သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ခေါင်းဆောင်ပိုင်းကို အမေရိကန်အရာရှိ သီးခြားစီ တွေ့ဆုံ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ဒေသဆိုင်ရာ အရာရှိတဦးဟာ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေကို အကဲခတ်ဖို့အတွက် အတိုက်အခံ နိုင်ငံရေးပါတီဝင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရင်း မြန်မာနိုင်ငံမှာ ရောက်နေ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့ စတီဖင် ဘလိတ်ခ် (Stephen Blake) ဟာ ဒီကနေ့ ဆိုရင်လည်း ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုကော်မတီဝင်တွေနဲ့ ဌာနချုပ်မှာ တွေ့ဆုံခဲ့တာပါ။ ဒီအကြောင်းကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ် ဟာ ရန်ကုန်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီရုံးချုပ်မှာ ဗဟိုကော်မတီဝင်တွေ အပါအဝင် ပါတီတာဝန်ရှိသူတချို့နဲ့ တွေ့ဆုံခဲ့တာပါ။ တနာရီကြာ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံက မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အပြန်အလှန် ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ပါတီက ပြောပါတယ်။ ဒါဟာဆိုရင် မကြာသေးခင်တုန်းကပဲ အာရှတိုက်ကို ခရီးထွက် လာရင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်ပြောင်း သုံးသပ် စဉ်းစားနေတယ်လို့ ပြောဆိုလိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ်နောက်ပိုင်း အမေရိကန် အစိုးရ အရာရှိတဦး မြန်မာနိုင်ငံကိုသွားပြီး စစ်အစိုးရနဲ့ရော အတိုက်အခံနိုင်ငံရေး အင်အားစုတွေနဲ့ပါ တွေ့ဆုံမှုတခုလည်း ဖြစ်ပါတယ်။ အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ကတော့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ အမေရိကန် အစိုးရရဲ့ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။

“ နိုင်ငံရေး အခြေအနေရ NLD က ဘာတွေလုပ်နေတယ်။ ဘာတွေ ဖြစ်နေတယ်လို့ ကျွန်တော်တို့က ပြောတယ်။ သူတို့ ဘက်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့တဲ့ ကိစ္စတွေကို ရှင်းပြတယ်။ နောက်ထပ် နည်းလမ်းသစ်တွေကို ရှာတုန်းပဲ။ ဘယ်တော့ ဖြစ်မယ်ဆိုတာ တိတိကျကျတော့ မပြောနိုင်ဘူး။ ဒါတွေပဲ ပြောတာပါ။ ကျွန်တော်တို့ဘက်က CEC ၇ယောက်၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွှန့်ဝေ၊ ဦး သန်းထွန်းဦး၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ နောက် ပြန်ကြားရေး အနေနဲ့ ကျွန်တော် ရယ်၊ ဦးဟန်သာမြင့် ရယ်၊ ဒေါက်တာ သန်းငြိမ်း ရယ်တို့ ပါတယ်။ သူ့ခရီးစဉ်က အာစီယံ နိုင်ငံတွေဖြစ်တဲ့ လာအိုတို့ ၊ ဗီယက်နမ် သူတို့ နဲ့ သက်ဆိုင်တဲ့ကိစ္စမို့ သူ့လာချင်တာ ကြာပြီပေါ့။ အခု အခွင့်အရေးရတုန်း လာတယ်။ ဒါပဲ ပြောပါတယ်။”

လာမယ့်နှစ်မှာ ရွေးကောက်ပွဲက လုပ်တော့မှာမို့ နိုင်ငံရေးရပ်တည်ချက်တွေမျိုးကိုရော ပြောဆို ဆွေးနွေးတာတွေ ရှိပါ သလား ခင်ဗျ။

"ဟုတ်ပါတယ်။ အဲဒီ ရပ်တည်ချက်တွေလည်း ဆွေးနွေးတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရွေးကောက်ပွဲကိစ္စကို အာဂျင်ဒါထဲမှာ မထည့်ရသေးဘူး။ ကျွန်တော်တို့ အဓိက ထားနေတာက ကျွန်တော်တို့ တောင်းဆိုထားတဲ့ အခြေခံဥပဒေ ကို ပြန်လည် သုံးသပ်ဖို့ပဲ။ ဒါဟာ သိပ် အရေးကြီးတယ်။ ဒါကိုပဲ လောလောဆယ် ဦးစားပေး စဉ်းစားနေတယ်။ ရွေးကောက် ပွဲ နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတာတွေ ဘာမှ မရှိရင်တော့ ကျွန်တော်တို့အတွက် စဉ်းစား ဆုံးဖြတ်ရတာ အခက်အခဲ တွေ ရှိမယ်။ သို့သော် ဆုံးဖြတ်ရမှာပဲလို့ ဆွေးနွေးခဲ့ပါတယ်။ သူတို့ အမေရိကန် အနေနဲ့ ဆောင်ရွက်ဖို့ အကြံပြုချက်တွေ ရှိရင်လည်း အကြံပြုချက်တွေလည်း လိုချင်ပါတယ်လို့ ဆွေးနွေးသွားပါတယ်။ ကျွန်တော်တို့ အမြင်ချင်း ဖလှယ်လို့ ရတယ်။ သူတို့ နိုင်ငံကြီးတွေအနေနဲ့ သူတို့အမြင်တွေကို ကြားရတာကို အမြဲတမ်း ကြိုဆိုတယ်။ ပိုပြီးတော့လည်း ကျနော်တို့ နိုင်ငံရေး အခြေအနေကို စဉ်းစား သုံးသပ်လို့ ရတာပေါ့။”

တနင်္ဂနွေနေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ စတီဖင် ဘလိတ် ဟာ ဒီကနေ့ ခရီးစဉ် အဆုံးသတ်ဖို့ ရှိတယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကပြောပါတယ်။ အင်္ဂါနေ့မှာတုန်းကတော့ သူဟာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နဲ့ တွေ့ဆုံခဲ့ပြီးတော့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အစိုးရပိုင် သတင်းတွေမှာတော့ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးနဲ့ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးတယ်လို့သာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ဖို့မှာ ပျက်ကွက်မှုတွေ ရှိနေတယ် ဆိုပြီးတော့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ခံနေရတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG