သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကြေညာချက်အပေါ် အာဆီယံနိုင်ငံအချို့ ကြိုဆို


မြန်မာစစ်အစိုးရက လာမယ့်မေလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်
အပေါ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက အပြုသဘော ဖြစ်ထွန်းမှုတခုဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ တုံ့ပြန်ချက်နဲ့ အတိုက်အခံ
ခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့ကကြေညာချက်အရ မြန်မာစစ်အစိုးရရဲ့
ကြေညာချက်ဟာ အပြုသဘော ဖြစ်ထွန်းမှုတခုဖြစ်တယ်လို့ ဖော်ပြထားပေမယ့်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်မယ်ဆိုရင် ဒီနိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်တဲ့ ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေအားလုံး
ပါဝင်ဖို့သေချာအောင် စစ်အစိုးရက လုပ်ရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မစ္စရှယ်လင်းချောင်းက မှတ်ချက်ပေးပြောဆိုဖို့ လက်ခံခဲ့ပေမယ့် အစည်းအဝေးနဲ့ မအားတာကြောင့် အဆက်
အသွယ် မရခဲ့ပါဘူး။ ဒါပေမယ့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကြေညာချက်နဲ့
ပတ်သက်ပြီး စင်ကာပူဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါက်တာချီးကတော့ မြန်မာ
စစ်အစိုးရရဲ့ အချိန်ဆွဲနေတဲ့လုပ်ရပ်တွေကို စင်ကာပူက အပြုသဘောနဲ့ တုံ့ပြန်ခဲ့တာ
ဖြစ်တယ်လို့ အခုလိုပြောပြပါတယ်။

“ဒါကတော့ အချိန်ဆွဲနေတဲ့ကိစ္စ သက်သက်ပါဗျာ။ သူတို့က သူတို့အပေါ် ကမ္ဘာက
အာရုံစိုက်နေကြတာကိုလည်း အာရုံပြောင်းပစ်ဖို့ မျှော်လင့်နေတယ်လေ။ ကျနော်
နားလည်တာကတော့ သူတို့က ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ချင်တယ်ဆိုတာက
ဘာဖြစ်လို့ ၂၀၁၀ ခုနှစ်အထိ သွားရတာလဲ။ နောက်ထပ် သုံးနှစ်စောင့်ရဦးမယ်။
ဒီကြားထဲမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူကသိမှာလဲ”

စစ်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်စေတနာမှန်မှန်နဲ့ လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရမယ်လို့လည်း
ဒေါက်တာချီးက ဆက်ပြောပြပါတယ်။

“အပြောင်းအလဲဖြစ်ဖို့ တကယ်ပဲ စိတ်ဝင်တစားရှိတယ်ဆိုရင် သူတို့ နိုင်ငံရေးအကျဉ်း သားတွေအားလုံးကို လွှတ်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က လွှတ်
လိုက်ပါ။ ပြီးရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲကိစ္စကို
အားလုံးနဲ့ တိုင်ပင်ဆွေးနွေးပါ။ အတိုက်အခံတွေကို ဆက်ပြီးထောင်ချထားလို့ မရဘူး။ သေနတ်နဲ့ချိန်ထားပြီးတော့မှ ငါတို့လုပ်မယ့် ဆန္ဒခံယူပွဲကို ထောက်ခံကြလို့လည်း
ပြောခိုင်းလို့မရဘူး။ ဒီကိစ္စက ဘာမှကို အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် စင်ကာပူအစိုးရက မြန်မာစစ်အစိုးရ ဆန္ဒခံယူပွဲလုပ်မှာကို ထောက်ခံတယ်ဆိုတာ ကျနော့်အတွက်တော့ ဘာမှအဓိပ္ပာယ်မရှိပါဘူးဗျာ”

မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် ပြည်သူ့
ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်မှာ ကျင်းပမယ်ဆိုတဲ့အပေါ် စင်ကာပူ
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို စင်ကာပူဒီမိုကရက်တစ်ပါတီက တုံ့ပြန်
ရင်းနဲ့ မြန်မာစစ်အစိုးရကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုက်တွန်း
လိုက်တာပါ။

စင်ကာပူနိုင်ငံရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေရဲ့ တုံ့ပြန်ချက်တွေကို ဒေါ်ခင်မျိုးသက်က ဆက်လက်တင်ပြထားပါတယ်။

စင်ကာပူအစိုးရဘက်က အကောင်းမြင်တဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်ပေမယ့် အေအိုင်ပီအမ်စီလို့ခေါ်တဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အာဆီယံ ပါလီမန်အမတ်
များအဖွဲ့ကတော့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်လို့ မမြင်ပါဘူးလို့ အေအိုင်
ပီအမ်စီအဖွဲ့က မစ္စတာခရိုင်ဆတ် ချွန်ဟာဗန်က အခုလို ပြောဆိုပါတယ်။

“အခုလိုပြောတာဟာ မှားပါတယ်။ ဘယ်သူ့ကိုရွေးချယ်ရမယ်ဆိုတာ မသိသေးဘဲ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး” လို့ ပြောသွားတာပါ။

စစ်အစိုးရဟာ သူ့ရဲ့ လမ်းပြမြေပုံ (Road Map) ရဲ့ အဆင့် ၇ ဆင့်ကို ဆက်လက်
အကောင်အထည်ဖော်နေရာမှာ အခုလာမယ့်မေလအတွင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တဲ့အပြင် ၂၀၁၀ ခုနှစ်ထဲမှာ ရွေးကောက်ပွဲကို ကျင်းပပေး
မယ်လို့ ကြေညာခဲ့တာမို့ ဒါနဲ့ပတ်သက်ပြီး မစ္စတာခရိုင်ဆတ်က…

“ဖွဲ့စည်းပုံအခြေခံဥပဒေ အစစ်အမှန်တောင်မှ မမြင်ရသေးဘဲနဲ့ ရွေးကောက်ပွဲကို ဘယ်လိုကျင်းပပေးမှာလဲ။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတမှုရှိမယ်၊ မရှိဘူး
ဆိုတာရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလို အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းတွေကို ၀င်ပြီးယှဉ်ပြိုင်ခွင့်ပေးမယ်၊ မပေးဘူးဆိုတာရယ်၊ ကျနော်
တို့ ဘာမှမတွေ့ရသေးဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ကတော့ သူတို့ကြေညာတဲ့
ရွေးကောက်ပွဲကို အကြီးအကျယ် သံသယရှိပါတယ်”

စစ်အစိုးရရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
ကျင်းပပေးမှာကို ဖိအားပေးပြီး မဲပေးခိုင်းခဲ့ရင် မြန်မာပြည်သူအများစုကတော့ စစ်
အစိုးရ အာဏာဆက်တည်မှာကို မလိုလားတဲ့အတွက် ကန့်ကွက်မဲပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း မစ္စတာခရိုင်ဆတ်က ပြောခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာခရိုင်
ဆတ် ချွန်ဟာဗန်ဟာ ထိုင်းနိုင်ငံ အထက်လွှတ်တော်အမတ်တဦးလည်း ဖြစ်တာမို့
အခု ထိုင်းအစိုးရသစ်ရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ပတ်သက်ပြီး မေးကြည့်တဲ့
အခါမှာတော့ အခုအသစ်တက်လာတဲ့ ထိုင်းအစိုးရသစ်ဟာ အရင် သက်ဆင်အစိုးရ လက်ထက်ကအတိုင်းပဲ မူဝါဒတွေ ချမှတ်တော့မှာမို့ မြန်မာနိုင်ငံသားတွေအတွက်
လုံးဝကြည့်မှာမဟုတ်ဘဲ သူတို့ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ ကြည့်မယ်လို့
လည်း မစ္စတာခရိုင်ဆတ်က ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာယိဟာမစ် အယ်လ်ဘာကလည်း မြန်မာစစ်အစိုးရရဲ့
၂၀၁၀ ခုနှစ်ထဲမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးဖို့၊ ဒီရွေးကောက်
ပွဲမှာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ ပါတီအဖွဲ့အစည်း အသီးသီးကနေ ပါဝင်ဆင်နွှဲနိုင်
မယ်လို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အရေးအပါဆုံးက ပြည်သူလူထုအတွက်ဖြစ်ပြီး ပြည်သူလူထုဒုက္ခရောက်အောင် လုပ်ဖို့ မဟုတ်ဘူးလို့လည်း တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေး
ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG