ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေကြောင်းပိုင်နက်ကို လုံခြုံအောင် ကာကွယ်ရေးမှာ အမေရိကန်ပြည်ထောင်စုက အကူအညီ ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တောင်အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Richard Boucher က ပြောဆိုပါတယ်။
မြန်မာ၊ အိန္ဒိယ နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ရေကြောင်းပိုင်နက်ကို လုံခြုံအောင် ကာကွယ်ရေးနဲ့ စစ်ရာဇဝတ် သားတွေကို နှိမ်နှင်းရေး ကိစ္စတွေမှာ အမေရိကန်ပြည်ထောင်စုက အကူအညီပေးမယ်ဆိုပြီး Richard Boucher က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကို ကတိပေးပြောဆိုပါတယ်။
တောင်အာရှ ဒေသ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ဒေသတွင်း တပ်ဖွဲ့တွေ ပူးပေါင်းပြီး တာဝန်ယူရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဆိုပြုထားတာကိုလည်း အမေရိကန်ပြည်ထောင်စုက ထောက်ခံ ပြောဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မမ်ဘိုင်းမြို့ တိုက်ခိုက်ခံခဲ့ရတာကို ကြည့်မယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး မှာ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဘို့ လိုအပ်နေတယ်ဆိုတာ ပြသနေတယ်လို့ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Richard Boucher က သတင်းထောက်တွေကို ပြောပါတယ်။ ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းတပ်ဖွဲ့ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက် ကြုံခဲ့ရပါတယ်။ ဝန်ကြီးချုပ် Sheikh Hasina ကိုယ်တိုင် လူထုစည်းဝေးပွဲအတွင်း လက်ပစ်ဗုံးနဲ့ ဖေါက်ခွဲ တိုကိခိုက်တာကို ခံခဲ့ရဘူးပြီး နားအကြားအာရုံ တချို့ ထိခိုက်ခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Richard Boucher က မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကို စိတ်ပူတဲ့အကြောင်းနဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်မှုတွေ အဆုံးသတ်ဘို့ လိုတဲ့အကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။