မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို
ခွင့်ပြုထားတဲ့ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့
ILO က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ အဆုံးသတ်ဖို့ မြန်မာစစ်အစိုးရရဲ့ ကြိုးပမ်းချက်တွေဟာ လုံလောက်မှု လုံးဝမရှိဘူးလို့ စနေနေ့က ဂျနီဗာမှာကျင်းပတဲ့ ILO အလုပ်သမား ကော်မတီ ဆွေးနွေးပွဲအတွင်း ILO အဖွဲ့ဝင်တွေက ပြောဆိုခဲ့ကြပါတယ်။
အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို တားမြစ်တဲ့ လက်ရှိတည်ဆဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရမယ်လို့ အလုပ်သမား ကော်မတီက ဆိုပါတယ်။ ဒါ့အပြင် ၂၀၁၀ခုနှစ်မှာတရားဝင်ဖြစ်လာမယ့် အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ခွင့်ပြုထားတဲ့ အခြေခံဥပဒေသစ် ဖွဲ့စည်းပုံဆိုင်ရာ ပြဌာန်းချက်တွေကိုလည်း ပြင်ဆင်ရေးဆွဲဖို့ ILO က တောင်းဆိုပါတယ်။
အစိုးရ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကလေးငယ်တွေကို အတင်းအဓမ္မခိုင်းစေတာတွေ ရှိနေသလို အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို မြန်မာစစ်အစိုးရက ကျူးလွန်နေတဲ့အကြောင်း ILO က စွပ်စွဲထားတာဖြစ်ပါတယ်။