မြန်မာစာပေလောကမှာ ထင်ရှားတဲ့ ကဗျာဆရာ စာပေပညာရှင်တဦးဖြစ်တဲ့ ဆရာကြီး
မင်းသုဝဏ်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါ
တယ်။ မွန်းလွဲပိုင်းအထိ ကျင်းပခဲ့တဲ့ ဆရာကြီးရဲ့ မွေးနေ့အခမ်းအနားကိုတော့ တခြား
စာပေလောကက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အပါအဝင် သူ့ကို ချစ်ခင်လေးစားသူ ရာနဲ့ချီ
တက်ရောက်ခဲ့ကြတယ်လို့ အခမ်းအနားစီစဉ်သူတွေနဲ့ မိတ်ဆွေတွေက ပြောပြကြပါ
တယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။
ကွယ်လွန်သူ ထင်ရှားတဲ့ ကဗျာဆရာ စာပေပညာရှင် မင်းသုဝဏ် ခေါ် ဦးဝန်ရဲ့ အနှစ်
၁၀၀ ပြည့် မွေးနေ့အခမ်းအနားအဖြစ် မိသားစုက ရန်ကုန်မြို့ ကမာရွတ်၊ လှည်းတန်းမှာ
ရှိတဲ့ ဆရာကြီးရဲ့ သပြေညိုရိပ်သာအိမ်မှာ ကျင်းပခဲ့တာပါ။ နှစ် ၁၀၀ ပြည့်မွေးနေ့
ဖြစ်တာမို့လည်း ဆရာကြီးနဲ့ရင်းနှီးသူ စာပေလောကက ပုဂ္ဂိုလ်တွေ၊ ချစ်ခင်လေးစားသူ
ရာနဲ့ချီပြီး အခမ်းအနားကို ရောက်လာခဲ့ကြတယ်လို့ ဆရာမင်းသုဝဏ်ရဲ့ ရာပြည့်မွေးနေ့
ပွဲကို ကမကထလုပ် စီစဉ်သူတဦးဖြစ်တဲ့ သားဖြစ်သူ ဦးထင်ကျော်က ပြောပြပါတယ်။
“ကျနော်တို့ အဘရှိစဉ်ကတည်းက အတိုင်းပါပဲ။ နှစ်စဉ် အဘမွေးနေ့ဆိုရင် ထမနဲ
ထိုးလေ့ရှိပါတယ်။ စာပေလောကက အဘမိတ်ဆွေတွေ၊ တပည့်တွေ လာဆုံကြ၊
စကားပြောကြ၊ အဲဒီလိုပါပဲ။ ဒီနှစ်တော့ စာရေးဆရာထဲက သုံးလေးယောက်လောက်ကို
ပြောလိုက်ပါတယ်။ အဘလည်း ရာပြည့်ဖြစ်နေတော့ အဘမွေးနေ့ အတိအကျ
၁၀ ရက်နေ့မှာလုပ်မယ်။ ခါတိုင်းဆိုရင်တော့ ပြည်ထောင်စုနေ့၊ ဒါမှမဟုတ် နီးရာ စနေ၊
တနင်္ဂနွေမှာ လုပ်လေ့ရှိပါတယ်။ အဲလိုပြောလိုက်တော့ တဆင့်တဆင့်နဲ့ ဖြစ်သွားပြီး
တော့ ထုံးစံအတိုင်း လာဆုံကြတဲ့ သဘောပါပဲ။ အချင်းချင်း ဧည့်ခံကြတာပါပဲ။
ရှေးဟောင်းနှောင်းဖြစ်ပြောကြ၊ အဲဒီလိုပါ။
“စာပေပညာရှင်ထဲကဆိုရင် ဆရာကြီး ဒဂုံတာရာ၊ ဆရာပါရဂူ၊ ဓနုဖြူ
ဆရာမောင်ခင်မင်၊ ဆရာဇော်ဇော်အောင်၊ ဆရာမောင်သာနိုး၊ ဆရာ တက္ကသိုလ်
ဝင်းမော်၊ ဆရာ ပါမောက္ခဦးသန်းထွဋ်၊ ဆရာမင်းယုဝေ၊ စသည်ဖြင့် အဲဒီပုဂ္ဂိုလ်တွေ
လာကြပါတယ်။ တော်တော်လေးတော့ လာကြပါတယ်။ ကျနော်တို့ အဲဒီလောက်
မမျှော်လင့်ပါဘူး။ ၇၀၀၊ ၈၀၀ ပေါ့၊ ၈၀၀ လည်း ကျော်နိုင်ပါတယ်။ အဲဒီလောက်တော့
ပြောပါတယ်။ မမျှော်လင့်ပေမယ့်လည်း အဘရဲ့ ရာပြည့်ဆိုတော့ သံယောဇဉ်နဲ့
ပေါ်ချင်လည်း ပေါ်လာမယ်ဆိုပြီးတော့ ထမနဲတောင် ဒယ် ၅၀ ထိုးဖြစ်ပါတယ်။”
ဒီကနေ့အခမ်းအနားကို လာကြတဲ့ ဧည့်သည်တွေကိုတော့ စာမျက်နှာ ၄၀ ကျော်ရှိတဲ့
ဆရာကြီးရဲ့ ကဗျာ ၁၂ ပုဒ်နဲ့ ဘဝဖြစ်စဉ်တွေကို ဖော်ပြထားတဲ့ စာစောင်တခုကိုလည်း
ဝေငှပေးနိုင်ခဲ့တယ်လို့ ဆရာကြီးရဲ့သားဖြစ်သူ ဦးထင်ကျော်က ပြောပါတယ်။
တကယ်တော့ ဆရာကြီး မင်းသုဝဏ်ဟာ မြန်မာစာပေလောကမှာ မှတ်တိုင်တခုဖြစ်ခဲ့
တဲ့ ခေတ်စမ်းစာပေ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ၊ ကလေးကဗျာတွေ စပ်ဆိုခဲ့တာ၊ မွန်၊
မြန်မာ၊ ပါဠိ စတဲ့ အဘိဓာန်ကျမ်းတွေကို ပြုစုခဲ့တာ စတဲ့ စာပေလောကအတွက်
ကြိုးပမ်းခဲ့သူတဦးအဖြစ် ထူးထူးခြားခြား အမှတ်ရနေသူတွေထဲက တဦးကတော့
သတင်းစာဆရာကြီး ဦးဝင်းတင်ပါ။
“စဉ်းစားကြည့်လေ၊ စာရေးဆရာတယောက်၊ ကဗျာဆရာတယောက်၊ လူထုဆီကနေ
ကြည်ညိုလေးစားတဲ့လူတယောက်၊ လူထုရဲ့ အသည်းနှလုံးထိ ထွင်းဖောက်အောင် ရသ
စာပေတို့၊ ကဗျာတို့၊ စာပေတို့ ဆိုတဲ့ဟာတွေကို ရေးနိုင်သားနိုင်တဲ့ ပုဂ္ဂိုလ်များထဲက
အနှစ် ၁၀၀ ပြည့်ဖို့ဆိုတာ ခက်ခဲတယ်ဗျ။ လူတိုင်းက ဒီလိုအခွင့်အရေးမျိုး မရနိုင်ဘူး
ပေါ့။ အခု သူက နည်းနည်းနောနော ဂုဏ်သိက္ခာမှမဟုတ်ဘဲ။ ဆရာမင်းသုဝဏ်တို့၊
ဆရာဇော်ဂျီတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အလွန့်ကို ခဲတောင့်ခဲယဉ်းဖြစ်လာတဲ့ ပုဂ္ဂိုလ်များ။
ဒီလိုပုဂ္ဂိုလ်မျိုးက တိုင်းပြည်တပြည်လုံးမှာ ဘယ်လောက်မှလည်း များတာမဟုတ်ဘူး။
ကြုံတောင်ကြုံခဲပဲ။
“မနေ့တနေ့ကဆိုရင် ဆရာဇော်ဂျီတို့လို ပုဂ္ဂိုလ်မျိုးတွေ အနှစ် ၁၀၀ ပြည့်သွားတယ်။
လာမယ့် လေးငါးနှစ်အတွင်းမှာကို လူထုဦးလှတို့လို ပုဂ္ဂိုလ်မျိုးတွေက အနှစ် ၁၀၀ ပြည့်
တော့မယ်။ ဒီလို ရှားရှားပါးပါးဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေဟာကို ဒီလို တားလားဆီးလား၊
ပိတ်လားပင်လား လုပ်တယ်ဆိုတာတော့ အတော်ကို မကောင်းတဲ့ဟာပဲဗျာ။ ပြီးတော့
တိုင်းပြည်ကိုပါ ဂုဏ်ယူစရာကောင်းတဲ့ ဖြစ်ရပ်တွေဗျ။”
ဆရာမင်းသုဝဏ်ရဲ့ ဒီနေ့အခမ်းအနားကို တက်ရောက်ခဲ့သူတဦးဖြစ်တဲ့ သတင်းစာ
ဆရာကြီး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီလို စာပေလောကမှာ ထင်ထင်ရှားရှား ဆောင်ရွက်ခဲ့တာတွေအပြင် မြန်မာနိုင်ငံမှာ
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုအုံကြွမှုတွေ ပေါ်ပေါက်ခဲ့တဲ့နောက်ပိုင်း အတိုက်
အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) မှာ ဆရာမင်းသုဝဏ် ပါဝင်လာ
ခဲ့ပြီးတော့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး
ဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့တာပါ။ ဒီအတွက်လည်း နောက်ပိုင်း
မှာ အာဏာပိုင်တွေက ဆရာကြီးရဲ့ စာပေတွေကအစ တားမြစ်ခဲ့တာတွေလည်း ရှိခဲ့တာ
ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ဆရာကြီးဟာ အန်န်အယ်လ်ဒီပါတီက နုတ်ထွက်ခဲ့ပြီး
စာပေလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ရင်းနဲ့ ရန်ကုန်မြို့နေအိမ်မှာပဲ အသက်
၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။