သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာနဲ့ နေဘုန်းလတ်ကို RSF ဆုချီးမြှင့်


ပြင်သစ်အခြေစိုက် အာအက်စ်အက်ဖ် ခေါ် နယ်စီးမခြား သတင်းထောက်များ အဖွဲ့ကြီးက ၂၀၀၈ခုနှစ်အတွက် ဆိုက်ဘာဒစ်စီးဒန့် ခေါ် ကွန်ပြူတာ အင်တာနက် အသုံးပြု တော်လှန်သူ ဆုကို မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဟာသပညာရှင် ဇာဂနာနဲ့ ဘလောက်ဂါ နေဘုန်းလတ်တို့ကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ရှရင်း အေဘာတီ က ဆုကို ပေးအပ်ခဲ့တာမှာ ဇာဂနာ ကိုယ်စား သူငယ်ချင်းဖြစ်သူ အနုပညာရှင် ကိုထိန်းလင်းက ဆုကို လက်ခံပြီး ဇာဂနာရဲ့ အောင်မြင်မှုကို ချီးကျူးပြောဆိုပါတယ်။

ကျွန်တော်က သူနဲ့ လက်ဖက်ရည် ဆိုင်မှာ အမြဲတမ်း စကားလက်ဆုံကျ နေကြ ဖြစ်ပါတယ်။ အစိုးရရဲ့ သတင်းစာတွေထဲမှာ ဟာသဖြစ်စရာ တခုမဟုတ်တခုကိုတော့ ရှာတွေ့တဲ့သူဖြစ်ပါတယ်။ အဲဒီအခါကျရင် သူက ဟာသလုပ်ပစ်ပါတယ်။ လက်ဖက်ရည်ဆိုင်က သူ့ရဲ့ ဟာသဟာ တနိုင်ငံလုံးကို ချက်ချင်းပြန့်သွားပါတယ်။

ဇာဂနာရဲ့ ဇနီးနဲ့ သူ့မိသားစုကို ဗွီဒီယိုနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဆုပေးပွဲမှာ ပြသခဲ့တယ်လို့ အာအက်စ်အက်ဖ် ပြောခွင့်ရ မစ္စတာ ဗင်းဆင့် ဘရောဆဲလ်က ပြောပါတယ်။

စစ်အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အမှန်တရားကို မြန်မာပြည်သူလူထုရော၊ ကမ္ဘာကပါ သိအောင် သူ့ရဲ့ ဟာသ ပညာနဲ့ ရောပြီး အသိပေးခဲ့ပါတယ်။ မေလမှာတုန်းက ဆိုင်ကလုံးဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေကို ကိုယ်တိုင်သွားရောက်ကူညီခဲ့ပြီး စစ်အစိုးရရဲ့ နှေးကွေးတဲ့ တုန့်ပြန် လုပ်ဆောင်ချက်တွေကို နိုင်ငံတကာ သိအောင်လည်း ဝေဖန်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ပ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်စကားပြောတယ်ဆိုပြီး သူ့ကို စုစုပေါင်း ထောင်ဒဏ် ၅၉နှစ် ပြစ်ဒဏ်ချခဲ့ပါတယ်။

ဘလာက်ဂါ နေဖုန်းလတ်ဟာလည်း၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ သူ့ရဲ့ အင်တာနက် စာမျက်နှာကတဆင့် မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ သတင်းမှန်တွေကို ကမ္ဘာက သိအောင် ကြိုးစားခဲ့သူဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။ ကိုနေဖုန်းလတ်ကို နိုင်ငံတကာနေ အသိအမှတ် ပြုတဲ့ အနေနဲ့ အခုလို ဆုချီးမြင့် ခံရတာဂုဏ်ယူပါတယ်လို့ ကိုနေဖုန်းလတ်ရဲ့ ညီက ပြောပါတယ်။


၂၀၀၈ခုနှစ်အတွက် အာအက်စ်အက်ဖ်က ဆုချီးမြင့်သူတွေထဲမှာ ကျူးဘားနိုင်ငံသား သတင်းစာဆရာ ရီကာဒို ဂွန်ဇဲလပ်စ် အာဖွန်စိုလဲ ပါဝင်ပါတယ်။ မစ္စတာ အာဖွန်စိုဟာ ကျူးဘားရဲ့လွတ်လပ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး တိုက်ခိုက်သူဆိုပြီး ၂၀၀၃ခုနှစ်ကတည်းက ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူဖြစ်ပါတယ်။

ဇာဂနာရဲ့ အရေးကို နိုင်ငံတကာက အရေးတယူ ဖော်ပြပြောဆိုမှုတွေဟာ သူ့ရဲ့ အခြေအနေ သက်သာလာစေဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ အာအက်စ်အက်ဖ်က မျှောင်လင့်ကြောင်းကိုလည်း အခန်းအနားမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလို ပေးတဲ့ ဆုတွေ ကျော်ကြားမှု အရှိန်အဟုန်ကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွတ်မြောက်စေရေးမှာ အကူအညီ ဖြစ်စေပါတယ်လို့ အာအက်စ်ဖက်က ဆိုပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG