သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး NLD စိုးရိမ်မကင်းဖြစ်


တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်အင်းစိန် ထောင်ထဲက အထူးတရားခွင်မှာ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်လို့ ရှေ့တပတ်ထဲကျရင် နောက်ဆုံးပိတ် ခုခံချေပ လျှောက်လဲဖို့အတွက် သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေ ပြင်ဆင်နေချိန် အခုလို ကျန်းမာရေးအတွက် စိုးရိမ်ပူပမ်မှုတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားခွင် ကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ ရှေ့တပတ်ကျရင် အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့အတွက် သူ့ရဲ့ ရှေ့နေ တွေက ပြင်ဆင်မှုတွေ လုပ်နေချိန်မှာပဲ ခုလို ကျန်းမာရေးအတွက် စိုးရိမ်သံတွေလည်း ထွက်လာတာပါ။ အထူးသဖြင့် ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ထောင်တွင်းမှာ ပြင်းထန်တဲ့ ကြွက်တက်တဲ့ ဝေဒနာကို ခံစား နေရတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီက ပြောလိုက်တာပါ။ ဒါကြောင့်မို့လည်း ကျန်းမာရေး ကုသ စောင့်ရှောက်မှုတွေ အမြန်ဆုံးပေးဖို့ ဒီကနေ့ပဲ ကြေညာာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးလည်းဖြစ် ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါ တယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အခုရက်တွေမှာ ကြွက်တက်တာ မကြာခဏ ဖြစ်နေတယ်။ အဲဒီလို မကြာခဏ ဖြစ်နေတော့ ညဖက်ကို သူ အိပ်ရေး ကောင်းကောင်းမအိပ်ရဘူး။ ကြွက်တက်တော့ သူ လမ်းထထလျှောက်ရတယ်။ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ချုပ်က စိုးရိမ်ကြောင်းနဲ့ ကျကျနန ကုသဖို့ လိုအပ်နေတယ်၊ စိုးရိမ်တယ် ဆိုပြီး ဒီကြေညာချက် ထုတ် တာပါ။”

တရားခွင် အစောပိုင်းမှာတုန်းက သံတမန်တွေ သတင်းထောက်တွေ ဝင်ရတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး ကောင်းပါတယ်။ သူလည်း နေထိုင်ကောင်းပါတယ်ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲဒီချိန်တုန်းကရော အခြေအနေ က ဘယ်လိုရှိခဲ့လဲ အဲန်ကယ်လ်။ -

“သူက ဒီ ကြွက်တာတာ ဖြစ်နေတာက အဲဒီမတိုင်ခင်ကတည်းက ဖြစ်နေတာ။ ကျနော်တို့ ဒီလ ၈ ရက်နေ့ ဒေါက်တာ ပြုံးမွန် အိမ်ဝင်ကတည်းက ဒီကိစ္စက ရှိနေတာ။ ကြွက်တက်တာက နည်းနည်း ပိုစိပ်လာတယ်။ ပိုစိပ်လာတဲ့အခါကျတော့ အိပ်ရေး ကောင်းကောင်းမရတော့ဘူးပေါ့။ ကြွက်တက်ရင် ထ လမ်းလျှောက်၊ အဲဒီလို ဖြစ်နေတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် ပြောပြတာလေ။ နောက်တခု တဆက်တည်း ပြောရရင် သူ ပြောတယ်။ ကျနော်တို့ကလည်း စိုးရိမ်လို့ မေးတာပေါ့လေ။ အခု ထောင်ဆေးမှူးချုပ် အနေနဲ့လည်း ဂရုတစိုက် စစ်ဆေးပေးနေတယ်တဲ့။ အဲဒီလိုလည်း ပြောပါတယ်။”

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုအတွက် ဥပဒေကြောင်းအရ ခုခံသွားရအောင် ကြားနာ စစ်ဆေးပြီးသမျှ ပြန်လှန် သုံးသပ် ဆွေးနွေးမှုတွေအပြင် သူနဲ့ပါ တွေ့ဆုံတိုင်ပင်ခွင့်ရဖို့လည်း ဥပဒေ အကျိုးဆောင်တွေ ကြိုးပမ်းနေကြတာပါ။ လာမယ့် တနင်္လာနေ့ နှစ်ဖက်ရှေ့နေတွေ ရုံးတော်မှာ လျှောက်လဲတဲ့ အခါကျရင်တော့ ဒီ ဆွေးနွေး တာတွေ၊ ပြီးခဲ့တဲ့ ထွက်ဆိုချက်တွေ အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ စွပ်စွဲခံထားရသလို ချိုးဖောက်မှု မရှိတဲ့ အကြောင်း အလေးပေး လျှောက်လဲသွားမယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့ ခုခံရေးလမ်းကြောင်းက အစကတည်းက တသတ်မတ်တည်းပါ။ အဲဒါကတော့ဒေါ်အောင်ဆန်းစုကြည် ဟာ ချမှတ်ထားတဲ့ စည်းကမ်းကို မဖောက်ဘူး။ ကန့်သတ်မိန့်ကိုလည်း မဖောက်ဘူး။ ကန့်သတ်မိန့်ကိုယ်တိုင်လည်း တရား မဝင် ဘူး။ အဓိက ဒီ ၃ ခု။”

ဥပဒေအကျိုးဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပြီး မနက်ဖြန် စနေနေ့မှာ တွေ့ဆုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

မနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံထွက်ဆိုပေးတဲ့ သက်သေတဦးကို စစ်ဆေးပြီး အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ လာမယ့် တနင်္လာနေ့ကို တရားရုံးက ပြန်ပြီး ရက်ချိန်း သတ်မှတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ကာကွယ် ထွက်ဆိုပေးဖို့ တင်ပြထားတဲ့ သက်သေ လေးယောက်ထဲက တယောက် ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က အဲန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးကြည်ဝင်း က ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲချက်တွေဟာ ခိုင်မာမှုမရှိသလို၊ ဥပဒေကြောင်းနဲ့ မညီကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့ပြီး တရားခွင်ကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ အပြစ်မရှိကြောင်း ခုခံချေပတဲ့ နေရာမှာဆိုရင်လည်း၊ သူ့နေအိမ်ခြံဝန်းထဲကို ကျုးကျော်ဝင်ရောက်ခဲ့သူနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို၊ စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ဘဲ ရောက်လာသူ တဦးအတွက် ထိန်းသိမ်းခံနေရသူမှာ အပြစ်မရှိသလို၊ လုံခြုံရေး တာဝန်ယူထားသူတွေရဲ့ ပျက်ကွက်မှု အတွက်ကိုလည်း အာဏာပိုင်တွေက အရေးတယူ လုပ်တာမျိုး မရှိတာဟာ ဘက်လိုက်ရာ ရောက်နေတယ် ဆိုပြီးတော့ လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG