သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာ ၁၉၈ ဦး အင်ဒိုနီးရှား ကယ်တင်


အင်ဒိုနီးရှားနိုင်ငံ ဆူမားထရားကျွန်းစုမြောက်ပိုင်း အာချေးပြည်နယ်အနီး ပင်လယ်ပြင်ကနေ မြန်မာနိုင်ငံက လာတယ်ဆိုတဲ့ ရိုဟင်ဂျာ ၂၀၀ နီးပါးကို အင်ဒိုနီးရှား အာဏာပိုင်တွေက မနေ့ နေ့လယ်ပိုင်းက ကယ်ဆယ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီဒုက္ခသည်တွေရဲ့ အခြေအနေ၊ အင်ဒိုနီးရှား အာဏာပိုင်တွေက ကိုင်တွယ်တုံ့ပြန်မှု ဘယ်လိုရှိသလဲဆိုတာ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လာတယ်ဆိုတဲ့ ဒီ ရိုဟင်ဂျာ ၁၉၈ ဦးဟာ ပင်လယ်ထဲမှာ သစ်သားလှေနဲ့ သုံးပတ်ကြာလောက် နေခဲ့ရပြီးနောက် အင်ဒိုနီးရှား အာချေးအနီးကို ရောက်လာတာလို့ ဒုက္ခသည်တွေပြောတာကို ကိုးကားပြီး သတင်းတွေမှာ ရေးပါတယ်။ သူတို့ဟာ ပင်လယ်ထဲ အစာရေစာငတ်ပြတ်ပြီး ပင်လယ်ထဲမှာပဲ ၂၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံတွင်းမှာ ဖိနှိပ်မှုတွေ မခံနိုင်လို့ ထွက်ပြေးလာတယ်လို့ ပြောတဲ့အကြောင်း အင်ဒိုနီးရှား ရဲအရာရှိတဦးကို ကိုးကားပြီး ဒီပီအေသတင်းတရပ်မှာလည်း ရေးထားပါတယ်။ ဗွီအိုအေကနေပြီးတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနကို ဆက်သွယ်မေးမြန်းတော့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ တူကူ ဖီဆာရှား (Teuku Faizashar) က အခုလိုပြောပါတယ်။

“ကျနော်တို့ရထားတဲ့ ကနဦး အစီရင်ခံချက်အရတော့ ဒီလူတွေကို ဒေသခံအာဏာပိုင်တွေက ပြုစုစောင့်ရှောက်ထားပါတယ်။ အဲဒီအထဲက ကျန်းမာရေးမကောင်းသူတွေကို ဆေးရုံပေါ်မှာ ကုသထားပါတယ်။ မနက်ဖြန်ဆိုရင်တော့ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တဦးဦး သွားရောက်ကြည့်ရှုဖို့ ရှိပါတယ်။”

သူတို့ကို အခြား ကုလသမဂ္ဂ အေဂျင်စီတွေ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မျိုး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ တွေ့ခွင့်မရသေးပါဘူး။ သူတို့ထဲက ၂၀ ကျော်ကတော့ ပင်လယ်ထဲမှာ အစာရေစာပြတ်လပ်တဲ့ဒဏ်နဲ့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေလို့ ဆေးရုံတင်ထားရပါတယ်။ လက်ရှိအားဖြင့် သူတို့ရဲ့လိုလားချက် အင်ဒိုနီးရှားဘက်က ဘာလုပ်ပေးနိုင်မလဲ စသဖြင့် အချက်အလက်တွေကို အရင်စုံစမ်းရှာဖွေမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဖီဆာရှားက ပြောပါတယ်။

“အရင်ဆုံးတော့ သူတို့နဲ့ပတ်သက်လို့ အချက်အလက်တွေ ကျနော်တို့ စုဆောင်းဖို့လိုပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ဆီက မနက်ဖြန် သွားဖို့ရှိပါတယ်။ သူတို့ရဲ့အခြေအနေတွေ၊ သူတို့ဘယ်လိုရှိနေတယ် စသဖြင့် အရင်ဆုံးတော့ စုံစမ်းမေးမြန်းရပါဦးမယ်။ ကျနော်တို့အနေနဲ့ လူသားချင်းစာနာမှုအနေနဲ့ အရေးတကြီး ဘာတွေလုပ်ဆောင်ဖို့ လိုအပ်တယ်၊ သူတို့ဘက်က ကျနော်တို့ဆီက ဘာတွေတောင်းဆိုမယ်၊ လိုအပ်တယ် စသဖြင့် ဒါတွေ အရင်ဆုံးလုပ်ရပါဦးမယ်။”

အလားတူ မြန်မာနိုင်ငံကဆိုတဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသမှာပဲ ပြီးခဲ့တဲ့အပတ်အတွင်းကပဲ အင်ဒိုနီးရှား အာဏာပိုင်တွေက ကယ်တင်ခဲ့ရဖူးပါတယ်။ သူတို့ကို ထိုင်းနိုင်ငံရေတပ်ကနေ အရင်ဆုံးဖမ်းဆီးမိပြီး ပင်လယ်ထဲကို စက်မပါဘဲ မျှောလွှတ်ခဲ့တယ်လို့ အခု ကယ်ဆယ်ရမိတဲ့ ဒုက္ခသည်တွေက ပြောနေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးမှာရှိတဲ့ ကျနော်တို့ ဗွီအိုအေအဖွဲ့သား ဒေါ်ခင်စိုးဝင်းကလည်း ဒီအကြောင်းကို မေးမြန်းစုံစမ်းနေပါတယ်။

အဲဒီတော့ ထိုင်းဘက်ကရော ဒါနဲ့ပတ်သက်လို့ ဘာများ တုံ့ပြန်တာရှိသလဲ ဒေါ်ခင်စိုးဝင်းခင်ဗျ။ အထူးသဖြင့် မနေ့က အင်ဒိုနီးရှားက ကယ်လိုက်ရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ပေါ့။

“အခု နောက်ဆုံးကြားရတဲ့ အင်ဒိုနီးရှားရေတပ်က ကယ်တင်ခဲ့တယ်ဆိုတဲ့ ရိုဟင်ဂျာတွေဟာ ထိုင်းရေတပ်က ပင်လယ်ထဲကို မောင်းထုတ်ခဲ့တဲ့ ရိုဟင်ဂျာတွေ ဟုတ်မဟုတ်ဆိုတာ စုံစမ်းဖို့အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ သူတို့ သတင်းအချက်အလက်တွေ မရသေးလို့ ဘာမှ မှတ်ချက်မပေးနိုင်သေးဘူး၊ ဘာမှလည်း ပြောစရာမရှိသေးဘူးလို့ပဲ သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောပါတယ်။ နောက် ပြောရေးဆိုခွင့်ရှိသူကိုလည်း အခုထိ ဆက်သွယ်လို့ မရသေးပါဘူး။

“ဒါပေမယ့် ထိုင်းဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရသူ မစ္စတာပန်နီတန်နဲ့တော့ ကျမ စကားပြောခွင့် ရခဲ့ပါတယ်။ သူပြောတာကတော့ ဒီရိုဟင်ဂျာတွေကိစ္စကို ထိုင်းအမျိုးသား လုံခြုံရေးကောင်စီကနေ ကိုင်တွယ်နေပါတယ်တဲ့၊ မကြာခင် ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ဖို့ ရှိပါတယ်တဲ့၊ နောက် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ (Abhisit Vejjajiva) က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်ကို စီးပွားရေးညီလာခံ ပြီးခဲ့တဲ့အပတ်က သွားတက်တုန်းက ဂျနီဗာမြို့မှာရှိတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး တာဝန်ရှိသူတွေနဲ့တွေ့ပြီး ဒီရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို ဆွေးနွေးခဲ့တယ်လို့ ပြောပြပါတယ်။

“နောက် ရိုဟင်ဂျာရဲ့ ပြဿနာဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြဿနာ မဟုတ်တော့ဘဲ ဒေသတခုလုံးမှာရှိတဲ့ နိုင်ငံတွေကိုပါ တိုက်ရိုက် ရိုက်ခတ်လာတာမို့ ဝိုင်းပြီးအဖြေရှာကြဖို့ အချိန်ကျရောက်နေပါပြီတဲ့။ ဒါကြောင့် ထိုင်းနိုင်ငံက အိမ်ရှင်လုပ်ပြီး ဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးသွားမယ်၊ အဆိုပြုထားတာဖြစ်တယ်ဆိုပြီး မစ္စတာပန်နီတန်က ဖြေကြားသွားပါတယ်။”

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ထိုင်းအစိုးရရဲ့ တုံ့ပြန်ကိုင်တွယ်နေတာတွေကို ဘန်ကောက်ရုံးကနေ ဒေါ်ခင်စိုးဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခု ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကိစ္စဟာ ဒေသတခွင်မှာတော့ အတော်လေးကို ဂယက်ရိုက်နေပါတယ်။ နိုင်ငံတကာက လူကုန်ကူးတဲ့ မှောင်ခိုဂိုဏ်းတွေဟာ ဒီကိစ္စနောက်ကွယ်မှာ ပါဝင်ပတ်သက်နိုင်တယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာလည်း ရေးထားပါတယ်။ လူမှောင်ခိုဂိုဏ်းတွေကနေ ငွေယူပြီး ဒီလူတွေကို ထိုင်း ဒါမှမဟုတ် မလေးရှားအထိ ပို့ပေးမယ်ဆိုကာ လှေအစင်းလိုက်နဲ့ ပို့ပေးနေတာလို့ သိရပါတယ်။ အခု ရိုဟင်ဂျာအရေးကို ဒေသအတွင်းမှာ အစည်းအဝေးခေါ်ယူဖို့ ထိုင်းဘက်က အဆိုပြုနေပေမယ့် အခြားတုံ့ပြန်ချက်တွေတော့ မရသေးပါဘူးး။ မြန်မာအစိုးရကတော့ ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသားစာရင်းထဲမှာ မပါဝင်ဘူးလို့ပဲ ငြင်းဆန်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG