မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒအပေါ် အမေရိကန်ပြည်ထောင်စုက ပြန်လည် သုံးသပ်နေတာနဲ့ ပတ်သက်ပြီး ထောက်ခံ ကြိုဆိုပေမဲ့လည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း ပြဿနာတွေဟာ အမေရိကန် အပါအဝင် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာကြောင့် မဟုတ်ဘဲ မြန်မာစစ်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒ တွေ ကြောင့် ဖြစ်တယ်လို့ ဧပြီလ ၂၃ ရက်က ကျင်းပခဲ့တဲ့ ဝါရှင်တန်ဒီစီမြို့တော် အမေရိကန် အောက်လွှတ်တော်မှာ လူ့အခွင့် အရေးကော်မရှင် လူထုကြားနာပွဲတခုမှာ စီးပွားရေးကျွမ်းကျင်သူတွေက ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် အပြည့်အ၀ တာဝန်ခံရမှာဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
ဧပြီလ ၂၃ ရက်က အမေရိကန် အောက်လွှတ်တော် လူ့အခွင့်အရေးအဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူထု ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မခွာရီ တက္ကသိုလ် (Macquarie University) က စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင် တာနယ်လ် (Dr. Sean Turnell) က မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေဟာ အင်မတန် စိုးရိမ်ဖွယ် ကောင်းနေပါတယ်၊ ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ် တဲ့ အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိနေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတွေမှု၊ စီးပွားရေးခက်ခဲမှုတွေဟာ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူထား တာကြောင့် မဟုတ်ဘဲ အုပ်ချုပ်သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထား
တာတွေကို ဖျက်သိမ်းဖို့ အချိန်မတန်သေးပါဘူး။”
ဒေါက်တာ တာနယ်လ်က စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတာကို ရုပ်သိမ်းသင့်တယ်လို့ ကြွေးကြော်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လွဲမှားတဲ့ ယူဆချက်တွေ ရှိနေတယ်လို့ ခုလို သုံးသပ်ပါတယ်။
“တချို့က ပြောတယ်။ စီးပွားရေးလမ်းကြောင်းတွေ ပြန်ဖွင့်ပေးခြင်းအားဖြင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွေ အားကောင်း လာမယ်၊ အဲဒီကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်လို့ ဆိုတယ်။ ကျနော့်အမြင်မှာကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု၊ စီးပွားရေး ချွတ်ခြုံကျမှုတွေဟာ နိုင်ငံရေးပြဿနာပေါ်မှာ အခြေခံနေတာကြောင့် နိုင်ငံရေးနယ်ပယ်မှာ ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ စီးပွားရေးဟာ ဘယ်လိုနည်းနဲ့မှ တိုးတက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွေကို ကြည့်မယ်ဆိုရင်လည်း အစစအရာရာကို စစ်အစိုးရနဲ့ သူတို့နဲ့နီးစပ်သူတွေက လက်ဝါးကြီးအုပ်ထားတာ ဖြစ်နေပါတယ်။ မြန်မာ စစ်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့ ဘယ်အကြောင်းအရာတွေကမှ ဟန့်တားနေတာ မဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့နိုင်ငံတွေ အနေနဲ့ လည်း မြန်မာနိုင်ငံမှာ တွင်းထွက် သံယံဇာတ တူးဖော်တာကလွဲရင် တခြားကဏ္ဍတွေမှာ တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံမှု တွေ မလုပ်တာကလည်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကြောင့် မဟုတ်ပါဘူး။”
မြန်မာစစ်အစိုးရဟာ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၁.၄% ကိုသာ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲတာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ ကမ္ဘာမှာ အာဖရိကက ဆီရီလီယွန်းနိုင်ငံပြီးရင် ဒုတိယ အဆိုးရွားဆုံးဖြစ်တယ်၊ အာရှဒေသမှာ စစ်အသုံးစရိတ်ဟာ ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်ထက် ပိုတဲ့နိုင်ငံဟာ မြန်မာတနိုင်ငံတည်း ရှိတယ် လို့လည်း ဒေါက်တာ တာနယ်လ် က ထောက်ပြပါတယ်။ တခြားဒေသတွင်းက တရုတ်၊ ဗီယက်နမ်စတဲ့ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေမှာတောင် အစိုးရတွေက အနည်းဆုံး သူတို့တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုကြတာကို တွေ့ရပါ တယ်။
ဝါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign for Burma က အမှုဆောင်ဒါရိုက်တာ ဦးအောင်ဒင် က လည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားမူနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ပြန်လည်သုံးသပ်နေတယ်ဆိုတဲ့အပေါ် မှာ ခုလို ကောက်ချက်ချခဲ့ပါတယ်။
“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်နေတဲ့အချိန်မှာ Sanction အပါအဝင် ဖိအားပေးမှုတွေကို အပြောင်းအလဲ မရှိဘဲ ရုပ်သိမ်းပေးရမယ်ဆိုတာ မှားယွင်းတယ်ဆိုတာ ထောက်ပြဖို့အတွက် ဒီကြားနာပွဲတွေက အင်မတန်မှ အကျိုးရှိပါ တယ်။”
တဆက်တည်းမှာပဲ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တလွှားက အိမ်ထောင်မိသားစုပေါင်း ၂,၉၀၀ အကြား အမျိုးသမီးနဲ့ လူထုကျန်းမာရေး အခြေအနေတွေကို လေ့လာစစ်တမ်းကောက်ယူခဲ့တဲ့ ဂျွန်ဟော့ပ်ကင်းစ် (Johns Hopkins University)တက္ကသိုလ်က လူထုကျန်းမာရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာ ခရစ္စ ဘိုင်ရာ (Dr. Chris Beyrer) ကလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ယိုယွင်းမှုတွေနဲ့ ပတ်သက်ပြီး ခုလို ကောက်ချက်ချပါတယ်။
“မြန်မာနိုင်ငံက ကျန်းမာရေးပြဿနာတွေဟာ လူက ကျူးလွန်ဖန်တီးလို့ ဖြစ်လာတဲ့ ပြဿနာတွေပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစိုးရက သုံးစွဲတဲ့ ငွေတွေဟာ အင်မတန်မှ နည်းလွန်းလှတာ ကြောင့် ဖြစ်ပါတယ်။”
မြန်မာနိုင်ငံက HIV ရောဂါ တိုက်ဖျက်ရေးအတွက် NGO အဖွဲ့တွေကပဲ ဆောင်ရွက်နေတာဟာ မလုံလောက်ပါဘူး။ အစိုးရ ဘက်ကလည်း အင်တိုက်အားတိုက် ပါဝင်ဖို့ လိုအပ်တယ်လို့ ဒေါက်တာဘိုင်ရာက ထောက်ပြပါတယ်။
အောက်လွှတ်တော် ကြားနာပွဲမှာ နောက်ထပ် သက်သေထွက်ဆိုခဲ့သူကတော့ ကရင်တိုင်းရင်းသူ မိုင်းရာ ဒါဂေဖော (Myra Dargaypaw) ဖြစ်ပါတယ်။ သူဟာ မြန်မာပြည်တွင်း အဓမ္မရွှေ့ပြောင်းနေရသူအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသူ လည်း ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက လူနည်းစုတိုင်းရင်းသားတွေ နေထိုင်ရာဒေသတွေမှာ ရွာသူရွာသားတွေရဲ့ အသက် အိုးအိမ် လယ်ယာတွေဟာ နေ့စဉ်နဲ့အမျှ ဖျက်ဆီးထိန်းသိမ်းခံနေရတယ်လို့ သူက သက်သေထွက်ဆိုခဲ့ပါတယ်။
“မြန်မာစစ်အစိုးရဟာ သူတို့ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေအတွက် တာဝန် အပြည့်အဝခံရမှာ ဖြစ်ပါတယ်။”
အားလုံးခြုံပြောရရင်တော့ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးမယ်ဆိုရင်တောင် မြန်မာပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေဟာ ပြေလည်သွား မှာမဟုတ်ဘူးဆိုတာကို အောက်လွှတ်တော်မှာ သက်သေထွက်ဆိုခဲ့တဲ့ မြန်မာ့စီးပွားရေးနဲ့ ကျန်းမာရေးကျွမ်းကျင်သူ တက္ကသိုလ် ပါမောက္ခတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက တင်ပြသွားကြတာ ဖြစ်ပါတယ်။