သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၉ ဦး ထောင်ဒဏ်ချမှတ်


နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့တောင်းဆိုမှုတွေ မကြာခင်ကပဲ ထွက်ပေါ်လာခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောနေတဲ့ မြန်မာစစ်အစိုးရကတော့ နိုင်ငံရေးလှုပ်ရှားသူတွေ ကို ဖမ်းဆီးထောင်ချမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူမှုရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ဖမ်းဆီးခံရသူတွေကို အကျိုးဆောင်ရှေ့နေတွေ၊ မိသားစုတွေ မပါဘဲနဲ့ ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

၂၀၀၈ ကျောင်းသားသမဂ္ဂများအဖွဲ့မှ ကိုအောင်ကျော်ကျော်၊ ကိုသန်းထွန်းဇင်၊ ကိုထင်အောင်၊ ကိုဇေယျာဦး၊ ကိုမျိုးသန့်နဲ့ ကိုတင်ထွန်းတို့ ၆ ဦးကို ဒီကနေ့ပဲ အင်းစိန် အထူးတရားရုံးမှာ စီရင်ချက်တွေ ချမှတ်ခဲ့တာပါ။ သူတို့ ၆ ဦးထဲက
ကိုအောင်ကျော်ကျော်နဲ့ ကိုဇေယျာဦးကိုတော့ ပုဒ်မ ၆ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ ၅၀၅(ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ၇ နှစ် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ကိုထင်အောင်၊ ကိုတင်ထွန်းနဲ့ ကိုသန်းထွန်းဇင်တို့ကိုတော့ ပုဒ်မ ၆ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှုနဲ့ ၅ နှစ် ချမှတ်ခဲ့ပြီး ကိုမျိုးသန့်ကိုတော့ ပုဒ်မ ၁၄၅ ဆန့်ကျင်သော အစုအဝေးမှာ ပါဝင်မှု နဲ့ ၂ နှစ် ချမှတ်ခဲ့ပါတယ်။ သူတို့ကို အခုလို စီရင်ချက် ချမှတ်ချိန်မှာနဲ့ စီရင်ချက်မချခင် တရားရုံးတင် စစ်ဆေးချိန်တွေမှာ မိသားစုဝင်တွေအနေနဲ့ သွားရောက် နားထောင်ခွင့် မရသလို၊ အကျိုးဆောင်ပေးမယ့် ရှေ့နေတွေလည်း လိုက်ပါဆောင်ရွက်ခွင့် မရှိဘူးလို့ ဒီကနေ့ စီရင်ချက် ချမှတ်ခံရတဲ့ အထဲမှာ ပါဝင်သူတဦးရဲ့ မိသားစုဝင်က အခုလို ပြောပြပါတယ်။

“မိသားစုဘက်က ရှေ့နေကလေ၊ ရှေ့နေတွေက ဖမ်းနေတာဗျ၊ ရှေ့နေတွေငှားရင် ပိုပြီးတော့တောင်မှ ပြဿနာ ဖြစ်သေး တယ်လေ။ ကျနော်တို့က တရားဥပဒေစိုးမိုးရေးဆိုရင် သူ့တရားဥပဒေအရ လူတယောက်ရဲ့ ရပိုင်ခွင့်အားလုံး ရစေချင်တာ ပေါ့။ ဥပဒေရဲ့ ရပိုင်ခွင့်ထဲမှာ အတူတူပဲ တပြေးညီ ဖြစ်စေချင်တယ်။ ပထမ ကျနော် ဗုဒ္ဓဟူးနေ့ ၁၈ ရက်နေ့က သွားတွေ့ လိုက်တယ်။ တွေ့တဲ့အခါကျတော့ တရားသူကြီးတွေကိုလည်း ပြောထားတယ်၊ အက်စ်ဘီကိုလည်း ပြောထားတယ်။ ကျနော်တို့ မိသားစုနဲ့ နွေးနွေးထွေးထွေး တွေ့ချင်ပါတယ်လို့ ပြောထားတယ်တဲ့။ အဲဒီတော့ တွေ့ခွင့်ပေးပါ့မယ်လို့ ပြောပါ တယ်။ တရားသူကြီးဘက်ကလား မသိဘူးပေါ့နော်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျနော်တို့ အထဲတောင် ဝင်လို့ မရ ဘူး။”

အခုလို မိသားစုဝင်တွေအနေနဲ့ အကျိုးဆောင်ပေးမယ့် ရှေ့နေတွေမပါဘဲ တရားစီရင်ချက် ချမှတ်ခံရတဲ့ အပေါ်မှာလည်း

“စိတ်ထဲမှာတော့ သိပ်ပြီး ဘဝင်မကျဘူးပေါ့။ ဒါပေမယ့် သိပ်တော့ ဝမ်းနည်းတာတို့ ဘာတို့ မရှိပါဘူး။ ကလေးတွေက လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ လုပ်ကြတာပဲလေ။ သူတို့ရဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ပေါ့၊ သူတို့ရဲ့ ရင်ထဲမှာ ရှိတဲ့ဆန္ဒ ဖော်ထုတ်ကြတာပဲ။ တိုင်းပြည်ပျက်အောင်ဖျက်မယ့် ကလေးတွေတော့ မဟုတ်ပါဘူးခင်ဗျာ။ တိုင်းပြည် ကောင်းစားစေချင်လို့ ဆောင်ရွက်တဲ့ ကလေးတွေပဲ ဖြစ်ပါတယ်။”

မိသားစုဝင်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခု စီရင်ချက်ချမှတ်ခံခဲ့ရသူ ၂၀၀၈ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ အာဏာပိုင် တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကြောရေးမှာ ၁၅ ရက်လောက် ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် ၉ လပိုင်း ၉ ရက်နေ့ကျမှ အင်းစိန်ထောင်မှာ ပြောင်းရွှေ့ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အလားတူပဲ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တွေဖြစ်တဲ့ မထက်ထက်ဦးဝေ၊ ကိုဝင်းမြင့်မောင် (ခေါ်) ကိုပဲပြုတ်နဲ့ ကိုထွန်းထွန်းဝင်းတို့ ၃ ဦးကိုလည်း ဒီကနေ့ အင်းစိန်အထူးတရားရုံးမှာ အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မ ၅ ညနဲ့ ထောင်ဒဏ် ၅ နှစ်စီ စီရင်ချက် ချမှတ်ခဲ့ပါတယ်။ သူတို့တွေကို စီရင်ချက်ချမှတ်ချိန်မှာ
လည်း အကျိုးဆောင်ရှေ့နေတွေ၊ မိသားစုဝင်တွေ သွားရောက်ခွင့်မရခဲ့ပါဘူး။ သူတို့ ၃ ဦးကို အာဏာပိုင်တွေကနေ ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြည်သူ့ လွှတ်တော်ရှေ့ ချီတက်ဆန္ဒပြမှုနဲ့ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးစဉ်က သူတို့ ၃ ဦး အပါအဝင် စုစုပေါင်း အန်န်အယ်လ်ဒီအဖွဲ့ဝင် ၉ ဦးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ပါစေ ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ရင်း အန်န်အယ်လ်ဒီရုံးချုပ်ရှေ့ကနေ ပြည်သူ့လွှတ်တော်ရှေ့ကို ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အာဏာပိုင်တွေကနေ အဲဒီထဲက ၆ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မထက်ထက်ဦးဝေ၊ ကိုဝင်းမြင့်မောင် နဲ့ ကိုထွန်းထွန်းဝင်းတို့ ၃ ဦးကိုတော့ ဒီကနေ့မှ ၅ ညနဲ့ ထောင် ၅ နှစ်စီ ချခဲ့တာဖြစ်ပါတယ်။

အခု လလယ်လောက်ကပဲ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးသူ တောမတ်စ် အိုဟဲ ကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ မြန်မာ စစ်အစိုးရအနေနဲ့ ၂၀၁၀ ခုနှစ်ကြရင် ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို လွှတ်ပေးဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို တက်ကြွ လှုပ်ရှား သူတွေကို ထောင်ဒဏ်တွေ ဆက်လက်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို အကျိုးဆောင်ရှေ့နေတွေ လိုက်ပါခွင့် မရှိဘဲ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာတွေအပေါ် မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်မှာ အားနည်းချက်နဲ့ ပတ်သက်လို့လည်း မစ္စတာကင်တားနားက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG