သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတားအဆီးတွေကြား အဲန်အယ်လ်ဒီ လက်မှတ် ဆက် စုဆောင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ကျေးရွာတွေမှာပြုလုပ်ခဲ့ရာမှာ အာဏာပိုင်တွေက လိုက်လံတားဆီးပိတ်ပင်တာ အနှောက်အယှက်ပေးတာတွေ လုပ်နေပေမယ့်လည်း အခုအခါမှာတော့ လက်မှတ်ရေးထိုးတဲ့ လူဦးရေး လေးသောင်းကျော် ရှိသွားခဲ့ပါပြီ။ တွံတေးမြို့ကရရှိထားတဲ့ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

သူတို့ရဲ့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြုလုပ်တဲ့အခါမှာ အနှောက်အယှက်ပေးမှုတွေအပြင် လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ကျေးရွာအာဏာပိုင်တွေက ပြုလုပ်ခဲ့တဲ့အကြောင်း တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင် က အခုလို ပြောပြပါတယ်။

“လူငယ်တွေကို ကျေးရွာတွေမှာ လိုက်လံနှောက်ယှက်တာတွေ ရှိတယ်။ သူတို့ တည်းတဲ့အိမ်တွေကို ဧည့်စာရင်း မပေးဘူး။ နောက်ပြီးတော့ လူငယ်တွေက ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ တည်းခိုရတဲ့အဆင့်ရှိတယ်။ နောက် သူတို့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းတွေက စောင့်ကြည့်တာတွေရှိတယ်။ လိုက်လံပြီးတော့ စောင့်ကြပ်တာတွေ ရှိတယ်ပေါ့။ ကျနော်တို့ လက်မှတ်ရေးထိုးနေတဲ့အချိန်မှာတော့ ဘာမှမပြောဘူး။ လက်မှတ်ရေးထိုးပြီးတော့ အဲဒီအိမ်ကနေ ထွက်သွားပြီးဆိုရင် အဲဒီအိမ်ကို ဝင်ပြီးတော့ သူတို့ ပြောတယ်။ လက်မှတ် မထိုးရဘူး။ ဒါဟာ တရားမဝင်ဘူး။ လက်မှတ်ရေးထိုးပေးရင် ဒါ ခင်ဗျားတို့ကို ဖမ်းမယ်။ အခုတောင် ခင်ဗျားတို့ကို တရားစွဲလို့ရတယ်လို့ ပြောတယ်။ နောက်ပြီးတော့ လက်မှတ် သွားထိုးမယ့် နေရာလမ်းကြောင်းတွေမှာ သူတို့က ပိတ်ဆို့ထားတယ်။ တချို့ ရယက တွေဆိုရင် လမ်းထဲကို ဝင်ခွင့် မပေးဘူး။ ဌာန ဆိုင်ရာ ခွင့်ပြုချက်မရှိဘူး။ အဲန်အယ်လ်ဒီပါတီဝင်တွေ ဝင်ခွင့်မရှိဘူး ဆိုပြီးတော့ ပိတ်ဆို့တာ တားမြစ်တာ ရှိတယ်။”

အခုအခါမှာတော့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့သူပေါင်း လေးသောင်းကျော် ရသွားပြီဖြစ်ကြောင်းကိုလည်း ဆက်ပြော သွားပါတယ်။

“အခုဆိုရင် အားလုံး စုစုပေါင်း ၁၇၃ နဲ့ အုပ်စု ၅ စု ဆုံသွားပြီပေါ့ခင်ဗျာ။ လက်မှတ်ပေါင်း လေးသောင်းကျော် ရတယ်။ လေးသောင်းကျော်ရတာကို ကျနော်တို့က ဘယ်အထိ ဆက်လုပ်မလဲဆိုရင် ၆ လပိုင်းအကုန်အထိ ဆက်လုပ်မယ်။”

အခုလိုမျိုး လက်မှတ်ရေးထိုးမှုတွေ လုပ်ခဲ့တဲ့ တွံတေးမြို့ပေါ်က မိဘမေတ္တာ ငါးဒိုင် က ငါးဒိုင်ပိုင်ရှင်တဦးကိုတော့ ဧည့်စာရင်းမှုနဲ့ တရားစွဲပြီး ထောင်တပတ်ချတာတွေ လုပ်ခဲ့ပါတယ်။ သူ့အိမ်အနီးတဝိုက်မှာဆိုရင် ရဲများက မကြာခဏ စောင့်ကြည့်နေတာတွေ လုပ်နေပြီး ပတ်ဝန်းကျင်ကနေ သူနဲ့မပတ်သက်ရဲအောင် လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG