ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုက ဒီနှစ်အတွက် လက်ခံဖို့ရာထားတဲ့ ဒုက္ခသည် ရှစ်သောင်းရှိပါတယ်။ အဲဒီအထဲမှာ အရှေ့အာရှနိုင်ငံတွေက ဒုက္ခသည် ၁၉၀,၀၀၀ ကို ၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ လက်ခံဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ လူသားအရင်းအမြစ်ဌာန နဲ့ အမိမြေ လုံခြုံရေးဌာန တို့က အဆိုပြု ထားတာပါ။ ဒီစာရင်းအရ အရှေ့အရှနိုင်ငံတွေက ပြီးခဲ့တဲ့နှစ်ကလက်ခံတဲ့ စာရင်းနဲ့စာရင် ၁,၀၀၀ လျော့သွားပါတယ်။
အရှေ့အာရှ နိုင်ငံတွေက ဒုက္ခသည်တွေလို့
ဆိုပေမယ့် ပြီးခဲ့တဲ့နှစ် ၂၀၀၈ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံက ဒုက္ခသည် ၁၇,၀၀၀ ကို
အမေရိကန်ပြည်ထောင်စု က လက်ခံဖို့ ဆုံးဖြတ်ခဲ့တာပါ။
ထိုင်းနိုင်ငံအတွင်းက ဒုက္ခသည်စခန်း ကိုးခုမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ အသိအမှတ် ပြုထားတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၁၄၀,၀၀၀ လောက် ရှိပါတယ်။ မလေးရှားနိုင်ငံမှာ UNHCR ကနေ ဒုက္ခသည်အဖြစ် လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၃၅,၀၀၀ လောက်ရှိပါတယ်။ အဲဒီအထဲမှာ ရိုဟင်ဂျာလူမျိုး ၁၃,၀၀၀ ကျော်နဲ့ အခြား မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အပါအ၀င် ဒုက္ခသည် ၂၁,၀၀၀ ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံတဲ့စာရင်းမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဦးစာပေး ၂ အုပ်စုထဲမှာ ထည့်သွင်းပါတယ်။ ထိုင်း မြန်မာနယ်စပ် ဒုက္ခသည် စခန်း ကိုးခုမှာ မှတ်ပုံတင်ထားတဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးကနေ အသိအမှတ်ပြု လက်ခံထားသူတွေကို ပြန်လည် နေရာချထားရေးအတွက် အကြုံးဝင် တယ်လို့ ဖော်ပြပါတယ်။ အစီရင်ခံစာအရ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံပြီး မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုထားတဲ့သူတွေလည်း အမေရိကန် ပြည်ထောင်စုကို ပြောင်းလဲ အခြေချဖို့ အကြုံးဝင်တယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတ၀ှမ်းမှာ ဒုက္ခသည် စုစုပေါင်း ၁၆ သန်းအထိ တိုးလာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အများဆုံးကတော့ အာဖဂန်၊ အီရတ်နဲ့ ဆူဒန်နိုင်ငံတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ဒုက္ခသည် ၈၀,၀၀၀ ကို ၂၀၀၉ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အခြေချနိုင်အောင် လက်ခံဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက အစီရင်ခံစာ လွှတ်တော်ကို တင်ပြထားတာဖြစ်ပါတယ်။