သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ထိန်းသိမ်းရန် တိုင်းရင်းသားလူငယ်တွေ တိုက်တွန်းတောင်းဆို


ဒီကနေ့ကျရောက်တဲ့ ၆၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နဲ့အတူ တိုင်းရင်းသားခေါင်းဆောင်တွေက ရန်ကုန်မြို့မှာ အခမ်းအနားကျင်းပ
ခဲ့သလို ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းတွေကလည်း ကြေညာ
ချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ လက်ရှိပြည်ထောင်စုအပေါ်မှာ တိုင်းရင်းသားလူငယ်
တွေရဲ့ အမြင်သဘောထားတွေက ဘယ်လိုရှိပါသလဲ၊ အနာဂတ်ရည်မှန်းချက်ကရော ဘယ်လိုရှိသလဲဆိုတာကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က စုစည်းတင်ပြ
ထားပါတယ်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ပြည်ထောင်စုနေ့ကို ကြိုဆိုကြောင်းနဲ့ ပြည်ထောင်စုဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့ကြ
တဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများကို ဂါရဝပြုပြီး သူတို့တည်ဆောက်ခဲ့တဲ့
ပြည်ထောင်စုရဲ့ စစ်မှန်တဲ့အနှစ်သာရတွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ပြီး ဒီကနေ့မနက်မှာ မိုးကောင်းနဲ့ မြစ်ကြီးနားမြို့က ပြည်သူတွေကြားမှာ ဖြန့်ချိခဲ့သလို မြို့အတွင်းမှာ ပိုစတာတွေ လိုက်ကပ်ခဲ့တယ်လို့
ပြောပါတယ်။ ဒီကြေညာချက်မှာပါဝင်တဲ့ တောင်းဆိုချက်တွေကို ကချင်ကျောင်းသား
အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက …

“တိုင်းပြည်အကျပ်အတည်းအားလုံး သုံးပွင့်ဆိုင် ဆွေးနွေးအဖြေရှာခြင်းအားဖြင့်
စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန်၊ နိုင်ငံရေးအကျဉ်းသား
များ ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်၊ အတင်းအဓမ္မ လူထုဆန္ဒခံယူခြင်းအား
လုံးဝကန့်ကွက်သည်၊ ဒီမိုကရေစီနည်းလမ်းမကျသော နိုင်ငံတော် အခြေခံဥပဒေ
ရေးဆွဲခြင်းကို လုံးဝကန့်ကွက်သည်၊ စစ်မှန်သော ပြည်ထောင်စုနိုင်ငံတော် ဖြစ်လာ
နိုင်ရန် နိုင်ငံရေးပါတီများ၊ ကျောင်းသား၊ လူငယ်၊ ရဟန်းသံဃာတော်များနှင့် ပြည်သူ
လူထု အဖွဲ့အစည်းအသီးသီးနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ကတိပြု
ပါသည်”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အရင်က ပြည်ထောင်စုနေ့ကို နှစ်စဉ် အခမ်းအနား
တွေ ကျင်းပလေ့ရှိခဲ့ပေမယ့် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ
အဖြစ် အမည်ပြောင်းပြီးတဲ့နောက်မှာတော့ ပြည်ထောင်စုနေ့ အခမ်းအနားတွေ
မကျင်းပတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်းမှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်
ရေးအဖွဲ့ (မြန်မာပြည်) ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ သူတို့
အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်အမျိုးသား နိုင်ရွှေသန်းက လက်ရှိ ပြည်ထောင်စုမြန်မာ
နိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“တိုင်းရင်းသားတွေအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊
ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကုန်လုံး ဆုံးရှုံးနေတယ်လို့
ကျနော်တို့ ခံစားရတယ်။ ပြီးတော့ နိုင်ငံရေးအရ တန်းတူရပ်တည်ခွင့် ထုတ်ဖော်ပြော
ဆိုခွင့်၊ ပြီးတော့ ကိုယ့်အမျိုးသားကို ကိုယ်စားပြုခွင့် ဘာမှမရဘဲ ခုထက်ထိ ဆုံးရှုံးနေ
တယ်လို့ ခံစားရပါတယ်ခင်ဗျ။ တချို့ တိုင်းရင်းသားတွေမှာဆို သူတို့ ရိုးရာယဉ်ကျေးမှု
တွေ၊ ရိုးရာစာပေတွေကို ထုတ်ဖော်ပိုင်ခွင့်၊ သင်ကြားပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်ခင်ဗျ”

ပြည်ပမှာအခြေစိုက်တဲ့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့လူငယ်များ အစည်းအရုံး
ကလည်း သူတို့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။

“အမှန်တော့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ၆၁ နှစ် ပြည့်မြောက်ခဲ့ပြီ ဆိုပေမယ့်
လည်း လွတ်လပ်ရေးရပြီးကတည်းကနေ တန်းတူညီမျှတဲ့ အခွင့်အရေးတွေဟာ တိုင်းရင်းသားလူမျိုးတိုင်းမှာ မရရှိခဲ့ရပါဘူး။ ပြောမယ်ဆိုရင် လွတ်လပ်ရေးရဲ့ အရသာ
ကို ဒီနေ့ထက်ထိ မခံစားရသေးဘူးပေါ့ဗျာ”

လက်ရှိ မြန်မာစစ်အစိုးရကရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ရွှေသန်းက အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ အခု နအဖအနေနဲ့ ပေါ်ထွက်လာမယ့် ဥပဒေက အရင် ၄၇ ဥပဒေ၊
၇၄ ဥပဒေနဲ့ ယှဉ်မယ်ဆိုရင် ပိုပြီးတော့တောင် ဆိုးလာမယ်လို့ ခံစားရတယ်။ ဘာလို့လဲ
ဆိုတော့ အဆင့်တိုင်းမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ကိုယ်စားပြုရမယ်ဆိုတဲ့ကိစ္စကို
သူတို့က တရားဝင်ပြဋ္ဌာန်းမယ်လေ။ ပြီးတော့ ညီလာခံလုပ်တဲ့ကိစ္စမှာလည်း အမှန်
တကယ် တိုင်းရင်းသားတွေက ရွေးချယ်လိုက်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ မပါဝင်ဘူးခင်ဗျ။ ဒါကြောင့် ဒီ အခုပြဋ္ဌာန်းမယ့် ဥပဒေမှာ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်စားပြုခွင့်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အကာ
အကွယ် ပေးနိုင်မယ့်ကိစ္စတွေကို ဘာမှမတွေ့ရဘူးခင်ဗျ”

အသစ်ရေးဆွဲတဲ့ အခြေခံဥပဒေအရဆိုရင် တိုင်းရင်းသားတွေအတွက် ပိုမိုဆိုးဝါးစေနိုင်
လို့ လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်သွားမယ်လို့ ရခိုင်လူငယ်အဖွဲ့က ကိုထွန်းဇော်က
ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့မြင်တာက နအဖစစ်အစိုးရက ပိုမိုဆိုးဝါးတဲ့ သူတို့ရဲ့ စစ်ကျွန်ပြုရေး
မူကတော့ ဆက်လက်ပြီးတော့ သက်ဆိုးရှည်မှာလို့ ကျနော်တို့မြင်တယ်။ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေမပါတဲ့ ညီလာခံရဲ့ ရလဒ်တွေကို သူတို့ရဲ့ လက်ကိုင်တုတ်တွေ
ကြားထဲမှာ အတင်းအဓမ္မထောက်ခံခိုင်းတဲ့ ပြည်သူ့ဆန္ဒခံယူပွဲဆိုတာကို ကျနော်တို့
အနေနဲ့ လက်မခံဘူး၊ အသိအမှတ်မပြုဘူး။ အဲဒါတွေကို ကျနော်တို့ ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့က ဆန့်ကျင်ပြီးတော့ ပြည်သူ့ဘက်ကနေ ကာကွယ်
သွားရမှာဖြစ်တယ်”

ဒါကတော့ တိုင်းရင်းသားလူငယ်တွေရဲ့ လက်ရှိပြည်ထောင်စုနဲ့ မြန်မာစစ်အစိုးရက
ရေးဆွဲနေတဲ့ အခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အနာဂတ်နိုင်ငံတော်အပေါ် အမြင်တွေပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သား တိုင်းရင်းသားတွေကလည်း ဒီကနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို စုစုစည်းစည်း ကျင်းပခဲ့ကြ
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG