သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးပျံအရေး ကုလလုံခြုံရေးကောင်စီ ဆွေးနွေး


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အံတုပြီးတော့ မြောက်ကိုရီးယား က ရော့ကတ် ဒုံးပျံ လွှတ်တင်ခဲ့တဲ့ ကိစ္စကို နိုင်ငံတကာ အသိုင်းအဝိုင်း က အရေးပေါ် ဆောင်ရွက်မှုလုပ်ကြပါလို့ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က တိုက်တွန်း လိုက်ပါတယ်။ မြောက်ကိုရီးယားအတွက် ပဲထိန်းတာဝေးပြစ် ဒုံးကျည် ပစ်ခတ်နိုင်စွမ်းဟာ လူအမြောက်အများ သေစေနိုင် တဲ့ ဖျက်အားပြင်း လက်နက်တွေနဲ့ ကမ္ဘာ့နိုင်ငံတွေ အပေါ် ချိန်းခြောက်တာ ဖြစ်တယ်လို့ အမေရိကန်နဲ့ အီးယူ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စွတ်စွဲ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဘယ်လိုနည်းနဲ့မှ အလျှော့မပေးတဲ့ ဆုံးဖြတ်ချက်မျိုး ချပြပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်မှုကို ပြကြပါလို့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။ အသင့်တော်ဆုံး အရေးယူမှုကတော့ မြောက်ကိုရီးယားအပေါ် နောက်ထပ် ဆုံးဖြတ်ချက်သစ်ဖြစ်တယ်လို့ အမေရိကန် က ယုံကြည်ကြောင်းကို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဆန်ရိုက်စ်က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ ငြိမ်းချမ်းတဲ့ အာကာသ အစီအစဉ် အရ ဂြိုလ်တု တစင်းလွှတ်တင်ပြီး အဲဒီ ဂြိုလ်တုကနေ တော်လှန်ရေး သီချင်းတွေ ထုတ်လွှင့်နေပြီလို့ ကွန်မြူနစ် အစိုးရက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန် စစ်တပ်ကတော့ ကမ္ဘာပတ်လမ်းကြောင်းထဲကို ဘယ်အရာမှ ဝင် လာတာ မရှိဘူးလို့ ပြောပါတယ်။ ဂြိုတ်တု လွှတ်တင်တဲ့နေရာမှာ အသုံးပြုခဲ့တဲ့ ပထမအဆင့် အစိတ်အပိုင်းတွေကတော့ ဂျပန် ပင်လယ်ထဲ ကျသွားခဲ့ပြီး ဂြိုလ်တုအပါအဝင် တွန်းတင်ပေးတဲ့ ဒုံးပျံ ကျန်တဲ့ အဆင့်တွေကလည်း ပစိဖိတ်သမုဒ္ဒရာကို ကျသွားတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အခုလို လုပ်ရပ်ကို ဘယ်လို တုံ့ပြန် အရေးယူ မလဲဆိုတာကို ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဒီနေ့ အရေးပေါ် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG