သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ခရစ်ယာန် ဘုရားကျောင်း ကရင်ဒုက္ခသည်တွေကြောင့် ဆက်လက်တည်မြဲ


အမေရိကန်နိုင်ငံသားတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီ ပေးတာမျိုးဟာ မဆန်းပေမယ့် သူတို့အနေနဲ့ ဆင်းရဲတဲ့နိုင်ငံက က နိုင်ငံသားတွေရဲ့ အကူအညီပေးခဲ့တာကိုတော့ အကျွမ်းတဝင် မရှိလှပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု တက်နစီပြည်နယ်က လူဦးရေ ၄၀,၀၀၀ နီးပါး သာရှိတဲ့ စမိုင်းနာ (Smyrna) မြို့ငယ်လေး တခုမှာတော့ ဆက်လက်ရပ်တည်ရေးအတွက် အခက်အခဲ တွေ့နေတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တခုကို ပြန်လည်နိုးကြား လန်းဆန်းစေပြီး အသက်ဝင်စေခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ပင်တခွန် (Pentagon) က VOA သတင်းထောက် မိုက် အော့စ်ဘွန်း (Mike Osborne) ပေးပို့ထားတဲ့သတင်းကို နော်ရှိုးက တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု တက်နစီပြည်နယ်က All Saints Episcopal Church မှာ အသင်းဝင် ၂၀ ဦးသာ ကျန်ပါတော့တယ်။ အသင်းဝင်ဦးရေ အခုလို ကျဆင်းသွားတာကြောင့် ဘုရားကျောင်း အဆောက်အဦ အတွက် လစဉ် မပေးနိုင်တော့တာကြောင့် ရောင်းရလုဆဲဆဲ ဖြစ်နေခဲ့ပါတယ်။ အဲဒီလိုအချိန်မှာ အဲဒီ ဘုရားရှိခိုးကျောင်းကို မြန်မာနိုင်ငံက ကရင်ဒုက္ခသည်တွေ ရောက်လာတာကြောင့် ညတွင်းချင်း အသင်းဝင်ဦးရေ လေးဆလောက် တိုးသွားခဲ့ပါသတဲ့။ အစမှာတော့ ကရင်ဒုက္ခသည်တွေ ရောက်လာတာဟာ ကောင်းချီးထက် ဝန်ထုတ်ဝန်ပိုး ဖြစ်ခဲ့ရတယ်လို့ ဖာသာ မိုက်ကယ် စပါးလော့ခ် (Father Michael Spurlock) က ဆိုပါတယ်။

“အစတုန်းကတော့ ကျနော်တို့က စားဝတ်နေရေး ကျန်းမာရေး၊ ပညာရေးကအစ အစစအရာရာ လိုအပ်မှုတွေနဲ့ ပြည်နှက်နေတဲ့ ကရင်ဒုက္ခသည် ၇၀ လောက် ရောက်လာတာကို လက်ခံကူညီဖို့ ဘယ်လို ပြင်ဆင်ရမလဲမသိ ဖြစ်ခဲ့ပါတယ်။ ဒါ ကျနော်တို့ ရွေးချယ်တာ မဟုတ်ပါဘူး။ ဘုရားက သူတို့ကို ကျနော်တို့ဆီပို့ပေးလိုက်တာပါ။”

အဲဒီမှာရောက်လာကြတဲ့ ကရင်ဒုက္ခသည်တွေ အများစုကလည်း သူတို့အမိမြေမှာ နေစဉ်တုန်းက တောင်သူ လယ်သမားတွေ ဖြစ်ကြလေတော့ အမေရိကန်မှာ စတင် အခြေချကြရာမှာ အခက်အခဲ အမျိုးမျိုးနဲ့ ရုန်းကန်ကြရပါတယ်။ ကရင်ဒုက္ခသည်တွေ ကိုယ်စား ရဲဝင်း ဆိုသူက အခုလို သူတို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရှင်းပြပါတယ်။

“တကယ်ပါပဲ ကျနော်တို့အတွက် အမေရိကန်မှာ စတင်အခြေချရတာ အင်မတန်မှ ခက်ခဲပါတယ်။ ဆေးခန်းသွားတာတို့ အရေးေပေါ် အခြေအနေတွေ ကြုံတာတို့ အလုပ်ရှာတာတို့စသဖြင့်ပေါ့။ တချို့ဆို သွားရေးလာရေးအတွက် ကားမောင်းပို့မယ့်သူ မရှိလို့ ၄ မိုင်လောက် အသွားအပြန် လမ်းလျှောက်ကြရပါတယ်။”

ဒီလိုနဲ့ ကရင်ဒုက္ခသည်တွေဟာ လုပ်အားခ နည်းနည်းပဲရတဲ့ အသားငါးတွေ ပါကင်ထုတ်တဲ့ စက်ရုံတွေမှာ အလုပ်ရကြပါတယ်။ ဒါပေမယ့်လည်း စားဝတ်နေရေးအတွက် မဖူလုံတာကြောင့် ဘုရားကျောင်းပိုင်တဲ့ ခြံဝန်းကျယ်ကြီးထဲမှာ စိုက်ပျိုးရေးလုပ်လို့ ရမလားလို့ဖာသာ စပါးလော့ခ် ကို ခွင့်တောင်းပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစပြီး ၁ ဟက်တာ လောက်ရှိတဲ့ ဘုရားကျောင်းပိုင် ခြံကြီးထဲမှာ စတင်စိုက်ပျိုးကြပါတော့တယ်။ အခုလို တက်နစီပြည်နယ်ရဲ့ ပုံမှန်စိုက်ပျိုးရာသီထက် နောက်ကျစိုက်ပျိုးတာတောင်မှ အောင်မြင်တဲ့ အသီးအပွင့်တွေကို ရရှိခဲ့ကြပါတယ်။ ရိတ်သိမ်းချိန်ရောက်တော့ ကီလိုပေါင်း ၉,၀၀၀ ပိဿာ အားဖြင့် ၃၂,၄၀၀ လောက်ရှိတဲ့ ကောက်ပဲသီးနှံတွေကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ စားဝတ်နေရေး ဖူလုံဖို့ လိုအပ်နေတဲ့ အသုံးစားရိတ်အပြင် ဘုရားကျောင်း အဆောင်အဦအတွက် လစဉ်ပေးရမယ့်ငွေ အတွေက်ကိုပါ အထောက်အကူ ဖြစ်စေခဲ့ပါတော့တယ်။

ဖာသာ စပါးလော့ခ် က ဒီကရင်ဒုက္ခသည်တွေ ရောက်လာတာဟာ ခြောက်သွေ့ ညှိုးနွမ်းနေတဲ့ ဒီ All Saints ဘုရားကျောင်းကို အသစ်သော ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေနဲ့ပြန်လည်နိုးထပြီး သက်ဝင် လန်းဆန်း စေခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရဲ ့သီချင်းသံတွေနဲ့ဘုရားကျောင်းဟာ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဘုရားကျောင်းက အိမ်ရှင် အသင်းဝင်တွေကလည်း စိုက်ပျိုးရေး လုပ်ငန်းတွေအပြင် ကားမောင်းပေးတာတို့၊ အစိုးရနဲ့ ဆက်သွယ်တာမျိုးတို့ အပတ်စဉ် အင်္ဂလိပ်စာ သင်တန်းပေးတာမျိုးတို့မှာပါ အားတက်သရော တက်တက်ကြွကြွ ပါဝင်ကူညီ လုပ်အားပေးလာကြပါတယ်။

ကရင်ဒုက္ခသည်တွေဟာ ဈေးကွက်ရှာရာမှာလည်း ပါးနပ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ ချဉ်ပေါင်ရွက် ဟာ အမေရိကန်တွေ လုံး၀ အကျွမ်းတဝင် မရှိတာကြောင့် ဘုရားကျောင်းက အိမ်ရှင်အသင်းဝင်တို့က အားမပေးတဲ့ကြားက စမ်းစိုက်မယ်ဆိုပြီး စိုက်ခဲ့ကြပါတယ်။ ခြံကထွက်တဲ့ ချဉ်ပေါင်ရွက် တွေကို အဲဒီဒေသက တခြား အာရှနွယ်ဖွားတွေက လာရောက် အားပေးကြတာကြောင့် အရောင်းအသွက်ဆုံး ဟင်းရွက် ဖြစ်ခဲ့ကြပါတယ်။ ဒီလာမယ့် နွေဦးမှာ ပထမနှစ်ထက် ပိုပြီး စိုက်ပျိုးရေးတွေကို တိုးချဲ့ဖို့ အစီအစဉ်ရှိတဲ့အပြင် ဘုရားကျောင်းဝန်းထဲမှာတင် ကောက်ပဲသီးနှံ ရောင်းတဲ့ ဆိုင်တဆိုင်ဖွင့်ဖို့ အစီအစဉ် ရှိတယ်လို့ ဆိုပါတယ်။ ဖာသာ စပါးလော့ခ် ကလည်း သူ့အနေနဲ့ ကရင်ဒုက္ခသည်တွေရဲ့ဆက်လက် ပညာသင်ခွင့်တွေ ရရှိဖို့အတွက် ရည်ရွယ်ချက် ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG