သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ရွေးကောက်ပွဲ အားလုံးလက်ခံနိုင်အောင် ကျင်းပဖို့ အီးယူ အင်ဒိုနီးရှား သဘောတူ


ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဖက်ဆီနို (Piero Fassino) ဟာ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဟတ်ဆန် ဝီရယုဒ (Hassan Wirajuda) နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လာမယ့်၂၀၁၀ ရွေးကောက်ပွဲအခြေအနေ
အလားအလာတွေအပေါ် အမြင်သဘောထားတွေ အပြန်အလှန် ဖလှယ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရပြီး အများက ယုံကြည်လက်ခံကြဖို့ အရေးကြီးတယ်လို့ နှစ်ဖက်စလုံးက လက်ခံဆွေးနွေးခဲ့ကြပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာဖက်ဆီနိုတို့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာ အတော်များများကို မနေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဆွေးနွေးခဲ့ရာမှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စဟာ အဓိက အကြောင်းရပ်တခု ဖြစ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ အခြေအနေအပေါ် အမြင်၊ အင်ဒိုနီးရှားဘက်က အမြင်၊ ချဉ်းကပ်မှု စသဖြင့် နှစ်ဖက် အပြန်အလှန် ပြောဆိုဖလှယ်ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့် ရသူ တာကူး ဖိုင်ဇာရှား(Teuku Faizashar) က ဗွီအိုအေကို ပြောပြပါတယ်။

“အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံပြဿနာတွေကို ဘယ်လိုမြင်တယ်၊ ဘယ်လိုမျိုး ချဉ်းကပ်နေတယ် ဆိုတာတွေကို ရှင်းပြခဲ့ ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နှစ်နိုင်ငံအကြား ဆက်ဆံပြီး ပြောဆိုတာရော၊ အာဆီယံထဲမှာ အများနဲ့ ပြောဆို တာရော၊ ကုလသမဂ္ဂ ခေါင်းစဉ်အောက်မှာ ပြောတာရော ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ဖြစ်ထွန်းရေး ကိစ္စ တခုတည်းမှာတင် မဟုတ်ဘဲနဲ့ မြန်မာပြည်သူတွေရဲ့ စီးပွားရေးအကျပ်အတည်း၊ နာဂစ်မုန်တိုင်းနောက်ပိုင်း အခြေအနေ၊ ဒါတွေအားလုံးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။”

ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဖက်ဆီနိုဟာ အာဆီယံအတွင်း ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့တာ ပါ။ ထိုင်းဟာ မြန်မာ့အိမ်နီးချင်းဖြစ်သလို မြန်မာနိုင်ငံက ပြဿနာတွေနဲ့ တိုက်ရိုက်ကြုံတွေ့နေရတာမို့ သူ့အမြင်ကို သွားရောက် နားထောင်တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးဖြေရှင်းမှုမှာ အာဆီယံထဲ အရေးပါတဲ့ နိုင်ငံတခု ဖြစ်တာမို့ သွားရောက်ခဲ့တာလို့ မစ္စတာဖက်ဆီနိုရဲ့ ပြောခွင့်ရသူ မစ္စတာ အူဂို ပါပီ (Mr.Ugo Papi) က ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံထဲမှာ မြန်မာ့အရေးပြဿနာကို ဖြေရှင်းလိုတဲ့နိုင်ငံ ဖြစ်သလို အာဆီယံထဲမှာလည်း အကြီးဆုံးနိုင်ငံ ဖြစ်တာကြောင့် အရေးပါပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ အတွေ့အကြုံရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့အရေးကိစ္စကို ဖြေရှင်းဖို့ရာ အာဆီယံထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ စိတ်ဝင်စားစရာပါ။ ဒါကြောင့်လည်း ကျနော်တို့ဘက်က အင်ဒိုနီးရှားနဲ့ အခုလို ဆက်ဆံတာပါ။”

အခု အာဆီယံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံတွင်း လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ဖြစ်ထွန်းရေး အခွင့်အလမ်းကောင်းတွေ ဘယ်လောက်ရှိလာနိုင်မလဲ လာရောက်လေ့လာတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောပါ တယ်။ မစ္စတာဖက်ဆီနိုအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ စစ်အစိုးရကို ခွင့်ပြုချက် တောင်းခဲ့တယ်လို့လည်း ပြောခွင့် ရသူက ဆိုပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ လာမယ့် စစ်အစိုးရရွေးကောက်ပွဲဟာ အများက ယုံကြည်လက်ခံမှုရှိတဲ့ပုံစံ ဖြစ်စေ ချင်တယ်ဆိုတာကို နားလည်မှုရခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရသူက ပြောပါတယ်။

“ဒီရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ ရှေ့နှစ်လုပ်မယ့် ရွေးကောက်ပွဲကို အားလုံးပါဝင်နိုင်တဲ့ အခြေအနေ၊ အားလုံးပါဝင်ခွင့်ရတဲ့ အခြေအနေမျိုးဖြစ်တာ မြင်လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီရွေးကောက်ပွဲမှာ ပါတာမပါတာထက် အားလုံးပါဝင်ခွင့်ရဖို့က အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲဟာ အများ ယုံကြည် လက်ခံနိုင်ဖို့ အရေးကြီးတယ်ဆိုတာကို ကျနော်တို့ အပြန်အလှန် နားလည်မှုရခဲ့ပါတယ်။ ဒီအတွက် နိုင်ငံတကာရဲ့ ကူညီ အားပေးမှုတွေ လိုတယ်ဆိုတာကိုလည်း ပြောဖြစ်ပါတယ်။”

အီးယူ ဥရောပသမဂ္ဂအနေနဲ့က တဘက်မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှုကို နောက်တနှစ် အချိန်ထပ်တိုး မတိုး နောက်လမှာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခု အာဆီယံ ခရီးစဉ်အတွင်း မှာတော့ ဒီကိစ္စကို အကျယ့်တဝင့် ပြောဆိုတာမရှိဘူးလို့ မစ္စတာဖက်ဆီနိုရဲ့လက်ထောက်က ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဒဏ်ခတ်တဲ့နည်းရော အာဆီယံတွေ ကျင့်သုံးတဲ့ စစ်အစိုးရနဲ့ ထိစပ် ဖျောင်းဖျတဲ့ နည်း ရော နှစ်ခုစလုံး အလုပ်မဖြစ်ဘူး၊ မထိရောက်ဘူးဆိုတာ သိသာနေတဲ့အတွက် ဒီထက်ကောင်းမွန်နိုင်မယ့် နည်းလမ်းတွေကို သူတို့ဘက်က အဖြေထုတ်နေတယ်လို့လည်း မစ္စတာဖက်ဆီနို ရဲ့ လက်ထောက် အူဂိုပါပီ က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG