သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲဟာ ပြည်သူတွေရဲ့ဆန္ဒကို ထုတ်ဖော်ဖို့ အခွင့်ကောင်းဖြစ်နိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့ပြော


စစ်အစိုးရက မေလအတွင်းမှာ ကျင်းပမယ်လို့ ထုတ်ပြန်လိုက်တဲ့ လူထုဆန္ဒခံယူပွဲဟာ ပြည်သူတွေအတွက် မဟာအခွင့်အရေးတရပ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ကန့်ကွက်ရေးအတွက် လှုပ်ရှားသွားမယ်လို့ ကချင်နိုင်ငံရေးခေါင်းဆောင်တဦးက
ပြောပါတယ်။ ရခိုင်နိုင်ငံရေးခေါင်းဆောင်တဦးကတော့ မြန်မာအစိုးရအနေနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို လက်မခံဘဲ တဖက် သတ်ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အတွက် ဆိုးကျိုးတွေပဲ ဖြစ်စေလိမ့်မယ်လို့
သုံးသပ်ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြ
ထားပါတယ်။

မြန်မာစစ်အစိုးရဟာ ဒီနှစ်မေလအတွင်းမှာ လူထုဆန္ဒခံယူပွဲကျင်းပပြီး ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ လွန်ခဲ့တဲ့စနေနေ့က ကြေညာခဲ့ပါတယ်။ ကေအဲန်စီဒီလို့ခေါ်တဲ့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက်ရဲ့ ခေါင်းဆောင်
တဦးကတော့ ဒါဟာ ပြည်သူတွေအတွက် မဟာအခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။

“ဒီအခေါက်ကတော့ ကျနော်တို့ ပြည်သူလူထုတွေအတွက် တကယ့် မဟာအခွင့်အရေး
ဗျ။ မဟာအခွင့်အရေးဆိုတာ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောမယ့်အခွင့်အရေးပါ။
အဲတော့ ကျနော်တို့ ကေအဲန်စီဒီကလည်း ဘလက်ကဲန်ပိန်း (Black Campaign) နဲ့
နိုးကဲန်ပိန်း (No Campaign) လုပ်နေပါတယ်။ ဘလက်ကဲန်ပိန်းဆိုတာ နိုးကိုထည့်မှာ
ပေ့ါဗျာ။ နိုးဆိုရင် နိုးပြော။ ဘလက်ဆိုရင် ဘလက်ထည့်။ အဲတော့ ကျနော်တို့ ပြည်သူ
လူထုက သူတို့ကိုမကြိုက်ပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ပါဘူးဆိုတာ
တကယ်ပြသဖို့ အခွင့်အရေးပါပဲ”

ကေအဲန်ဒီစီခေါ် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ကချင်ပြည်နယ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ရွေးကောက်ခံခဲ့ရတဲ့ပါတီ ဖြစ်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ကိုထန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့ဆိုရင် နည်းလမ်း
နှစ်ရပ်ရှိတယ်။ တခုက ပြည်သူ့လွှတ်တော်က အတည်ပြုတာနဲ့ တခုက လူထုဆန္ဒခံယူပွဲ ကျင်းပတာဖြစ်တယ်လို့ ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ရှိလျက်နဲ့ သူတို့ရဲ့ဆန္ဒတွေကို ပစ်ပယ်ထားတာဟာ တရားနည်းလမ်းမကျဘူး။ ဒါကြောင့် မြန်မာ အစိုးရကကျင်းပမယ့် ဆန္ဒခံယူပွဲကို လက်မခံဘူးလို့ အခုလိုပြောပါတယ်။

“လူထုဆန္ဒခံယူပွဲဆိုတာက ဒီဖွဲ့စည်းပုံအခြေခံဥပဒေရော၊ အဲဒီအပေါ်မှာ တတိုင်းပြည်
လုံး နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြီးတော့ ပြည်သူ
လူထုကရော အားလုံး ညီညီညွတ်ညွတ်နဲ့ အားလုံးသဘောကျပြီး လက်ခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလားဆိုတဲ့ဟာကို ကျနော်တို့ စဉ်းစားဖို့လိုတယ်။ ဒါမှမဟုတ်ရင်တော့
ကျနော်ထင်တယ် ဒီလူထုဆန္ဒခံယူပွဲဟာ လူထုဆန္ဒခံယူပွဲမဟုတ်ဘဲနဲ့ လူထုဆန္ဒကို ဓားပြတိုက်တဲ့ပွဲပဲဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။ ဒါကြောင့် တိုင်းပြည်အတွင်းမှာ
ဖြစ်ပေါ်လာတဲ့ တရားနည်းလမ်းမကျတဲ့ လုပ်ဆောင်ချက်ဟူသမျှကို ကျနော်တို့က
တော့ လက်ခံမှာမဟုတ်ဘူး၊ ဆန့်ကျင်သွားရမှာပဲ”

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်ကတော့ မြန်မာပြည်မှာ အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနေတာကြောင့် နိုင်ငံရေး၊ စီးပွားရေး ကျဆင်းနေရ
တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးရ
မယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာတာမဟုတ်ရင် မြန်မာပြည်ရဲ့အနာဂတ်ဟာ အကောင်း
ဘက်ကို ဦးတည်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

မြန်မာပြည်ဟာ လွတ်လပ်ရေးရပြီးနောက်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၂ ခု
ရေးဆွဲခဲ့ပါတယ်။ ၁၉၄၇ အခြေခံဥပဒေနဲ့ ၁၉၇၄ အခြေခံဥပဒေဟာ တန်းတူညီမျှမှုနဲ့ ဒီမိုကရေစီရေးကို မဖော်ဆောင်နိုင်တာကြောင့် ၁၄ နှစ်စီသာ သက်တမ်းရှည်ကြာခဲ့ပါ
တယ်။ အခုအသစ်ပြဋ္ဌာန်းမယ့် အခြေခံဥပဒေကိုတော့ မြန်မာစစ်အစိုးရက ၁၉၉၃
ခုနှစ်ကနေ စတင်ရေးဆွဲခဲ့တာပါ။ ဒီအသစ်ပြဋ္ဌာန်းမယ့် အခြေခံဥပဒေက အနာဂတ် မြန်မာပြည်နိုင်ငံရေးမှာ စစ်တပ်က ဦးဆောင်သွားဖို့နဲ့ ပြည်သူ့လွှတ်တော်မှာ စစ်တပ်
က ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထည့်သွင်းဖို့ အခြေခံမူချမှတ်ထားပါတယ်။ ဒီအချက်
တွေဟာ ဒီမိုကရေစီနည်း မကျဘူးလို့ သုံးသပ်ပြီး တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်း
တွေနဲ့ ဒီမိုကရေစီအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG