သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု အီးယူ တနှစ်သက်တမ်းတိုး


အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဒီကနေ့ အစည်းအဝေးကနေ မြန်မာနိုင်ငံအပေါ် အီးယူရဲ့ အရေးယူ ဒဏ်ခတ်မှုကို နောက်တနှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် တဘက်မှာ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေးအတွက် လမ်းဖွင့်ထားပြီး အီးယူက သတ်မှတ်ထားတဲ့ တိုးတက်ဖြစ်ထွန်းမှုအပေါ်မှာ မူတည်ပြီး ဒီ အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်လည်သုံးသပ် ပြင်ဆင်မယ်လို့လည်း အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီကနေ့ လူဇင်ဘတ်မှာ ကျင်းပတဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ မြန်မာ့အရေးကိစ္စ ဆွေးနွေးခဲ့ကြ တာပါ။ အရင် အီးယူက ဆုံးဖြတ်ထားတဲ့ မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို တနှစ်တိုးလိုက်ပေမဲ့ တဘက် မှာတော့ အီးယူအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူအခွင့်အရေး အခြေအနေတိုးတက်မှုတွေအတွက် မြန်မာ စစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးသွားလိုတယ် ဆိုတာကိုလည်း ဖော်ပြလိုက်ပါတယ်။ အီးယူ ပြင်ပဆက်ဆံရေးဆိုင်ရာ ပြောခွင့်ရသူ ခရစ္စတင်းဟို့မန်း (Christiane Hohmann) က ဒီကနေ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အခုလို ပြောပါတယ်။

“မြန်မာစစ်အစိုးရအပေါ် ကန့်သတ်တားမြစ်ထားချက်တွေကို နောက်ထပ်တနှစ် ထပ်တိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သတ်မှတ် ပြီးသား တိုးတက်မှု အခြေအနေတွေအပေါ် မူတည်ပြီးတော့ ဒီတားမြစ်ချက်တွေကို ပြန်ပြီး သုံးသပ်ပြင်ဆင်တာ၊ ထပ် တိုးမြှင့်တာတွေ လုပ်သွားဖို့ရှိပါတယ်။ တဘက်မှာတော့ လာမယ့် မေလ ၂၀၀၉ ခုနှစ် ဟနွိုင်းမှာ လုပ်မယ့် အာဆမ် နိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကား ပြောဆို သွားလိုပါတယ်။”

မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံမှု ရှိလာစေဖို့ အားလုံး ပါဝင် နိုင်ရေး၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ရှိစေရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိုလည်း အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုခဲ့ကြပါတယ်။

ဘရပ်ဆဲလ်အခြေစိုက် ဥရောပ မြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေကတော့ အခုဆုံးဖြတ်ချက်ထဲမှာ မြန်မာ စစ် အစိုးရ အပေါ် အရေးယူတာမျိုးသက်သက် မဟုတ်တော့ပေမဲ့ တဘက်မှာ တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းလိုတဲ့သဘောပါတယ် လို့ ရှုမြင်ခဲ့ပါတယ်။

“သူတို့ကတော့ ပြဿနာတွေ ထောက်ပြပြီး အဲဒီမှာ သူတို့က နအဖနဲ့လည်း တွေ့ဖို့ ကြိုးစားမယ်ဆိုတာ ပါတယ်။ အဲဒါ ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”

ဒါပေမဲ့ တကယ်တမ်း အဲဒါ လွယ်ပါ့မလား။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်အစိုးရက ပြောနေတာကတော့ သူတို့ကို ပိတ်ဆို့ အရေးယူထားတာတွေ အရင်ဆုံး ရုပ်သိမ်းပေးရမယ့်သဘော ပြောနေတဲ့အတွက် အစိုးရအာဏာပိုင်တွေနဲ့ အီးယူအနေနဲ့ တကယ်တမ်း ဆွေးနွေးလာနိုင်မယ့် အလားအလာ ဖြစ်လာနိုင်ပါ့မလား။

“ဥရောပသမဂ္ဂဘက်ကတော့ ကမ်းလှမ်းလာတယ်လို့ ပြောလို့ရတယ်။ နအဖက သူတို့ မပြောင်းမချင်း ဘယ်လိုမှ မပြောဘူး ဆိုရင်တော့ တံခါးပြန်ပိတ်သွားမှာပဲ။ တကယ်ကတော့ ဥရောပသမဂ္ဂအနေနဲ့ ထောက်ပြနေတာက ပိတ်ဆို့ချက်တွေကို လည်း သူတို့ ပြောင်းချင်တယ်၊ ရုပ်သိမ်းချင်တယ်။ ဒါ ရှင်းရှင်း သူတို့ပြောထားတာပဲ။ အခက်အခဲကတော့ ဘုံဆုံးဖြတ်ချက် မှာ အကန့်အသတ် တော်တော်ချထားတာ ပါတယ်။ ဘုံဆုံးဖြတ်ချက်ကို ပြောင်းမယ်၊ ဒါမှမဟုတ် ရုပ်သိမ်းမယ်ဆိုရင် ၂၇ နိုင်ငံစလုံးက သဘောတူညီမှ လုပ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့က အရင် သွားဆွေးနွေးချင်တာ ဖြစ်ပါတယ်။”

ဆိုလိုတာက အီးယူကိုယ်၌က သူ့ရဲ့ ဘုံဆုံးဖြတ်ချက်ကို ပြန်ဖယ်ရှားဖို့၊ မြန်မာနိုင်ငံအပေါ် ထားထားတဲ့ ပိတ်ဆို့အရေးယူမှု တွေကို ပြန်ဖယ်ရှားဖို့ အီးယူထဲမှာ စဉ်းစားမှုတွေ ရှိနေတယ်ဆိုတဲ့ သဘောလားခင်ဗျ။

“ရှင်းရှင်းပြောမယ်ဆိုရင် အခြေအနေက တော်တော်ဆိုးတယ်။ ဒီ့ထက် ကူညီသင့်တယ်ဆိုတဲ့အပေါ်မှာ သူတို့ စဉ်းစားတာ ဖြစ်ပါတယ်။ ဒီပိတ်ဆို့မှုတွေနဲ့ ၁၅ နှစ်လောက်ရှိတဲ့နေရာမှာ နအဖနဲ့လည်း သူတို့ စကားမပြောခဲ့တော့ ဘာမှမထူးခြားဘူး ဆိုတဲ့ဟာ သူတို့မြင်ပါတယ်။ ဆိုတော့ သူတို့က ထူးခြားလာအောင် ဘာလုပ်နိုင်မလဲ၊ နအဖနဲ့ စကားပြောကြည့်ရင် ဖြစ်မလားဆိုတဲ့သဘောပဲ။ ဒီဟာက ဘုံဆုံးဖြတ်ချက် လျှော့တယ်လို့ ပြောနိုင်တယ်။ အရင်တုန်းကဆိုရင် ခေါင်းဆောင် အဆင့်က နအဖနဲ့တွေ့ဖို့ တွေ့လို့ မရဘူး။”

ဦးဟန်ညောင်ေ၀ ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပိုပြီး ပူးပေါင်းလက်တွဲသွားဖို့လည်း အီးယူက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို သုံးသပ်ထားတဲ့နေရာမှာလည်း နိုင်ငံရေးအကျပ်အတည်းတင် မဟုတ်ဘဲ ဆင်းရဲမွဲတေမှုနဲ့ အခြားစီးပွားရေးအခက်အခဲ ကြုံနေရတာတွေကိုပါ ပါဝင်ထည့်သွင်းထားပါတယ်။ အခု မြန်မာစစ်အစိုးရကို တနှစ် သက်တမ်းတိုး ဒဏ်ခတ်လိုက်တဲ့ အရေးယူမှုတွေမှာတော့ အစိုးရထိပ်ပိုင်းအရာရှိတွေ အီးယူနိုင်ငံတွင်း ဝင်ရောက်တာကို ဗီဇာပိတ်ပင်တာ၊ သူတို့ရဲ့ ဥရောပအတွင်း ငွေကြေးတွေကို ထိန်းချုပ်တာနဲ့ စစ်အစိုးရနဲ့ ပတ်သက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ဥရောပနဲ့ ဆက်ဆံလို့မရအောင် ပိတ်ပင်တာမျိုးတွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG