နယူးဇီလန်နိုင်ငံမှာကျင်းပနေတဲ့ လက်နက် ဖျက်သိမ်းရေးညီလာခံဟာ အတွဲလိုက် ဆင့်ကဲပေါက်ကွဲတဲ့ဗုံး ထုတ်လုပ်မှုတွေ ဖျက် သိမ်းရေးအတွက် အရေးပါတဲ့ညီလာခံ
ဖြစ်တယ်လို့ နယူးဇီလန်အစိုးရက ပြောပါ
တယ်။ အဲဒီ ဆင့်ကဲပေါက်ကွဲဗုံးတွေကြောင့် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လူတွေ
ထောင်သောင်းချီ သေဆုံးခဲ့ရပြီး အဲဒီအထဲက
အများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါ
တယ်။ ဒီအကြောင်း ဆစ်ဒနီမြို့ကနေ
Phil Mercer သတင်းပေးပို့ထားတာကို
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီညီလာခံဟာ နယူးဇီလန်နိုင်ငံမှာကျင်းပတဲ့ လက်နက်ဖျက်သိမ်းရေး ညီလာခံတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဒီညီလာခံကို နိုင်ငံ
ပေါင်း ၁၂၀ ကျော်က အစိုးရတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဆင့်ကဲပေါက်ကွဲတဲ့ဗုံးဒဏ် ထိမှန်ခံခဲ့ရသူတွေပါ တက်ရောက်နေကြတာပါ။
ဒီဆင့်ကဲပေါက်ကွဲဗုံးဟာ ပစ်ချလိုက်တာနဲ့ လေထဲမှာ ပထမအဆင့်အဖြစ် ပေါက်ကွဲပြီး မြေပေါ်ရောက်တဲ့အခါမှာ ဗုံးအသေးလေးတွေက ထပ်မံပေါက်ကွဲခြင်း ဖြစ်ပါတယ်။ တချို့ဗုံးအသေးလေးတွေဟာ မပေါက်ကွဲဘဲ လယ်ကွင်းတွေ၊ ကျေးရွာတွေမှာ ဒီအတိုင်း
ကျနေပြီး အနားရောက်လာမှ ပေါက်ကွဲတတ်လို့ အပြစ်မဲ့ပြည်သူတွေ သေဆုံး၊ ကိုယ်
လက်အင်္ဂါတွေ ပျက်ဆီးလေ့ရှိပါတယ်။ ဒီဆင့်ကဲပေါက်ကွဲဗုံးဒဏ်ကြောင့် သေဆုံးသူ
၄၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထား
ပါတယ်။
Wellington မြို့မှာ ၅ ရက်ကြာ ကျင်းပနေတဲ့ ဒီညီလာခံက အခုနှစ်ကုန်ပိုင်းကျရင် ဒီ ဆင့်ကဲပေါက်ကွဲဗုံးထုတ်လုပ်မှု ပိတ်ပင်ရေး လက်မှတ်ထိုးနိုင်ဖို့အတွက် အဆင်ပြေ
ချောမွေ့အောင် လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ဒီ ဆင့်ကဲပေါက်ကွဲဗုံးထုတ်လုပ်မှု
ပိတ်ပင်ရေးအတွက် နိုင်ငံတော်တော်များများက မနှစ်က နော်ဝေးနိုင်ငံ အော်စလိုမြို့
မှာ သဘောတူခဲ့ကြတာရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
ကမ္ဘာတလွှား ဒီ ဆင့်ကဲဗုံးဒဏ်ကြောင့် ဆိုးဝါးတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရတယ်
လို့ ယူနီဆက်အဖွဲ့ရဲ့ လက်ထောက်အမှုဆောင်ညွှန်ကြားရေးမှူး ဟေလ်ဒါ ဂျွန်ဆင်
(Hilde Johnson) က ညီလာခံအဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဒါဟာ အင်မတန်ဆိုးဝါးပါတယ်။ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေလည်း ဖြစ်စေ
ပါတယ်။ ကမ္ဘာတလွှားက နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ အဲဒီလို ဆိုးကျိုးဖြစ်စေတဲ့ ဆင့်ကဲ ပေါက်ကွဲတဲ့ဗုံးတွေ ချခဲ့ကြတယ်။ လက်ဘနွန်မှာ ဒီဗုံးတွေချခဲ့သလို တခြား ဆူဒန်၊
ချာ့ဒ်၊ အယ်လ်ဘေးနီးရား၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ကမ္ဘာအနှံ့မှာ ဒီဗုံးတွေကို ချခဲ့
ကြပါတယ်”
ဒါပေမယ့် ဒီဗုံးတွေကို အဓိကထုတ်လုပ်တဲ့နိုင်ငံတွေနဲ့ လက်ဝယ် အများဆုံးရှိတဲ့နိုင်ငံ
တွေကတော့ ဒီညီလာခံကို လာတက်ခြင်းမရှိပါဘူး။ အဲဒီအထဲမှာ အမေရိကန်
ပြည်ထောင်စု၊ အစ္စရေး၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ ပါဝင်ပါတယ်။ တခြား ပြင်သစ်၊ ဂျပန်
နဲ့ ဗြိတိန်နိုင်ငံတို့ကတော့ ဒီသဘောတူညီချက် ဘယ်လိုအချက်တွေပါမယ်ဆိုတဲ့
မူကြမ်းကို ဆွေးနွေးမှု အင်အားနည်းနိုင်သမျှနည်းအောင် ဖိအားပေးနေကြပါတယ်။
နယူးဇီလန်အစိုးရကတော့ အခုလို အခက်အခဲရှိနေတဲ့ကြားကပဲ အဆုံးသတ်မှာတော့
နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် ဒီဗုံးတွေထုတ်လုပ်မှုကို ပိတ်ပင်တားဆီးနိုင်လိမ့်မယ်
လို့ အကောင်းဘက်က မြင်နေပါတယ်။ ဒီညီလာခံဟာ လက်နက်ဖျက်သိမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ နယူးဇီလန် လက်နက်ဖျက်သိမ်းရေးနဲ့ ထိန်းချုပ်ရေးဝန်ကြီး ဖေးလ်ဂေါ့ဖ် (Phil Goff) က ပြောပါ
တယ်။
လောလောဆယ် ဆွေးနွေးနေကြတဲ့ သဘောတူညီချက်အရ အပြစ်မဲ့အရပ်သားတွေကို
ထိခိုက်မယ့် ဒီ ဗုံးထုတ်လုပ်မှုကို တရားမ၀င်ကြောင်း ကြေညာမှာဖြစ်ပါတယ်။ ဒါ့အပြင်
ဒီဗုံးကို အသုံးပြုတဲ့နိုင်ငံတွေအနေနဲ့ ပဋိပက္ခပြီးတာနဲ့ အကြွင်းအကျန်တွေကို ရှင်းလင်း ပေးရမှာဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်အတွင်း အစ္စရေးနဲ့ ဟက်ဇ်ဘိုလာအဖွဲ့တို့ လက်ဘနွန်နိုင်ငံမှာဖြစ်ခဲ့တဲ့
၃၄ ရက်ကြာ စစ်ပွဲအတွင်း အစ္စရေးဘက်က ဆင့်ကဲပေါက်ကွဲတဲ့ဗုံးပေါင်း တသန်း
လောက် ချခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။