အရေးကို အမြဲတမ်း အနီးကပ်
စောင့်ကြည့်နေတဲ့ ဂျော့ချ်တောင်းတက္ကသိုလ် အာရှရေးရာဌာန ညွှန်ကြားရေးမှူး
ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်ကို မေးကြည့်ပါတယ်။

"နည်းနည်းတော့ ထူးဆန်းပါတယ်။ မစ္စတာဂရင်းဟာ အိမ်ဖြူတော်ရဲ့ အမေရိကန်
လုံခြုံရေးကောင်စီ အာရှရေးရာ အကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူတုန်းက
မြန်မာနိုင်ငံကို တားဆီးပိတ်ဆို့မှုတွေနဲ့ အရေးယူဖို့အတွက် သူ အားသွန်ခွန်စိုက် လုပ်ခဲ့
ပါတယ်။ သူ တာဝန်လည်းပြီးဆုံးသွားရော နိုင်ငံတကာလေ့လာရေး မဟာဗျူဟာဌာန
မှာ အလုပ်လုပ်ရင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးတဲ့အခါ ပိတ်ဆို့
တားဆီးတာတွေဟာ မအောင်မြင်တဲ့ မူဝါဒတွေဆိုပြီးတော့ ဝေဖန်ရေးသားခဲ့တဲ့သူ
ဖြစ်ပါတယ်။ ဒါကြောင့် တားဆီးပိတ်ဆို့တာတွေနဲ့ အရေးယူတာတွေကို တွန်းအားပေး
နေတဲ့ သမ္မတဘုရှ် အစိုးရအတွက် ကသိကအောက်ဖြစ်စရာပဲလို့ ယူဆတဲ့အကြောင်း"
ပါမောက္ခ ဒေးဗစ် စတိုင်းဘတ် ပြောပြသွားတာ ဖြစ်ပါတယ်။

သမ္မတဘုရှ်က ဒီလို မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သံအမတ်ကြီးအဆင့်ရှိတဲ့ အထူး
ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့ရည်ရွယ်တာဟာ ကွန်ဂရက်စ်လွှတ်တော်ရဲ့ အတည်ပြု
ချက်ရယူဖို့ လိုအပ်ပါတယ်။ ဒီလို မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်တဦး
ခန့်အပ်ဖို့ စဉ်းစားခဲ့တာ အတော်ကြာခဲ့ပြီလို့လည်း ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်က
ပြောပြပါတယ်။

"သမ္မတကတော် လော်ရာဘုရှ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး သိပ်ကို စိတ်ဝင်စားနေ
တာကြောင့် အိမ်ဖြူတော်က အခုလို ဦးစီးဦးဆောင်ပြုတာ ဖြစ်ရမယ်။ သမ္မတကတော်
လော်ရာဘုရှ်က လူသိရှင်ကြား မြန်မာ့အရေးအတွက် တခုခုဖိအားပေးဖို့ အမြဲတမ်း
အစဉ်တစိုက် တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ကျနော်ကတော့ Sanction တွေ၊
တားဆီးပိတ်ဆို့မှုတွေ အလုပ်မဖြစ်ဘူးလို့ ပြောခဲ့တာ ၁၉၉၀ ပြည့်နှစ်တွေတုန်းကပါပဲ"
လို့ သူက ပြောပြသွားပါတယ်။

သမ္မတဘုရှ်ဟာ ဇန်နဝါရီလမှာ ရာထူးတာဝန် ပြီးဆုံးတော့မှာမို့ အရွေးကောက်ခံသမ္မတ
အိုဘားမား အစိုးရအနေနဲ့ မစ္စတာ မိုက်ကယ် ဂျေဂရင်းကို မြန်မာ့အရေး တာဝန်
ပေးအပ်မှာနဲ့ပတ်သက်ပြီး ဘယ်လိုဆက်ပြီး ကိုင်တွယ်သွားနိုင်ပါသလဲလို့ ဒေးဗစ်
စတိုင်းဘတ်ကို မေးကြည့်တော့ …

"အိုဘားမားရဲ့ အာရှရေးရာနဲ့ပတ်သက်တဲ့ ရပ်တည်ချက် တော်တော်များများကို သူ
အမြဲကန့်ကွက်ခဲ့တာပါ။ အကူးအပြောင်း ကြားကာလ ဒီလိုအချိန်ကျမှ သမ္မတဘုရှ်
အစိုးရက သူ့ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မှာနဲ့ပတ်သက်
ပြီး တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်" လို့ ပါမောက္ခ ဒေးဗစ် စတိုင်း
ဘတ်က သုံးသပ်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ
ကိုအောင်ဒင်ကတော့ သမ္မတဘုရှ်က မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ
သံအမတ်ကြီးအဆင့် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ရတဲ့ အကြောင်း
ရင်းကို အခုလိုရှင်းပြပါတယ်။

"မနှစ်ကတင်သွင်းပြီး ဒီနှစ်မှ ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ Tom Lantos Block Burma Jade
Act ဆိုတာရှိတယ်။ အဲဒါ ကွယ်လွန်သွားတဲ့ ကွန်ဂရက်စ်အမတ် တွမ်လန်းတို့စ်
ဦးဆောင်ပြီး တင်သွင်းခဲ့တာ။ အဲဒီဥပဒေအရ မြန်မာပြည်ကတင်သွင်းတဲ့ ကျောက်စိမ်း
တွေကို အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီး
သော်လည်းကောင်း တင်ပို့ခွင့်ကို ပိတ်ပင်ဟန့်တားတယ်။ အဲဒါကိုတော့ အမိန့်အာဏာ
ထုတ်ပြန်ပြီးသွားပြီ။

"နောက်တချက်က မြန်မာပြည်နဲ့ပတ်သက်ပြီး စစ်အစိုးရအပေါ်မှာ ချမှတ်ထားတဲ့
စီးပွားရေးပိတ်ဆို့မှုတွေကို Coordinate လုပ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူး
ညှိနှိုင်းဆောင်ရွက်ရေးမှူးတယောက် ခန့်အပ်ဖို့ဆိုတဲ့ အချက်ပါတယ်။ အခုတော့ သမ္မတ
ဘုရှ်က သူ့သက်တမ်းမကုန်ခင် နိုဝင်ဘာလထဲမှာလည်း ကွန်ဂရက်စ်က အရေးပေါ်
Section တခုခေါ်ဖို့လည်းရှိတော့ အဲဒီ Section အမီ မိုက်ဂရင်းကို ဒီနေ့ သမ္မတဘုရှ်က
အမည်စာရင်း တင်သွင်းလိုက်တာပါပဲ။"

သမ္မတဘုရှ်က မိုက်ကယ် ဂျေဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဆင့် အထူး
ကိုယ်စားလှယ်ခန့်အပ်ဖို့ ရည်ရွယ်တာနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု မြန်မာ့
အရေးလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်ဒင် ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG