သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဒိုမန်းရှာ လုပ်ကြံခံရတာ အစားထိုးမရတဲ့ ဆုံးရှုံးမှုအဖြစ် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောဆို


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ
ဒီနေ့ညနေမှာပဲ သေနတ်သမားတွေရဲ့လက်ချက်နဲ့ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အဖွဲ့အစည်း
တွေ၊ တော်လှန်ရေးလုပ်ဖော်ကိုင်ဘက်တွေက ပဒိုမန်းရှာ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထား အမြင်တွေရှိကြသလဲဆိုတာ ကိုအောင်လွင်ဦးက ဆက်သွယ်
မေးမြန်း တင်ပြထားပါတယ်။

ကေအန်ယူအဖွ့ဲရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းကို အခုချိန်ထိတော့ လုပ်ကြံသတ်ဖြတ်သူက ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ
တိတိကျကျ မသိရသေးပေမယ့် သူ့ကို ရန်လိုမုန်းထားသူတွေဟာ မြန်မာအစိုးရနဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ရှိနေခဲ့တာပါ။ ပဒိုမန်းရှာသေဆုံးရာ နေအိမ်မှာရောက်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု
(အန်ဒီဒီ) ရဲ့ အမှုဆောင်အဖွဲ့ဝင်တဦးလည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားတပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ရဲ့ ဥက္ကဋ္ဌဟောင်းတဦးလည်းဖြစ်တဲ့ ဒေါက်တာနိုင်အောင်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“အခုလောလောဆယ် ကျနော် အိမ်ပေါ်တက်သွားတဲ့အချိန်မှာ အိမ်ရှေ့ဝရန်တာမှာ
သွေးကွက်တွေ တွေ့ရပါတယ်။ ပဒိုမန်းရှာရဲ့ အလောင်းကတော့ အိမ်ရှေ့မှာပဲ တင်ထား
ပါတယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာလည်း ရဲတွေက ရှင်းလင်းနေတဲ့အတွက်
ကျနော်တို့ သေသေချာချာတော့ မသိရဘူးပေါ့။ ဘေးကနေ ကြားနေရသလောက်က
တော့ လူနှစ်ယောက်လာပြီး ဝင်ပစ်သွားတယ်လို့ပဲ ကျနော်တို့ လောလောဆယ် သိရပါ
သေးတယ်။ တွေ့တဲ့ မျက်မြင်သက်သေတွေ ပြောချက်အရတော့ ကရင်စကားပြောတဲ့ လူနှစ်ယောက်လို့ပဲ ကျနော်တို့ သိရပါတယ်”

အခုလုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတဲ့ ပဒိုမန်းရှာဟာ မြန်မာစစ်အစိုးရနဲ့ ကေအန်ယူကြား
ငြိမ်းချမ်းရေး စေ့စပ်စကား ပြောဆိုမှုတွေမှာ သဘောထားတင်းမာသူတဦးဖြစ်တယ်၊ မြန်မာစစ်အစိုးရကိုယ်တိုင်ကလည်း မြန်မာနိုင်ငံထဲမှာ ပြဿနာတွေဖြစ်ပွားတိုင်း
မကြာခဏဆိုသလို သူ့ကို အပြစ်တင် စွပ်စွဲပြောဆိုတတ်တာမျိုးတွေ ရှိတာကြောင့် ဒီလိုမလိုမုန်းထားမှုတွေဟာလည်း လုပ်ကြံမှုရဲ့ အကြောင်းရင်းခံတွေဖြစ်မယ်လို့ ယူဆ
ထားကြတာပါ။ မြန်မာစစ်အစိုးရကို တော်လှန်တိုက်ခိုက်ရင်း အတူတွဲဖက် အလုပ်
လုပ်ကိုင်ခဲ့ဘူးကြတဲ့ ဒေါက်တာနိုင်အောင်နဲ့ ကေအန်ယူရဲ့ အတွင်းရေးမှူးတဦးဖြစ်တဲ့ ပဒိုဒေးဗစ်သာကပေါတို့ကတော့ အခုလို သုံးသပ်ကြပါတယ်။

“ပဒိုမန်းရှာ ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူးမဖြစ်ခင် မာနယ်ပလောကာလ၊
ကျနော်တို့ အေဘီအက်စ်ဒီအက်ဖ် စဖြစ်လာတဲ့ ၈၈ နောက်ပိုင်းကာလကတည်းက
ရင်းရင်းနှီးနှီး ဆက်ဆံဖူးပါတယ်။ အဲဒီအချိန်တုန်းက ပဒိုမန်းရှာက ဗိုလ်ချုပ်မြရဲ့ အကြံ
ပေးပေါ့။ အဲလိုတာဝန်ထမ်းဆောင်နေတဲ့ အချိန်ကတည်းက တွေ့ဖူးပါတယ်။

“ကျနော် ပြီးခဲ့တဲ့ အနှစ် ၂၀ က အတွေ့အကြုံကို ပြောမယ်ဆိုရင် ပဒိုမန်းရှာက ၁၉၆၂ ကျောင်းသားအရေးအခင်းမှာကတည်းက ပါပြီး လှုပ်ရှားလာတာဖြစ်တယ်။ ကေအန်ယူ
ထဲမှာလည်း ထဲထဲဝင်ဝင်ပါတာလည်းရှိတယ်။ ဒီမိုကရေစီရေး၊ ကျနော်တို့ကျောင်းသား
တွေရဲ့ တိုက်ပွဲအဆင့်ဆင့်၊ တိုင်းရင်းသားတွေရဲ့ တိုက်ပွဲအဆင့်ဆင့်၊ တော်လှန်ရေး သမိုင်းအတွေ့အကြုံတွေအားလုံးကို အပြည့်စုံဆုံး ရှိနိုင်မယ်လို့ ပြောလို့ရတဲ့လူတွေထဲ
မှာ သူက ထိပ်ဆုံးကပါပါတယ်။

“ကျနော်တို့အပေါ်မှာ အများကြီး နားလည်ပေးခဲ့တာ၊ ကျနော်တို့အပေါ်မှာ လမ်းတွေ
ဖွင့်ပေးခဲ့တာ၊ ကျနော်တို့ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ နားလည်
အောင် မျက်စိဖွင့်ပေးခဲ့တဲ့ကိစ္စတွေထဲမှာလည်း ထိပ်ဆုံးကပါပါတယ်။ တပြိုင်နက်
တည်းမှာပဲ အမြော်အမြင်ရှိတဲ့၊ ရန်သူအပေါ်မှာ ပြတ်သားတဲ့ ခေါင်းဆောင်တယောက်
ဖြစ်ပါတယ်”

“သူလုပ်ဆောင်ခဲ့တာ ကေအန်ယူချထားတဲ့လမ်းစဉ်အတိုင်းတော့ General Secretary တယောက်အနေနဲ့ သူက ထိန်းရတာပေါ့လေ။ ကျနော်တို့အထဲမှာ အတွေးအခေါ် နည်းနည်းဆန်းကျယ်တာပေါ့၊ အဲဒါတွေ တခါတလေဖြစ်တယ်”

အခုလို ကေအန်ယူ ထိပ်တန်းခေါင်းဆောင်တဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အတွက်
ကေအန်ယူအပေါ် အဆိုးအကောင်း အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့လည်း တွက်ဆ
မှုတွေ ရှိနေတာပါ။ ကေအန်ယူရဲ့ အတွင်းရေးမှူးတဦးဖြစ်တဲ့ ပဒိုဒေးဗစ်သာကပေါ
ကတော့ …

“ကျနော်တို့ကတော့ တဗိုလ်ဆင်း၊ တဗိုလ်တက်ပေါ့ဗျာ။ ဘယ်သူကျကျ ကျနော်တို့
အဓိကကတော့ ကျနော်တို့မူတွေ၊ လမ်းစဉ်တွေ ထိန်းသွားရမှာပဲ။ ဒါ အားလုံးမှာ
တာဝန်ရှိပါတယ်”
ကေအန်ယူအကြီးတန်းခေါင်းဆောင် ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အပေါ် သူနဲ့လုပ်ဖော်ကိုင်ဘက် ရင်းနှီးသူတွေက ပြောပြသွားတာဖြစ်ပါတယ်။

အခုလုပ်ကြံသတ်ဖြတ်ခံခဲ့ရလို့ ဒီကနေ့ညနေမှာပဲ သေဆုံးသွားခဲ့တဲ့ ကရင်အမျိုးသား
အစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းဟာဆိုရင်
၁၉၄၃ ခုနှစ်၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဂျပန်ခေတ်မှာ
မွေးဖွားခဲ့တဲ့ ကရင်အမျိုးသားဖြစ်ပါတယ်။ သူဟာ ပိုးကရင်အမျိုးသားတဦးလည်း
ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ပြီး ပညာသင်ကြား
ပါတယ်။ ၁၉၆၆ ခုနှစ်မှာ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရပြီး ၁၉၆၆ ခုနှစ်မှာပဲ တောခိုခဲ့သူ
တဦး ဖြစ်ပါတယ်။ ၁၉၈၀ လောက်ကစပြီး နိုင်ငံရေးအခြေခံတဲ့၊ နိုင်ငံရေးအယူအဆ
တွေပါတဲ့ စာပေတွေကို အများအပြား ရေးသားခဲ့ပါတယ်။ ရေဆန်ဆိုတဲ့ ကလောင်
နာမည်နဲ့ ရေးသားခဲ့တဲ့ စာရေးဆရာတဦးလည်း ဖြစ်ပါတယ်။ သူကွယ်လွန်သွားတဲ့
အချိန်မှာ အသက် ၆၅ နှစ်ရှိပါပြီ။ ပဒိုမန်းရှာဟာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေထဲမှာ ထင်ရှားတဲ့ခေါင်းဆောင်တဦးဖြစ်တဲ့အပြင် အယူအဆပြတ်သား
တဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG