ထိုင်းနိုင်ငံက ရွေ့ပြောင်းအလုပ်သမားအားလုံးကို လာမယ့် ၂၀၁၀ ဖေါ်ဖေါ်ဝါရီလကစပြီး နိုင်ငံကူး လက်မှတ် အထောက်ထားသစ် လုပ်ဖို့ မြန်မာနိုင်ငံကို ပြန်ပို့မှုာဖြစ်ပြီးတော့ လက်ရှိ အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင် ထားသူတွေကိုလည်း ဒီနှစ်အတွက်ပဲ သက်တမ်း တိုးမယ်တော့မယ်လို့ ဒီနေ့ထုတ် Chiang Mai mail online သတင်းစာမှာေ ဖါ်ပြထားပါတယ်။ အခုအစဉ်ဟာ အလုပ်သမားတွေအဖို့ အခက်ခဲဖြစ်နိုင်တဲ့ အပြင် အကောင်ထည် ဖေါ်ဖို့လည်း ခက်ခဲမှာဖြစ်တဲ့အကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ဝေဖန်ပြော ဆိုမှုတွေရှိပါတယ်။
အလုပ်သမားအရေး ကူညီနေတဲ့ ချင်းမိုင် အခြေစိုက် MAP foundation ဒါရိုက်တာ Jackie Pollock က နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာဘက်က နေ့စဉ် လက်ခံ အရေတွက် အရဆိုရင် နှစ် ၂၀ လောက်ကြာ သွားနိုင်တယ်လို့ ခုလိုပြောပါတယ်။
“မြန်မာဘက်က ပြောတာက နိုင်ငံကူးလက်မှတ် အထောက်ထား လုပ်တဲ့ကာလမှာ နယ်စပ် ၃ နေရာက တရက်ကို အယောက် ၂၀၀ လုပ်ပေးမယ့်ပေါ့။ ဆိုလိုတာကတော့ ချင်းမိုင်၊ ဘန်ကောက်အပါဝင် ထိုင်းနိုင်ငံ အနှံ့က ရွေ့ပြောင်း အလုပ်သမား ၂၀၀ ဟာ အလုပ်ရှင်တွေနဲ့ အတူ နယ်စပ်ကို နေ့တိုင်း သွားကြဖို့ဆိုတာ အလုပ်သမားတွေအတွက် အခက်ခဲရှိပါတယ်။ တကယ်လို့ မြန်မာ အာဏာပိုင်တွေက နေ့စဉ် အယောက် ၂၀၀ လုပ်ပေးနိုင်သည် ထားဦး အများဆုံး လုပ်ပေးနိုင်ရင် တနှစ်ကို တသိန်း နှစ်သောင်း လောက်ပဲ လုပ်ပေးနိုင်မှာပါ။ ဒီအတိုင်းဆိုရင် ထိုင်းနိုင်ငံရောက် မြန်မာတွေ အားလုံး အထောက်ထားရဖို့ နှစ် ၂၀ လာက်တောင် စောင့်ရမလိုဖြစ်နေပြီ”
၂၀၀၃ ခုနှစ်ကတည်းက ဒီအစီစဉ်ကို အကောင်ထည်ဖေါ်ဖို့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီ၊ တာချီလိတ်နဲ့ ကော့သောင်း မြို့တွေကနေ ထုတ်ပေးမယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရောက် လာအိုနဲ့ ကမ်ပူးချား အလုပ်သမားတွေကို ဘန်ကောက်မှာရှိတဲ့ သူတို့ရဲ့ သံရုံးတွေက နိုင်ငံသား အသိမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့လို့ နိုင်ငံရင်းကို ပြန်စရာ မလိုခဲ့ဘူး လို့လည်း သိရပါတယ်။
အလုပ်သမား အရေးကူညီနေတဲ့ မြန်မာ့ ဒီမိုကရေစီရရှိရေး ထိုင်း လှုပ်ရှားမှုကော်မတီ TACDB က ဦမြင့်ဝေက အလုပ်သမားတွေဟာ စစ်အစိုးရကို မယုံတဲ့အတွက် ဘန်ကောက် မြန်မာသံရုံးက စီစဉ်မှသာ ဖြစ်နိုင်မယ်လို့ ခုလိုရှင်းပြပါတယ်။
“ဖြစ်နိုင်ခြေကတော့ ပြသနာက ဗမာပြည်သူတွေက အစိုးရကို မယုံဘူးဗျာ၊ အဲဒီတော့ လူဦးရေ သိပ်နည်းနေတယ်။ ဒီကိစ္စ ကိုဆောင်ရွက်ဖို့၊ ပထမ တကြိမ် လုပ်တုန်း ကလည်း ဗမာအစိုးရက အချက်ဘက်တွေ ကောက်လိုက်တာ သူ့ရဲ့ အောက်ခြေ ဝန်ထမ်းတွေက အလုပ်သမားတွေ အိမ်တွေမှာ ၅၀၀၀၀ တို့၊ ၁၀၀၀၀၀၀ တို့ အနိုင်ကျင့်ပြီး ပိုက်ဆံတွေ တောင်းကြတယ်။ အဲဒီမှာ အခု ဒီအဆင့် ဒုတိယ အကြိမ်ပြန်လုပ်တော့ ဗမာအလုပ် သမားတွေက စိုးရိမ်မှုရှိတယ်။ သံသယရှိနေတော့ ဒီဥစ္စာ ဖြစ်နိုင်မှုက တော်တော် ခက်နေတယ်။ အဖြစ်နိုင်ဆုံးကတော့ ဗမာအစိုးရ ဘန်ကောက်သံရုံးက နေလာပြီး လုပ်ပေးရင် ဖြစ်နိုင်ဆုံးပဲ။ ”
အာဏာပိုင်တွေဟာ ၂၀၀၈ ခု ဆန္ဒခံယူပွဲ ကာလက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ပြန်လာဖို့ မိသားစုဝင်တွေကို ဖိအား ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ရွေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံကူး အထောက်ထား လက်မှတ် ထုတ်ပေးရေး အစီစဉ်ဟာ အာဏာပိုင်တွေဘက်က နိုင်ငံရေး ရည်ရွယ်ချက် လုပ်ထာလည်း ဖြစ်နိုင်တယ်လို့ ဥိးမြင့်ဝေက ခုလိုသုံးသပ်ထားပါသေးတယ်။
“ခုလက်ရှိ ထိုင်းနိုင်ငံထဲမှာ ခိုးဝင် အလုပ်လုပ်နေသူတွေက မြန်မာပြည်ထဲမှာရှိ တယ်မရှိဘူး ဆိုတာ ဘယ်သူမှ မသိဘူးလေ။ သူတို့က အိမ်မှာ လူစာရင်း ပြထားပြီးတော့ ရှိနေတာတွေလည်း ရှိတယ်။ အခု သူတို့က ပတ်စပို့ လုပ်ပေးပြီးတော့မှ အဲဒီ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒ သဘောထားကို တရားဝင် ပတ်စပို့ ပေးထားတဲ့အတွက် နိုင်ငံခြားမှာလည်း မဲယူလို့ ရတာပေါ့နော်။ ဒါမျိုးတွေလည်း လုပ်လို့ရတယ်။ အိမ်ကို ပြန်လာပြီး မဲပေး ခိုင်းတာမျိုးလည်း လုပ်လို့ရတယ်။”
အလုပ်သမားအရေး ကူညီနေသူတွေက ထိုင်းနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ မြန်မာ အလုပ်သမား ၂သန်း နီးပါးရှိတယ် ခန်းမှန်းကြပြီး ခုလုပ်မယ့် အစီစဉ်ဟာလည်း အကောင် ထည်ဖေါ်ဖို့ ခက်ခဲကြောင်း ပြောဆိုသွားကြတာဖြစ်ပါတယ်ခင်ဗျ။