ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာခဲ့ပေမယ့် သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်လာမယ်လို့ မမျှော်လင့်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောကြား လိုက်ပါတယ်။ မြန်မာအာဏာပိုင်တွေဘက်ကတော့ မစ္စတာ ကင်တားနား ရောက်ရှိလာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဇာဂနာ အပါအ၀င် မီဒီယာသမား တချို့အပေါ် ချမှတ်ထားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို လျော့ပေးခဲ့ပါတယ်။ မစ္စတာ ကင်တားနား အနေနဲ့ ၅ ရက်ကြာ သူ့ရဲ့ ခရီးစဉ်အတွင်း အဲန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဖို့ရှိသလား။ တွေ့ခဲ့ရင်ရော အဲန်အယ်လ်ဒီ ဘက်က ဘာတွေ တင်ပြဖို့ ရှိသလဲ ဆိုတာကို မသင်းသီရိ က တင်ပြထားပါတယ်။
ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာစုံစမ်းတဲ့အခါမှာ တရားရေးမဏ္ဍိုင် ယိုင်နဲ့နေမှုကို အဓိကထားစေချင်တယ်လို့ အတိုက်အခံ နိုင်ငံရေးပါတီ အဲန်အယ်လ်ဒီ က ပြောပါတယ်။ ဒီကနေ့ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သူ့ရဲ့ ခရီိးစဉ်အတွင်းမှာ အဲန်အယ်လ်ဒီ ပါတီနဲ့ တွေ့ဆုံဖို့ အကြောင်းကြားတာ မရှိသေးပေမယ့် တွေ့ခွင့်ရတဲ့အခါမှာ တရားဥပဒေမဲ့နေတဲ့ အခြေအနေတွေကို ပြောပြဖို့ရှိတယ်လို့ အဲန်အယ်လ်ဒီ ပါတီရဲ့ ပြောခွင့်ရသူ
ဦးဉာဏ်ဝင်း က ပြောပါတယ်။
“အကြောင်းကြားတာတော့ အခုထိ မရှိဘူး။ အရင် နောက်ဆုံးအခေါက် လာခဲ့တုန်းကတော့ အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့နဲ့တွေ့သွားပါတယ်။ အခုချိန်မှာကတော့ - မြန်မာပြည်မှာကတော့ အမှန်ကတော့ လူ့အခွင့်အရေးက အချက် ၃၀ လုံးလုံး လိုပါပဲ။ ဒါပေမယ့် အဓိကအားဖြင့်တော့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ကိစ္စကိုတော့ ကျနော်တို့ ဆွေးနွေးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ရှေ့နေတွေ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရှိတာ ရှေ့နေတွေနဲ့ အမှုသည် တိုင်ပင်ပြီးတော့ ခုခံချေပခွင့်ပေါ့၊ Right of Defense မပေးတာ။ နောက်ပြီးတော့ အမျိုးမျိုး တားဆီးတာ။ နောက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာ ဒါတွေဟာ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့ကိစ္စတွေပဲ။”
ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။ လူအခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်မယ့်အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမလားပါပဲ။ မနေ့က ညနေပိုင်း ရန်ကုန်တိုင်း တရားရုံးကနေပြီးတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ နဲ့ သတင်းအယ်ဒီတာဟောင်း ကိုဇော်သက်ထွေး နဲ့ သူတို့ရဲ့ အမှုတွဲ နှစ်ဦးတို့ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ ထောင်ဒဏ်တွေ လျော့ပေါ့ပေးလိုက်ပါတယ်။ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ သာသနာ ညိုးနွမ်းစေမှုတွေအပြင် တရားမ၀င် အီလက်ထရောနစ်မှုတွေ နဲ့ ချမှတ်ထားတဲ့ ထောင်ဒဏ်ကနေပြီးတော့ အီလက်ထရောနစ် ဥပဒေအတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လျော့ပေါ့ပေးလိုက်တယ်လို့ အယ်ဒီတာ ကိုဇော်သက်ထွေးရဲ့ ဇနီး မခိုင်ချို က ဗွီအိုအေကို ပြောပြပါတယ်။
“ကျန်တဲ့ပုဒ်မတွေကိုတော့ အရင် အောက်ရုံး အတိုင်းပဲ အတည်ထားပြီးတော့ ဒီ အီလက်ထရောနစ် အက်ကို ၁၅ နှစ်ကနေ ၇ နှစ်အထိ လျော့ပေးတယ်။ ၁၅ နှစ်ကနေ ၇ နှစ် လျော့ပေးတော့ ကိုဇော်သက် က အားလုံးပေါင်း ၁၉ နှစ်ကနေ ၁၁ နှစ် ဖြစ်သွားတဲ့သဘောပေါ့။ ဦးသူရ ကတော့ သူက အားလုံးပေါင်း ၅၉ နှစ်လေ။ အဲဒီ ၅၉ နှစ်မှာ အီလက်ထရောနစ် က သုံးခုပါတာဆိုတော့ ၇ နှစ်စီဖြစ်သွားတာ။ သူက အားလုံးပေါင်း ၃၅ နှစ်ပေါ့ အစ်မရယ်။ ၅၉ နှစ်ကနေ ၃၅ နှစ် ဖြစ်သွားတဲ့သဘောပေါ့။ ကိုတင်မောင်အေးက ဒီ ၂၉ နှစ်ကနေပြီးတော့ ၁၄ နှစ်ဖြစ်သွားတယ်။ ကိုသန့်ဇင်အောင် က ၁၈ နှစ်ကနေပြီးတော့ ၁၀ နှစ်ပေါ့။”
ကိုဇော်သက်ထွေး ရဲ့ ဇနီး မခိုင်ချို ပြောပြခဲ့တာပါ။ ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ တခြား နိုင်ငံရေး အကျဉ်းသားတော်တော်များများကို မိသားစုတွေနဲ့ ထောင်ဝင်စာ ပိတ်ထားတာလည်း ၂ လနီးပါး ရှိနေပါပြီ။ အခုတော့ ဒီထောင်ဝင်စာတချို့ ပြန်တွေ့ခွင့်ရပြီလို့ သိရပါတယ်။ မိုင်းစပ် ထောင်မှာရှိတဲ့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကိုကြီး ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထောင်ဝင်စာတွေ့ခွင့် ရခဲ့တယ်လို့ ကိုကိုကြီးရဲ့ ညီ ကိုအောင် က ပြောပြပါတယ်။
“၁၀ ရက်နေ့ကပါ။ တာချီလိတ် ကို ဆင်းရတာပေါ့နော်။ တာချီလိတ် ဆင်းပြီးတော့ တာချီလိတ်ကနေ မြန်မာ့လေကြောင်းကလည်း လေယာဉ်ပျောက်တာနဲ့ အဲဒါနဲ့ မန္တလေး လေကြောင်းနဲ့ ပြန်လာတာ။ အဲဒီမှာ တရက်စောင့်လိုက်ရတာပေါ့ ကြားထဲမှာ။ မိုင်းစပ်ထောင်ကတော့ ဆရာဝန်မရှိဘူး။ မြို့နယ်ဆရာဝန် ကိုတော့ လိုအပ်ရင် ခေါ်ပေးတာပေါ့နော်။ သွားတုန်းကတော့ အသည်းရောဂါ ရှိတော့ အသည်းက ပင်ပမ်းသွားတော့ ရာသီဥတုနဲ့ ဒီနေရာ ကြမ်းတာလည်း ပါတာပေါ့နော်။ ခရီးသွားရတာလည်း ကြမ်းတော့ အဲဒီမှာတော့ အသည်း ပြန်ရောင်တာပေါ့။ အခုတော့ နေသားကျသွားပုံ ရပါတယ်။ ပိန်တော့ပိန်တယ်။ ကျန်းမာတယ် ပြောတယ်။ သူလည်း ဆင်ခြင်တာတော့ ပါတာပေါ့။”
ဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ညီ ကိုအောင် ပြောပြခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာ ပိတ်ထားတဲ့ ထောင်ဝင်စာတချို့ ပြန်တွေ့ခွင့်ရနေတာ၊ ကိုဇော်သက်ထွေးနဲ့ ကိုဇာဂနာတို့ကို ထောင်ဒဏ်တွေ လျော့ပေါ့ပေးတာတွေဟာ လူ့အခွင့်အရေး တိုးတက်မှုတွေ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။
“ကျနော်တို့ကတော့ တိုးတက်မှုအဖြစ် မမြင်ဘူး။ ဒီဥစ္စာက အပြစ်မရှိတဲ့သူတွေကို ထောင်ချပြီးတော့မှ အပြစ်လျော့တာဟာ တိုးတက်မှုလို့ ယူဆလို့ မရဘူးဆိုတာကို ကျနော်တို့ကတော့ အဲဒီလို ပြောချင်တာပါ။ ဒီခရီးစဉ်အတွင်းမှာ သိသိသာသာကြီး ပြောင်းလဲတာမျိုး ကျနော်တို့ မျှော်လင့်လို့ မရပါဘူး။ ဒါပေမယ်လို့ လူ့အခွင့်အရေး ဆိုင်ရာတွေကို ဆွေးနွေးလိုက်တဲ့အခါမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တချို့ အစိတ်အပိုင်းလေးတွေ၊ တချို့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေတော့ တိုးတက်မှု ရှိနိုင်တယ်လို့ မျှော်လင့်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာဖြစ်ပါတယ်။