သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း


ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကြောင့် နောက်ဆယ်ရက်
ကြာရင် ချင်းမိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်
များရဲ့ ထိပ်သီးညီလာခံကိုလည်း ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ အိမ်ရှင် ထိုင်းနိုင်ငံက
ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ကိတ် ပေါင်
ဒေါ်ဆင် (Kate Pound Dawson) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို
ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

နှစ်ပတ်လည် အာဆီယံ ထိပ်သီးညီလာခံကို နောက်နှစ် မတ်လမှာကျင်းပဖို့ ရက်
ရွှေ့ဆိုင်းလိုက်တာပါ။ ကနဦးကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ပဏာမစည်းဝေးပွဲ
တွေကို စတင်ပြီး အစိုးရခေါင်းဆောင်တွေကတော့ ၁၅ ရက်နေ့မှာ ဆွေးနွေးပွဲစတင်ဖို့
ရှိပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေဖြစ်တဲ့ ဝန်ကြီးချုပ် ဆွန်ချိုင်း
ဝေါင်ဆာဝတ် (Somchai Wongsawat) နဲ့ သူ့ရဲ့ ပီပီပီ ပြည်သူ့အင်အားပါတီအနေနဲ့
ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံတော်တရားရုံးချုပ်က ဒီနေ့ပဲ
ဆုံးဖြတ်လိုက်တဲ့အတွက်လည်း ဝန်ကြီးချုပ်က ရာထူးကနေ နုတ်ထွက်ပေးဖို့ရှိပြီး
ဝန်ကြီးချုပ်သစ်ကို လွှတ်တော်အမတ်တွေက မရွေးချယ်နိုင်သေးတဲ့ ကာလအတွင်းမှာ
တော့ ယာယီအစိုးရက တာဝန်ယူအုပ်ချုပ်သွားဖို့ ရှိပါတယ်။

သီတင်နန် ဖွန်ဆို ဟိရပ်ကတော့ ဘန်ကောက် ချူလာလောင်ကွန်းတက္ကသိုလ်မှာ နိုင်ငံ
တကာဆက်ဆံရေးဌာနရဲ့ ပါမောက္ခတဦး ဖြစ်ပါတယ်။ သူကတော့ အခုလို အာဆီယံ
ထိပ်သီးညီလာခံ ကျင်းပမယ့်ရက် ရွှေ့ဆိုင်းလိုက်တဲ့အတွက် ပထမဆုံးထွက်ပေါ်လာမယ့်
အာဆီယံ ပဋိညာဉ်စာတမ်းကြီး အတည်ပြုရေးမှာ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို
နှောင့်နှေးစေနိုင်တယ်လို့ ပြောပါတယ်။ ပဋိညာဉ်စာတမ်းကြီးအနေနဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံ
ပိုမိုရင်းနှီး ပေါင်းစည်းမှုကို ပြသဖို့ အာဆီယံက ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ပါမောက္ခ သစ်တီနန်က …

"ပဋိညာဉ်စာတမ်းကြီးဟာ အာဆီယံအတွက် စည်းလုံးညီညွတ်မှုကို ပြစေပြီးတော့
ကမ္ဘာ့ဇာတ်ခုံမှာ တိုးတက်မှုကိုပြနိုင်မယ့် အရိပ်လက္ခဏာပါ။ ဒါပေမယ့် ထိပ်သီးညီလာ
ခံကို အခုလို ရက်ရွှေ့ဆိုင်းလိုက်တယ်ဆိုတော့ ပဋိညာဉ်စာတမ်းကြီး ရုပ်လုံးပေါ်လာဖို့
လည်း နှောင့်နှေးသွားဖို့ ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဟာ နောက်ထပ် ၁၈ လအထိ
အာဆီယံဥက္ကဋ္ဌအဖြစ် ယူထားမယ့်ကာလအတွင်းမှာလည်း ထိပ်သီးညီလာခံကို အိမ်ရှင်
အဖြစ် တာဝန်ယူကျင်းပပေးနိုင်ဖို့ အခြေအနေ ပေးပါ့မလား ဆိုတာကိုလည်း တခြား
အိမ်နီးချင်းနိုင်ငံတွေ မေးခွန်းထုတ်လာကြဖို့ ရှိပါတယ်။"

ဒါ့အပြင် ဘန်ကောက်ရဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကြီးနဲ့ ဒွန်မောင်း ပြည်တွင်း
လေဆိပ်တို့ကို အစိုးရဆန့်ကျင်တဲ့ ပီအေဒီပါတီဝင် ဆန္ဒပြသူတွေက ဝင်သိမ်းထားကြတဲ့
အတွက်လည်း ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ဆက်ဆံရေး တင်းမာလာတာ
တွေ့ရပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နိုင်ငံတကာလေဆိပ်
တွေအနက် တခုဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံအတွက် လေယာဉ်ခရီးတထောက်နား
ရာ အရေးကြီးတဲ့၊ အချက်အချာကျတဲ့ လေဆိပ်လည်း ဖြစ်ပါတယ်။ အခုလို လေဆိပ်
ကြီးပိတ်ထားတာ တပတ်ရှိပြီဖြစ်တဲ့အတွက်လည်း ဒေသန္တရ အိမ်နီးချင်းနိုင်ငံတွေ
အကြား ထိုင်းနိုင်ငံရေးသိက္ခာ ကျစေတယ်လို့ သစ်တီနန်က သုံးသပ်ပါတယ်။

"ဒေသန္တရအတွင်းမှာ ထိုင်းနိုင်ငံက လမ်းပန်းဆက်သွယ်ရေး အချက်အချာ ဖြစ်ခဲ့လေ
တော့ လက်ရှိအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံတွေအတွက်တော့ ကုန်သွယ်ရေး
ရော၊ ရင်းနှီးမြှုပ်နှံမှုတွေမှာပါ အနှောင့်အယှက်တွေ ဖြစ်စေမှာပါ။"

လေဆိပ်ကြီးနှစ်ခုကို ပိတ်ဆို့ထားလို့လည်း ကမ္ဘာလှည့်ခရီးသွားတွေ သောင်းနဲ့ချီပြီး
သောင်တင်နေကြရပါတယ်။ တချို့ကတော့ မလွှဲမရှောင်သာ လေယာဉ်ခရီးစဉ်တွေကို
ပြောင်းရသလို ဖျက်ပစ်ရတာတွေလည်း ရှိပါတယ်။ သစ်တီနန်ကတော့ အခုလိုအခြေ
အနေကြောင့် ဥရောပနိုင်ငံတချို့က နိုင်ငံသားတွေ ဘန်ကောက်လေဆိပ်မှာ
သောင်တင်နေကြလို့ သက်ဆိုင်ရာ အစိုးရတွေအတွက် စိတ်သောကဖြစ်စေတယ်လို့
ပြောပါတယ်။

ဆန္ဒြုပသူတွေကတော့ လေယာဉ်ကွင်းတွေ ပိတ်ဆို့ထားတာတွေကို ဒီနေ့ အဆုံးသတ်
ပေးမယ်လို့ ပြောခဲ့တာတွေ ရှိပေမယ့်လည်း နိုင်ငံတကာ လေယာဉ်ကွင်းကြီးအနေနဲ့
ပုံမှန်ပြန်ပြီး လည်ပတ်နိုင်ဖို့ကတော့ ရက်အတော်ကြာဦးမယ်လို့ လေဆိပ်အာဏာပိုင်
တွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG