သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး အိုဘားမား အင်ဒိုနီးရှားသမ္မတနှင့် ဆွေးနွေး


ကမ္ဘာတဝှမ်းဖြစ်နေတဲ့ စီးပွားရေးပြဿနာနဲ့ တခြားကိစ္စရပ်တွေ ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဘရက် အိုဘားမား ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံခေါင်းဆောင်တွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်စကား ပြောခဲ့ ပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်တိုးတက်လာစေဖို့ နိုင်ငံတကာရဲ့အားထုတ်မှုမှာ ပူးပေါင်းပါဝင်ကြဖို့ အရေးကြီးတယ် ဆိုတဲ့အချက်ကို သမ္မတ အိုဘားမား က ခေါင်းဆောင်သုံးယောက်ကို အဓိကထား ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါ တယ်။

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘန်းယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ မစ္စတာ အိုဘားမား တို့ ဆွေးနွေးမှုမှာ မြန်မာနိုင်ငံက ဒီမိုကရေစီဖော်ဆောင်ရေးကို အားပေးဖို့နဲ့ ရာသီဥတုပြောင်းလဲရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်မှုတွေမှာ အတူတွဲလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးခဲ့ကြပါတယ်။ အစ္စလာမ် ကမ္ဘာနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ဖို့ သံန္နိဌာန် ချထားတယ်ဆိုတာကိုလည်း သမ္မတ အိုဘားမား က ရှင်းပြခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဖိလစ်ပိုင် သမ္မတ ဂလိုရီယို အာရိုယို (Gloria Arroyo) ကိုတော့ ဖိလစ်ပိုင်နိုင်ငံက အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ခေတ်မီ တိုးတက်တဲ့စစ်တပ်ဖြစ်အောင် အားထုတ်မှုတွေအတွက် မစ္စတာ အိုဘားမား က ချီးမွမ်းစကား ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ အမေရိကန်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံရဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာကို ဆော်ဒီဘုရင် အက်ဘ်ဒူလာ (Abdullah) နဲ့ တယ်လီဖုန်းပေါ်မှာ စကားပြောစဉ်မှာ အမေရိကန် သမ္မတ အိုဘားမားက အသေအချာ ထပ်ပြီးတော့ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG