မြန်မာနိုင်ငံအတွင်း ရုပ်ရှင်ထုးချွန်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး
ဒါရိုက်တာဆုတွေနဲ့ သရုပ်ဆောင်ဆုတွေကို ရွေး
ချယ်တဲ့အခါ စစ်အစိုးရရဲ့ ပေါ်လစီတွေကို ထောက်
ခံတဲ့ကားတွေကိုပဲ အဓိကရွေးပြီး ဆုချီးမြှင့်မယ်
ဆိုရင် ရုပ်ရှင်အနုပညာအတွက် အန္တရာယ်ကြီးတဲ့
အကြောင်း အမေရိကန်ပြည်ထောင်စုမှာနေထိုင်
တဲ့ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီဝင်းဖေက ဝေဖန်
လိုက်ပါတယ်။ ၅၅ နှစ်မြောက် မြန်မာ့ရုပ်ရှင်ထူးချွန်
ဆုပေးပွဲနဲ့ ဆက်စပ်ပြီး ဒါရိုက်တာ ဦးဝင်းဖေကို
ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းတဲ့အခါ
ဦးဝင်းဖေက အခုလိုစပြောပြပါတယ်။
“ဒီအစိုးရပေါ်လစီနဲ့ပတ်သက်လို့ ထောက်ခံတဲ့ အနုပညာတွေကိုမှ ချီးမြှောက်တယ်၊ မျက်နှာသာပေးတယ်၊ ဆုချီးမြှင့်တယ်ဆိုတယ် ဘာညာဆိုတာက ဒါ အများသိတဲ့
အတိုင်း ဒီနှစ်မှမဟုတ်ပါဘူးဗျာ။ ဒီလိုလုပ်တဲ့အခါ ကျနော်တို့က စဉ်းစားဖို့ကောင်း
တယ်၊ အနုပညာနဲ့ပတ်သက်လို့ ဒါဟာ အန္တရာယ်ကြီးသလား မကြီးဘူးလားဆိုတာ။
ဥပမာအားဖြင့် ဆုပေးတဲ့အဖွဲ့ကို ဖားပြီး လာဘ်ထိုးပြီးမှ ဆုရတယ်ဆိုရင် ဒါ
ဘယ်ကောင်းပါ့မလဲ။ ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး၊ မကြိုက်ရင် အဲဒီအနုပညာ
သည်ကို အထင်သေးတယ်ဗျ။ ဒီအခြေအနေမှာကတော့ အဲဒီထက်ဆိုးတယ်ဗျ၊ ပိုပြီး
တော့။
“ကျနော်ဆိုလိုတာက အနုပညာသည်တွေက မတော်ဘူးလို့ မဆိုလိုဘူး။ ဒီခေတ်အနု
ပညာသည်တွေဟာ တော်တော်ကိုတော်တဲ့ အနုပညာသည်တွေ၊ ဒါပေမယ့် ဘယ်လို ဖြစ်လာသလဲဆိုတော့ တနှစ်ထက်တနှစ် ပိုပြီးတော့ ထူးချွန်ဆုရလိုက်ရင်ပဲ ဒီလူက
ဖားလို့ရတာလိုဖြစ်ပြီးတော့ ဒါဟာ မကောင်းဘူးပေါ့ဗျာ။ ဖြစ်လာတော့ ဒါတွေဟာ မြိုရ
အခက်၊ ထွေးရအခက်ဆိုတာမျိုး။ စားရမှာလည်း သဲနဲ့ရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီနဲ့
ဝင်းဝင်းဆိုတာမျိုး ဖြစ်တယ်ဗျ”
အခုဆိုရင် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပတယ်။
ဒီအခမ်းအနားကို စစ်အစိုးရနဲ့ သဘောထားကွဲလွဲတဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကိုတော့ တက်ရောက်ခွင့်မပေးဘူးဆိုပြီး ပြောတာမျိုးတွေလည်း ထွက်လာပါတယ်။ စစ်အစိုးရနဲ့
မပြေလည်ရင် အနုပညာနယ်က ကြဉ်ထားတဲ့လုပ်ရပ်တွေ ရှိနေတယ်ဆိုတဲ့ ပြောဆို ချက်တွေနဲ့ပတ်သက်လို့ရော ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲခင်ဗျား။
“ကျနော်တို့လည်း ကြားတာပဲဗျ၊ အဲသလိုပဲကြားတယ်။ တည့်ရင်တည့်သလို မတည့်ရင်
မတည့်သလို ဆိုတာမျိုးပေါ့ဗျာ။ ဒီနှစ်မှမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီနှစ်သတင်းက ပိုကြား
လာတယ်ဗျ။ နေရပ်ကလည်း သီးခြားဖြစ်သွားတာကိုး။ ဘယ်ထောင့်ကမှ ကြည့်လို့ မကောင်းတော့ဘူးပေါ့ဗျာ။ အမြင်မတော်တော့ဘူးပေါ့ဗျာ။ ကျနော်ကြားတဲ့ဟာတွေ အများကြီးရှိတယ်။ ဒါရိုက်တာမိုက်တီးရဲ့ကား ဒီတခါ တော်တော်ကောင်းတယ်တဲ့။ အများကနေပြောကြတယ်။ သို့သော် ကျနော် ဘာတွေသတင်းကြားသလဲဆိုတော့ မိုက်တီးဆိုတဲ့နာမည် မပြောင်းလို့ရှိရင် သူ့ကို ဘယ်တော့မှ ဆုမပေးဘူးတဲ့။ ဘယ်လောက်ကောင်းကောင်း ဆိုပြီးတော့။ ဒီသတင်းတွေ ထွက်လာတယ်။ ဟုတ်တာ
မဟုတ်တာ ကျနော် မပြောတတ်ဘူး။ ဒါ မလှတာတွေကိုပြောပြတာ။ ဒီအသံတွေက
ဒီနှစ် ပိုကျယ်လာတယ်ဗျ။ ဒါတွေဟာ မကောင်းတဲ့ အလားအလာတွေပေါ့ဗျာ”
ကျနော်တို့ ဒီနှစ်ပိုင်းတွေအတွင်း သတိထားလာမိတာဆိုရင် စစ်အစိုးရခေါင်းဆောင်
တွေက ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆုကို ပေးတဲ့အခါ တက်တက်ကြွကြွ သူတို့
ကိုယ်တိုင် ပေးတာမျိုးတွေ ရှိပါတယ်။ စစ်အစိုးရ အတွင်းရေးမှူး ၁၊ ပြန်ကြားရေး
ဝန်ကြီးတို့ တခြားဝန်ကြီးတွေ တက်ရောက်တာမျိုးပေါ့လေ။ ဟိုတုန်းကရော ဆရာတို့
ခေတ်တုန်းက ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆုချီးမြှင့်ပွဲတွေမှာ အစိုးရပိုင်သဘောမျိုး ကြီးကြပ်ဆောင်ရွက်တာမျိုးတွေ ဒီလောက် ထဲထဲဝင်ဝင် ဝင်ရောက်ပတ်သက်ခဲ့မျိုး
တွေ ရှိပါသလားခင်ဗျား။
“ရှေးတုန်းကလည်းရှိတာပဲ။ ကျနော်ကိုယ်တိုင် ရုပ်ရှင်လောကကို ၇၃ ခုနှစ်မှာမှ
ဝင်တာကိုး။ ဘာပဲပြောပြော ကျနော်ကလည်း စစ်ခေတ်ကြီးပေါ့ဗျာ၊ စစ်အစိုးရ
အုပ်ချုပ်တဲ့ ခေတ်ကြီးထဲမှာ ဝင်လာတဲ့လူဖြစ်နေတယ်။ အဲဒီတုန်းကတော့ဗျာ သိပ်
များများစားစား မလာပါဘူး။ ပြန်ကြားရေးဝန်ကြီးတို့ ယဉ်ကျေးမှုဌာနဝန်ကြီးတို့ ဘာတို့
ဒါတွေလာတတ်တယ်ဗျ။ သူတို့က သက်ဆိုင်တာကိုး။ မသက်ဆိုင်တဲ့သူတွေတော့ သိပ်
မလာပါဘူး။ သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရောက်လာတဲ့အခါ ပြည်သူနဲ့
တပ်မတော်က အဟပ်ပိုကွာလာတယ်။ ကွာလာတဲ့အခါ အနုပညာသည်တွေကို စည်းရုံး
ဖို့ဆိုပြီးတော့ နေရာတကာမှာ အများကြီး ဂရုစိုက်ပြီးလုပ်တယ်။ ဒါကတော့ ထုံးစံပါဗျာ။
ဆိုင်တဲ့ဝန်ကြီးဌာနရော၊ မဆိုင်တဲ့ ဝန်ကြီးဌာနရော ဝင်တာတွေ အများကြီးပဲ”
ဒီနှစ်ဆိုရင် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ချီးမြှင့်ခဲ့တာ ဒီနှစ် ၅၅ နှစ်ပြည့်ပြီလို့ ကြေညာပါ
တယ်။ ဒီ ၅၅ နှစ်ခရီးအတွင်းမှာ မြန်မာ့ရုပ်ရှင်အနုပညာရဲ့ အဆင့်အတန်းကို ဆရာ ဘယ်လိုသုံးသပ်မိပါသလဲ၊ တိုးတက်လာတာတွေ ရှိသလား၊ ဆုတ်ယုတ်လာတာတွေ
ရှိသလား၊ အားနည်းချက်၊ အားသာချက်တွေအပေါ်မှာ ဆရာ ဘယ်လိုမြင်သလဲ
ခင်ဗျား။
“ဒီလိုဗျ။ ရုပ်ရှင်ပညာနဲ့ပတ်သက်လို့ ဒီနေ့လူငယ်တွေ အများကြီး တိုးတက်လာတယ်
လို့ ကျနော်မြင်တယ်။ ဒါပေမယ့် တိုင်းပြည်မှာက စီးပွားရေးနဲ့ပတ်သက်လို့၊ နိုင်ငံရေး
နဲ့ပတ်သက်လို့ အစစချွတ်ခြုံကျနေတဲ့အတွက် လူငယ်တွေဟာ တိုးတက်သင့်တာ
ထက် ဆယ်စလောက်ရော့ပြီး တိုးတက်နေတယ်လို့ ကျနော်ကမြင်တယ်။ ဒီနေ့ဆိုရင် နည်းပညာတွေကလည်း အများကြီးတိုးတက်နေပြီ။ ကမ္ဘာကလည်း အတုယူစရာတွေ၊ သင်စရာတွေအများကြီး၊ ဒါပေမယ့် သူတို့မှာ ဆယ်ပုံပုံ တပုံလောက်ပဲ တိုးတက်လာ
တယ်လို့ ကျနော်ကမြင်တယ်။
“ဒီကနေ့လူငယ်တွေဟာ တိုးတက်တယ်။ အများကြီးတိုးတက်တယ်။ သို့သော် တကယ်
လို့ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုရှိမယ်ဆိုရင် ဒီကနေ့တိုးတက်မှုဟာ နောက်ထပ် ဆယ်နဲ့မြှောက်ပြီး ဆယ်စလောက်ရှိလိမ့်မယ်လို့ ကျနော်ကမြင်တယ်။ သို့သော် မြင်တဲ့
အတိုင်းပဲ။ တနှစ်လုံးမှ ရုပ်ရှင်ကား ဆယ့်တကားပဲ ထုတ်နိုင်တယ်ဆိုတာ ဒါအလွန်
ဝမ်းနည်းဖို့ကောင်းတယ်။ ဒါဟာ သင်ခန်းစာယူဖို့ကောင်းတယ်။ ဒါဟာ ပြုပြင်ဖို့
ကောင်းတယ်။ ဒီအခြေအနေမှာ ရှိပါတယ်။ ဒါဟာ ကျနော်တို့ အနုပညာ ကျနေ
သလား၊ တက်နေသလားဆိုတာ ပြတဲ့လက္ခဏာတရပ်ပဲလို့ ကျနော်ပြောချင်ပါတယ်”
အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီဝင်းဖေ ပြောဆို
သွားတာပါ။