မြန်မာစစ်အစိုးရက စီစဉ်ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဝင်ရောက်ဖို့၊ ထောက်ခံဖို့ ဆန့်ကျင်ဖို့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့များတွေကြား အပြန်အလှန်ဖြစ်နေကြချိန်မှာ ပြည်ပအခြေစိုက် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) (United Democratic Party of Myanmar - UDP) အဖွဲ့အစည်းကတော့ ပြည်တွင်းကို ပြန်ပြီး ရွေးကောက်ပွဲ ဝင်ရောက်မယ်လို့ ကြေငြာထားပါတယ်။ ပြည်ပရောက်အဖွဲ့အစည်းတခုကို ပြည်တွင်းမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးပါမလားဆိုတာ မရေရာသေးပေမယ့် ပြည်တွင်းမှာ ခေါင်းဆောင်ပိုင်းအဖြစ် ဦးသုဝေ၊ ဦးရဲထွန်း၊ ဒေါ်သန်းသန်းနု စသူတွေ ပါဝင်နေပြီး တိုင်းရင်းသားခေါင်းဆောင်ပိုင်းတချို့ကိုရော၊ လူငယ်ပိုင်းနဲ့ တပ်မတော်အရာရှိဟောင်းတချို့ကိုပါ စည်းရုံးထားကြောင်း ယူဒီပီ ပါတီက သတင်းလွှင့်ထုတ်ပြန်ထားပါတယ်။
ယူဒီပီ ပါတီကို အဓိက ထူးထောင်ပြီး ကြိုးကိုင်လုပ်နေသူမှာ ဦးကျော်မြင့် ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း ဦးကျော်မြင့် နဲ့ ပတ်သက်တဲ့ သတင်းတချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ မသမာမှုတွေ တွေ့ရှိနေတယ်လို့ ကနေဒါနိုင်ငံ (Canada) အခြေစိုက် ဗန်ကူးဗားမြို့ (Vancouver) သတင်းစာမှာ ထုတ်ဖော်ရေးသားထားပါတယ်။ ဦးကျော်မြင့် ပိုင်ဆိုင်တဲ့ ပြည်တွင်းစီးပွားရေးတချို့အပြင် ကွန်မြူနစ် ၀ တပ်ဖွဲ့တွေမှာ လှုပ်ရှားခဲ့ဘူးတဲ့ သူရဲ့ နောက်ကြောင်းရာဇဝင်ကို သိရှိထားသူ မြန်မာထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ ဦးကျော်မြင့်နဲ့ ပတ်သက်ပြီးတော့ ‘ဝ’ အဖွဲ့မှာ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့မှ ဒုတိယဌာနမှူး တာဝန်ကို ယူခဲ့တယ်ဆိုတဲ့ ဥစ္စာကို ကျနော် ရန်ကုန်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က သိရပါတယ်။ ဦးကျော်မြင့်က ‘ဝ’ လူမျိုးမဟုတ်ပါဘူး။ ကျနော်တို့ သိသလောက်တော့ ဦးကျော်မြင့်ဟာ တရုတ်လူမျိုး ဖြစ်ပါတယ်။ အဓိကကတော့ ဒီ ‘ဝ’ နဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးရပြီးတဲ့ နောက်ပိုင်းမှာ ‘ဝ’ ရဲ့ ကျုံယွမ် ကုမ္ပဏီ ဆိုပြီးတော့မှာ ကုမ္ပဏီတခုကို ရန်ကုန်မှာ ထောင်ပါတယ်။ အဲ့ဒီ ကုမ္ပဏီဟာလည်း တကယ်တော့ ငွေမည်းကို ငွေဖြူလုပ်တဲ့ ကုမ္ပဏီပါပဲ။ အဲဒီအချိန် အဲဒီအခါတုန်းကတော့ ဒီ တလကို ၅ ရာခိုင်နှုန်း အတိုးပေးတဲ့ အတွက်ကြောင့်မို့လို့ တော်တော်လေး နာမည်ကြီးပြီးတော့မှ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော်တချက်လေး ဖြတ်မေးချင်တာက ‘ဝ’ အဖွဲ့လို့ ဆိုတာက ဘယ် ‘ဝ’ အဖွဲ့လည်း ခင်ဗျ။ UWSA အဖွဲ့လား၊ ဘယ်အဖွဲ့ကို ပြောချင်တာလဲ။ အဲဒါအပြင်ကို နောက်တခုကတော့ ငွေမည်းကို ငွေဖြူလုပ်တယ်ဆိုတဲ့ ကိစ္စပေါ့နော်။ အဲဒါ ဘယ်က ငွေမဲတွေကို ဘယ်လို ငွေဖြူလုပ်တာလဲ။ ဒါ့အပြင်ကို နောက်တခုကတော့ ဒါ ဘယ်နှစ်ပိုင်းလောက်က အချိန်ကို ပြောနေတာလဲဆိုတာကို နည်းနည်းလေး ရှင်းပြပါလား။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ ကျနော်မှတ်မိသလောက်တော့ ၁၉၉၃ ပတ်ဝန်းကျင် လောက်လို့ ထင်ပါတယ် ခင်ဗျ။ အဲဒီအချိန်မှာ ကျုံယွမ် ကုမ္ပဏီပေါ်လာပါတယ်။ ‘ဝ’ အဖွဲ့ကတော့ ကျနော်တို့ အထူးဒေသ ၂ လို့ခေါ်တဲ့ ဦးပေါက်ယူချန်း တို့ပေါ့လေ ခေါင်းဆောင်တဲ့ ‘ဝ’ အဖွဲ့ကပါ။ အဲဒီအချိန်တုန်းကလည်း ၉၃၊ ၉၄၊ ၉၅ မှာ ဘိန်းနဲ့ ပတ်သက်ပြီးတော့မှ မြန်မာပြည်မှာ အကြီးအကျယ်စိုက်တဲ့အချိန် ဘိန်းဖြူတွေ အကြီးအကျယ် ထုတ်တဲ့အချိန်မှာ ဘိန်းဖြူကရတဲ့ ငွေမည်း တွေကို ငွေဖြူအဖြစ် ခဝါချတဲ့ လုပ်ငန်းတခုကိုလုပ်တဲ့ ကုမ္ပဏီပါပဲ။ အဲဒီအချိန်မှာ
သူတို့နဲ့ ခေတ်ပြိုင် ကျနော်တို့ May Flower ဆိုရင် ဒါဝေရှောက်ခန် ကနေပြီးတော့မှာ နောက်က Background လုပ်ပါတယ်။ နောက် အာရှဓနရှိတယ်၊ နောက်ပိုင်း ထပ်ပေါ်လာတဲ့ Myanmar Universal ဘဏ် ဒါတွေဟာ ‘ဝ’ ရဲ့ ကျောထောက်နောက်ခံလုပ်ထားတဲ့ ငွေမည်း ကနေ ငွေဖြူလုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကျုံယွမ် ကလည်း အလားတူပါပဲ ခင်ဗျ။ ‘ဝ’ ထဲက ကုမ္ပဏီခွဲတခုပါပဲ ခင်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ကျုံယွမ် ကုမ္ပဏီက နောက်ပိုင်းမှာ ပြဿနာတချို့ပေါ်ပြီးတော့ ကျုံယွမ် ကုမ္ပဏီကို ဦးဆောင်တဲ့ ဦးကျော်မြင့်ကိုယ်တိုင်လည်း ထောင်ချခံခဲ့ရတယ်၊ အပြစ်ပေးခံခဲ့ရတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဦးအောင်လင်းထွဋ်အနေနဲ့ ဘာတွေများ သိထားလဲ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ ကျုံယွမ် ကုမ္ပဏီက သူတို့ စီးပွားရေးလုပ်ငန်းအနေနဲ့တော့ မယ်မယ်ရရလုပ်တာတော့ မတွေ့ရဘူး။ ဒါပေမဲ့ အစိုးရနဲ့ ပတ်သက်တဲ့ ဆောက်လုပ်ရေးတွေ၊ စိုက်ပျိုးရေးတို့၊ သစ်တောပေါ့လေ၊ မွေးမြူရေးတို့ ဒီ လုပ်ငန်းတွေမှာ လုပ်တယ်ဆိုပြီးတော့ ပြောပါတယ်။ အဲတော့ သူ့ကုမ္ပဏီက ၅ ရာခိုင်နှုန်း အတိုးပေးတဲ့အခါကျတော့ ကျနော်တို့ စစ်အစိုးရထဲက လူကြီးတော်တော်များများရဲ့ ငွေတွေ၊ နောက်သူတို့ရဲ့ ပတ်သက်တဲ့ ဆွေမျိုးသားချင်းနဲ့ ပတ်သက်တဲ့ ငွေတွေ တော်တော်များများက သူ့ကုမ္ပဏီမှာ ထည့်ကြပါတယ်။ အဲလိုထည့်ရင်းနဲ့ နောက်ပိုင်းမှာ ပထမတော့ ၅ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း ပုံမှန်ပေးနေရာကနေပြီးတော့ နောက်ပိုင်းမှာ မပေးနိုင်တော့ဘူးခင်ဗျ။ မပေးနိုင်တဲ့အခါမှာ ပြဿနာတွေ တက်လာတယ်။ အဲဒီအချိန်တုန်းက ကျနော်သိသလောက်တော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဗိုလ်မှူးချုပ် မောင်မောင် - ရေတပ်ကပါ ခင်ဗျ။ အဲဒီအချိန်မှာ ဥက္ကဋ္ဌက ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးပေါ့လေ။ အဲတုန်းက ဥက္ကဋ္ဌလုပ်ပါတယ်။
အဲဒီအချိန် အခါမှာ ဒီ ဗိုလ်မှူးချုပ် မောင်မောင်ကနေပြီးတော့မှ ကိုကျော်မြင့်နဲ့ မသမာမှုတွေပေါ့လေ၊ ငွေရေးကြေးရေး မသမာမှုတွေနဲ့ ပတ်သက်ပြီးတော့မှ တိုင်တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတိုင်ကြားချက်နဲ့ ပတ်သက်ပြီးတော့မှ ဒီဗိုလ်ချုပ်ကြီး ခင်ညွှန့်တို့အဖွဲ့နဲ့ပေါ့လေ၊ ကျနော်တို့ အဖွဲ့လည်း ဒီတိုင်းနေလို့မရပါဘူး။ မရတဲ့အခါမှာ သူ့ကို စုံစမ်းစစ်ဆေးရပြီးတော့မှာ တရားရုံးကို တင်ခဲ့တယ်ဆိုတာ ကျနော်သိရပါတယ် ခင်ဗျ။ ဥပဒေစည်းမျဉ်းတွေကို မလိုက်နာတာရယ်၊ ငွေကြေးမသမာမှုတွေရယ် အားလုံးပေါ့လေ။ အမှုတော့ တိတိကျကျတော့ ကျနော်မပြောနိုင်တော့ဘူး၊ မသိတော့ဘူး။ အားလုံးပေါင်း ထောင် ၁၀ နှစ်လောက် ချလိုက်တယ်လို့ ကျနော်သိပါတယ် ခင်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ အကြောင်းနဲ့ ပတ်သက်ပြီးတော့ သူနဲ့ တွေဆုံဖူးတဲ့ ဒီ လူတချို့ပေါ့နော် - ကျနော်တို့ ဗွီအိုအေက သတင်းထောက် တချို့အပါအဝင် သူပြောပြဖူးတာတော့ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်း၊ စီးပွားရေးမှုနဲ့ ပတ်သက်ပြီးတော့ ထောင်ချ ခံခဲ့ရဖူးတယ်ဆိုတာကို သူကိုယ်တိုင် ပြောခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ခုနောက်ပိုင်း ပြန်ကြားရတဲ့ သတင်းတွေမှာတော့ ဒီ ဗမာပြည်မှာ နှစ်စေ့လို့ ထောင်ကျပြီးတော့ ထွက်လာတဲ့ သဘောမျိုးမဟုတ်ဘဲနဲ့ ဒီအကျဉ်းထောက်ကနေ ထွက်ပြေးလာတယ်ဆိုတဲ့ အကြောင်းကိုလည်း ကျနော်တို့ ကြားရတယ်လေ။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးအောင်လင်းထွဋ်အနေနဲ့ တိတိကျကျသိထားတဲ့ အကြောင်းလေးတွေ ပြောပြပါလား။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ တကယ်တော့ ဦးကျော်မြင့်ဟာ ထောင်ပြေးပါခင်ဗျ။ ပထမ အင်းစိန်ထောင်မှာ ကျပါတယ်။ အင်းစိန်ထောင်ကနေပြီးတော့မှ ကျနော်တို့ သူဟာ အဲ့ချိန်မှာကတည်းက ခုန ပြောသလိုပေါ့လေ - ငွေကြေးအားဖြင့် သုံးနိုင်တဲ့အခါကျတော့၊ နောက်တခုကလည်း သက်ဆိုင်ရာ အာဏာပိုင်လူကြီးတွေနဲ့ သိတဲ့အခါကျတော့ သူ့ကို သက်သာရာသက်သာကြောင်းဆိုပြီးတော့မှ ရဲဘက်စခန်းလို့ ခေါ်တာပေါ့လေ… ထောင်အခေါ်ဝေါ်ဆိုလို့ရှိရင် အလုပ်သွားလုပ်တဲ့ အလုပ်စခန်းတွေကို ပြောင်းပေးလိုက်ပါတယ်ခင်ဗျ။ အဲဒီမှာနေစဉ် အတွင်းမှာပဲ ရဲဘက်စခန်းကနေပြီးတော့မှ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနောက်ပိုင်းမှာ ဦးကျော်မြင့်နဲ့ ဦးအောင်လင်းထွဋ်နဲ့ ပြန်ပြီးတော့ တွေ့ဆုံမှုတွေ ရှိခဲ့သေးလားခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ ကျနော်တွေ့ခဲ့တာရှိတယ်ခင်ဗျ။ ကျနော်တောင် အံ့သြသွားပါတယ်။ ၂၀၀၂ ခုနှစ်မှာ ကျနော် ဝါရှင်တန်မှာ တာဝန်ထမ်းဆောင်စဉ်အချိန်အတွင်းမှာ သံအမတ်ကြီး ဦးလင်းမြိုင်ကို တရုတ် ကုမ္ပဏီတခုကနေပြီးတော့မှ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့မှ သံအမတ်ကြီးနဲ့ တွေ့ချင်တယ်ဆိုပြီး လာပြီးတွေ့ပါတယ်။ ဆိုတော့ အဲဒီတွေ့တဲ့အချိန်အခါမှာ ခုနက ကျုံယွမ် ကျော်မြင့်(ခေါ်) မိုက်ကယ် ဟွာဟူး (Michael Hua Hu) ပေါ့လေ၊ သူလည်း ပါလာပါတယ်။ အဲဒီအချိန်အခါတုန်းက သူက တရုတ် ကုမ္ပဏီရဲ့ ပွဲစားသဘောမျိုး ကျနော်တို့ သံရုံးကို လိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ကျနော်တို့ ခုနက ပြောသလိုပေ့ါလေ။ တရုတ်ပြည်နဲ့ ပတ်သက်ပြီးတော့မှ လိုအပ်တဲ့အကူအညီရှိရင် သူ့ကို ပြောပါ ဘာညာဆိုပြီးတော့မှ သံအမတ်ကြီးကိုရော ကျနော်တို့ကိုရော မှာခဲ့ပါတယ်ခင်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ ဦးအောင်လင်းထွဋ် ပြောသလိုဆိုရင် မြန်မာပြည်က အကျဉ်းထောင်က ထွက်ပြေးလာတယ်လို့ဆိုပါတယ်။ ဘယ်အကြောင်းနဲ့ အမေရိကားကို ရောက်နေသလဲတော့ မသိဘူးပေါ့နော် ဘယ်လိုရောက်လာသလဲဆိုတော့ ကျနော်တို့ မသိဘူးပေါ့။ ဒါပေမယ့်လည်း ဘာကြောင့်များ မြန်မာ အစိုးရဆီကို ပြန်ပြီးတော့ သူ့အနေနဲ့ ချဉ်းကပ်လာရတာလဲ။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ သူချဉ်းကပ်ချင်တဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်ခင်ဗျ။ ဒီ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်ခဲ့တဲ့ သူတွေပေါ့လေ အဲဒီအချိန်တုန်းကတော့ ၉၇ -၉၈ လောက်ကလူတွေက အခုတချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူထင်တာကတော့ သူ့ကို မြန်မာအစိုးရကနေပြီးတော့မှ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလေမလား ဆိုပြီးတော့မှ ပြန်ပြီးတော့ ချဉ်းကပ်တယ်လို့ ကျနော်ထင်ပါတယ် ခင်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီအချိန်က ဦးအောင်လင်းထွဋ် သူနဲ့ တွေ့ဆုံရတာနဲ့ ပတ်သက်ပြီးတော့ မြန်မာထောက်လှမ်းရေးဌာနကို ပြန်ပြီး အစီရင်ခံခဲ့တာတွေ တခုခု အရေးယူဆောင်ရွက်ခဲ့တာတွေ ရှိသလားခင်ဗျာ။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ ရှိပါတယ်ခင်ဗျ။ အဲဒီအချိန်အခါမှာ ကျနော်နဲ့ တွေ့ပြီးတော့မှ သူ New Jersey မှာနေကြောင်း ပြောပြီးတော့မှ ကျနော့်ကို Email လေးပေးပါတယ်။ နောက် Email နဲ့ ကျနော့်ကို ဆက်သွယ်ပါတယ်။ Email ထဲမှာ သူဟာ ကျနော်တို့ အခုလက်ရှိသမ္မတ၊ ဒုသမ္မတနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ပါတဲ့ Email နဲ့ attachment လုပ်ပြီး ပို့တယ်ပေါ့လေ။ ပို့တဲ့အခါကျတော့ ကျနော် ရန်ကုန်ကို လှမ်းပြီးတော့မှ သတင်းပို့ပါတယ်။ အဲလိုပဲ ကျုံယွမ် ကျော်မြင့် New Jersey မှာရောက်နေတယ်။ ကျနော့်အနေနဲ့ ဘယ်လိုဆက်ပြီးတော့မှ handle လုပ်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုတာကို လှမ်းပြီးတော့မေးပါတယ်။ မေးတော့ ရန်ကုန်ကတော့ ကကလှမ်း ဌာနချုပ် ကနေပြီးတော့ သူ့လှုပ်ရှားမှုကို စောင့်ကြည့်နေပါဆိုပြီးတော့မှ ပြန်ပြီး ညွှန်ကြားတာရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တခြား မြန်မာ စစ်အစိုးရနဲ့ ဒီထက်ပိုပြီးတော့ ဆက်သွယ်ခဲ့တဲ့ အထောက်အထားတွေ ဘာတွေ ဘာမှမရှိဘူးပေါ့။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ အစိုးရနဲ့တော့ သူ တိုက်ရိုက်ဆက်သွယ် ရင်တော့ အစိုးရ လက်ခံပြီးတော့တွေ့တဲ့ ကျနော်တို့ ကကလှမ်း ပိုင်း ပေါ့လေ သူ့ကို လက်ခံတွေ့တဲ့ အနေအထားမျိုးမရှိဘူး။ ကျနော်တို့ ယုံကြည်တာလည်း သူက Twist and Turn အရမ်းများတဲ့လူလေ။ ဒါပေမယ့် အန္တရာယ်တော့ရှိတယ် ဟိုလှည့် ဒီလှည့်နဲ့ မသိတဲ့လူ နားမလည်တဲ့လူဆိုရင် ဒီ flow ထဲမှာပါပြီးတော့ ယုံသွားကြမယ်ဆိုတာ ကျနော်တို့ သုံးသပ်ထားတာတွေ ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်ပိုင်းမှာတော့ အခုသူက ကနေဒါနိုင်ငံ Vancouver မြို့ကို ရောက်ရှိသွားပြီးတော့ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေထူထောင်တယ်၊ ပိုပြီးတော့ ကြီးပွားလာတယ်။ အဲဒါအပြင်ကို အခု ၂၀၁၀ မှာ မြန်မာအစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကိုပါ ဝင်ဖို့ UDP လို့ခေါ်တဲ့ ပါတီကို ထောင်ပြီးတော့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်နေတယ်ပေါေ့နာ်။ အဲဒါအပြင်ကို ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က UDP ပါတီအနေနဲ့ မြန်မာနိုင်ငံထဲကို ပြန်ဝင်ဖို့၊ မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲ ဝင်ဖို့ စာရင်းသွင်းဖို့အရေးကို မြန်မာစစ်အစိုးရနဲ့ ညှိနှိုင်းနေတယ်ဆိုတဲ့အချက်ရယ်၊ မြန်မာပြည်တွင်းမှာ လူသိထင်ရှား နိုင်ငံရေးသမားတွေ ဖြစ်တဲ့ ဦးသုဝေတို့ ဦးရဲထွန်းတို့လို လူမျိုးတွေကပါ UDP ပါတီနဲ့ အဆက်အဆံတွေ ရှိနေကြတယ်ဆိုတော့ ဒါတွေအားလုံး ပေါင်းကြည့်လိုက်ရင် ဦးအောင်လင်းထွဋ် အနေနဲ့ ဘယ်လို ကောက်ချက်ဆွဲလို့ရနိုင်မလဲ ခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ ကျနော် ကောက်ချက်ဆွဲရရင်တော့ ထောင်ပြေးတယောက်ကို အစိုးရ အနေနဲ့ လက်ခံမလား၊ လက်မခံလားဆိုတာက ရိုးရိုးလေးစဉ်းစားလို့ ရပါတယ်။ ထောင်ပြေးမှန်းမသိဘဲနဲ့ သူနဲ့ ပေါင်းသင်းဆက်ဆံတဲ့လူတွေကို သူ့အကြောင်းကို ဒီထက်ပိုပြီးတော့မှ လေ့လာစေချင်တယ် ဆိုတာကို ကျနော်ပြောချင်ပါတယ်ခင်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ် အားဖြင့်တော့ ဒီ UDP ပါတီကို မြန်မာ စစ်အစိုးရက ပြည်တွင်းမှာ လက်ခံမယ်။ ဒါမှမဟုတ်ရင် ပြည်တွင်းမှာ စာရင်းသွင်းခွင့်ပေးမယ်ဆိုတာက မသေချာသေးတဲ့အပြင်ကို အထူးသဖြင့် ကျနော်တို့အခု ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အချက်က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေမှာကိုက အစ ဘယ်လိုလူမျိုးတွေ နောက်ပြီးတော့ ဘယ်လို ငွေရေးကြေးရေး ကျောထောက်နောက်ခံ အဆင့်ရှိတဲ့ ပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခွင့်ပေးမလဲဆိုတဲ့ အချက်တွေက မထုတ်ပြန်ရသေးတော့ အားလုံးကတော့ ရှင်းရှင်းလင်းလင်းမရှိဘူးပေါ့လေ။ အဲဒီတော့ ဒီလိုအချိန်မျိုးမှာမှ ဦးကျော်မြင့် ထူထောင်ထားတဲ့ Future Canada China Environment ကုမ္ပဏီပေါ့နော် ။ ဒီကုမ္ပဏီက နိုင်ငံတကာမှာ စတော့ရှယ်ယာ ဈေးကွက်မှာလည်း သူက စာရင်းသွင်းထားပြီးတော့ စတော့ ရှယ်ယာတွေ ရောင်းချနေတဲ့ ကုမ္ပဏီကြီးဖြစ်ပေမယ့် ဒီကုမ္ပဏီမှာ မသမာမှုတွေ တွေ့ရတယ်ဆိုပြီးတော့ မကြာသေးခင်ကာလက အမေရိကန် ငွေကြေးလဲလှယ်မှုနဲ့ စတော့ ရှယ်ယာ ဈေးကွက် ကြီးကြပ်မှု ကော်မရှင်ကနေပြီးတော့လုပ်ငန်းတွေ ရပ်ဆိုင်းကြောင်း စုံစမ်းစစ်ဆေးရေးတွေ လုပ်နေတဲ့အကြောင်း ထုတ်ပြန်ကြေညာထားတယ်။ ဒီကုမ္ပဏီနဲ့ သူ့ရဲ့ ပတ်သက်မှုကလည်း အထင်အရှားဖြစ်တယ်ဆိုတာကို Vancouver Sun သတင်းစာကလည်း အတိအကျ ရေးထားတယ်။ အဲဒီတော့ ဒီအခြေခံတွေကို ကြည့်လိုက်မယ်ဆိုရင် သူ့အနေနဲ့ မြန်မာပြည် ပြန်နိုင်ဖို့ အရေးဆိုတာက ဖြစ်နိုင်ပါ့မလားခင်ဗျ။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ မြန်မာပြည် ပြန်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ လက်ရှိလည်း ဦးကျော်မြင့်က ‘ဝ’ အဖွဲ့နဲ့ ဆက်စပ်မှု ရှိနေပါဦးမယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။ ဒီ မူးယစ်ဆေးဝါး လမ်းကြောင်းက ဘယ်တော့မှ ပျောက်သွားတာမရှိပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဦးကျော်မြင့်အနေနဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့နောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုထဲကို ဝင်ခွင့်ရလာတာ ၊ ကနေဒါကို သွားခွင့်ရတာက အစ သူ့ရဲ့ နဂို မူးယစ်ဆေးဝါး လုပ်ငန်းတွေမှာ ပတ်သက်ခဲ့ဖူးတဲ့ အကြောင်အရာတွေနဲ့ ဆက်စပ်ပြီးတော့ အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်မှုအဖွဲ့ DEA ကနေပြီးတော့ နှစ်ဖက် ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ ကူညီပံ့ပိုးပေးတယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိတယ်လေ။ အဲဒါနဲ့ ပတ်သက်လို့ရော။
ဗိုလ်မှူး အောင်လင်းထွဋ် ။ ။ ကျနော်မထင်ဘူးခင်ဗျ။ ကျနော် DEA အဖွဲ့နဲ့လည်း ဒီအမေရိကန်မှာရှိတဲ့ DEA ရော ၊ ရန်ကုန်မှာရှိတဲ့ DEA ရော ကျနော်တော်တော်ရင်းနှီးပါတယ်။ သူနဲ့ ပတ်သက်လို့လည်း DEA က ဘာမှ ပြောသံမကြားပါဘူး။ DEA ကလည်း အဲလိုလုပ်လိမ့်မယ်လို့ မထင်ပါဘူး။ တခုပဲ ကျနော် သံသယဖြစ်တာက မိုက်ကယ် ဟွာဟူး (ခေါ်) ကျုံယွမ် ကျော်မြင့်က အင်မတန်မှ ပိုက်ဆံကို ရေလိုသုံးနိုင်တဲ့သူ တယောက် ဖြစ်ပါတယ်။ ဆိုတော့ ပိုက်ဆံနဲ့ခင်းပြီးတော့ ရောက်လာတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။
မြန်မာ့ဒီမိုကရေစီရေးရာ ကဏ္ဍအတွက် ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ ဆက်သွယ်မေးမြန်းမှုလုပ်ခဲ့ပြီး မကြာခင်မှာပဲ ကနေဒါမှာ နေထိုင်တဲ့ UDP ညီညွတ်သော ဒီမိုကရက်ပါတီ မြန်မာပြည်ရဲ့ ခေါင်းဆောင် ဦးကျော်မြင့်က VOA ရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ သဘောတူခဲ့တာမို့ ဦးကျော်မြင့်နဲ့ ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကို လာမယ့် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။