သုံးရလွယ်ကူစေသည့် Link များ

အီရန် ဆန္ဒပြပွဲနဲ့ မြန်မာ့အရေး


ဒီရက်အတွင်း မြန်မာနိုင်ငံ စစ်အာဏာရှင်အစိုးရအနေနဲ့ ပြည်တွင်းသတင်းဌာန၊
မီဒီယာတွေမှာ မဖော်ပြလိုတဲ့ ဟိုလေးကျော် ကမ္ဘာ့သတင်းတပုဒ် ရှိနေပါတယ်။
ဒီသတင်းကတော့ အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပပြီးနောက်
ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့ ပြည်သူတွေ နေ့စဉ်ရက်ဆက် ဆန္ဒပြနေတဲ့
သတင်း ဖြစ်ပါတယ်။ ဒီလို အီရန်နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်
မှု၊ အီရန်ပြည်သူများ ဆန္ဒပြနေခြင်းက မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ဘယ်လို
ဆက်စပ်နေသလဲ၊ မြန်မာစစ်အစိုးရအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ စတဲ့
အမြင်သုံးသပ်ချက်များကို သိရှိနိုင်ဖို့ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန
အယ်ဒီတာ ဦးအောင်ဇော်၊ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းတို့ကို
ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

အထူးသဖြင့် ဒီအချိန်မှာ မြန်မာနိုင်ငံမှာလည်း ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး
ပြောထားတာရှိတယ်။ ရွေးကောက်ပွဲရလဒ်တွေကို မကျေနပ်လို့ ဆန္ဒပြတဲ့သတင်းတွေ
ကို မဖော်ပြဘဲထားတာ ဘယ်လိုဆက်စပ်ပြီး စဉ်းစားမလဲ၊ ဘယ်လောက် မြန်မာအစိုးရ
က စိုးရိမ်စရာဖြစ်နေလို့ ဒီသတင်းကို မဖော်ပြပဲ ထားတယ်လို့ ထင်ပါသလဲ
ဦးအောင်ဇော်။

ဦးအောင်ဇော် - “နအဖစစ်အစိုးရက နိုင်ငံတကာ အရေးအခင်းတွေကို အမြဲတမ်း
လေ့လာစောင့်ကြည့်လေ့ ရှိပါတယ်။ အခု အီရန်မှာဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်
ပြီး ဖြစ်နေတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ၊ ရွေးကောက်ပွဲသတင်းတွေ အကုန်လုံးကို
လည်း အစဉ်မပြတ် လေ့လာနေတာ အသေအချာပါပဲ။ ဒါကြောင့် မြန်မာ့အလင်း
သတင်းစာမှာ သူတို့နိုင်စေချင်တဲ့သူကိုပဲ အနိုင်ပေးတဲ့သတင်းကို တဝက်တပျက်
ဖော်ပြထားတာ ဖြစ်ပါတယ်။

“အီရန်မှာ ဘာတွေ တကယ်ဖြစ်နေတယ်ဆိုတာကို မြန်မာပြည်သူ တချို့ကပဲ စီအန်အန်
ကဖြစ်ဖြစ်၊ ဗွီအိုအေကဖြစ်ဖြစ်၊ ဘီဘီစီကဖြစ်ဖြစ်၊ တခြား မြန်မာ့ရေဒီယိုစတေရှင်တွေ
ကနေ နားဆင်နေရတာ ဖြစ်ပါတယ်။ နောက်ဆုံးပိတ် ရန်ကုန်ကနေ ကျနော်ကြားတဲ့
သတင်းတခုကဆိုရင် Private Magazine တွေ၊ Weekly Journal တွေကအစ အီရန်
Election နဲ့ပတ်သက်ပြီး သတိထားပြီးတော့ ရေးသားဖော်ပြဖို့ စာပေစိစစ်ရေးက
ပြောထားတယ်လို့ သိရပါတယ်။

“အဲဒီအခါကြတော့ မကြာခင်မှာ နအဖစစ်အစိုးရကလည်း ၂၀၁၀ မှာ ရွေးကောက်ပွဲ
ကျင်းပမယ်ဆိုတော့ အခု အီရန် Election က သူတို့ မြန်မာပြည်မှာ ကျင်းပမယ့်
Election အပေါ်မှာ ဘယ်လိုသြဇာသက်ရောက်မှုတွေ ရှိမလဲဆိုတာ သူတို့စိုးရိမ်တယ်လို့
ထင်ပါတယ်။”

မဇ္ဈိမသတင်းဌာနက ဦးစိန်ဝင်းအနေနဲ့ရော ဘယ်လိုသဘောရပါသလဲ။ ဘာကြောင့်
မဖော်ပြဘူးလဲ၊ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာ အီရန်သတင်း
ဟာ သူတို့အတွက် ဘယ်လောက်အထိ အကဲဆတ်သလဲ၊ ဘယ်လောက်အထိ
Sensitive ဖြစ်သလဲဆိုတာ ပြောပါဦး။

ဦးစိန်ဝင်း - “မြန်မာအစိုးရအနေနဲ့ကလည်း ဒီမိုကရေစီမရှိတဲ့ နိုင်ငံတွေမှာ ဘယ်လို
ဖြစ်ပျက်လဲဆိုတာ သူ့အတွက် စိတ်ဝင်စားစရာ၊ Domestic Point of View မြန်မာပြည်
မှာလည်း အလားတူများ ဖြစ်ခဲ့လို့ရှိရင် ဘယ်လိုတွေ ရင်ဆိုင်မလဲဆိုတဲ့ဟာ၊ ဆူပူအုံကြွ
မှုတွေ ဖြစ်လာရင် ဘယ်လိုထိန်းချုပ်သွားတယ် ဆိုတာကအစ၊ ဒါ့အပြင် ကမ္ဘာ့နိုင်ငံရေး
တွေလည်း ပါဝင်ပတ်သက်နေတယ်ပေါ့။ ကမ္ဘာ့နိုင်ငံရေးဆိုတာ အီရန်က အိုပက်အဖွဲ့
ထဲမှာ ဒုတိယအများဆုံး ရေနံထွက်တယ်၊ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး သဘာဝ
ဓာတ်ငွေ့ထွက်တယ်။ အဲဒီအတွက် သူက နိုင်ငံကြီးတွေရဲ့ အာရုံစိုက်စရာ ဖြစ်လာတယ်။

“တရုတ်နဲ့ အမေရိကန် ဒီမိုကရေစီနိုင်ငံ၊ ဒီဘလော့တွေနဲ့က အာရုံစိုက်စရာဖြစ်လာ
တော့ UNSC လိုဟာမျိုးမှာ တက်လာကြတဲ့အခါ ဒီလိုနိုင်ငံတွေကို ကျောထောက်
နောက်ခံပေးတဲ့ ဟာတွေမှာ စဉ်းစားတာ၊ ဒါ ကိုယ့်လိုလူမျိုး၊ ကိုယ့်လိုလူမျိုးတွေ တခုခု
ထူးထူးခြားခြား ပြောင်းလဲသွားရင် ကိုယ်လည်း ထိခိုက်တဲ့ဟာမျိုး၊ အဲဒီအတွက်ဆိုတော့
သူက သတင်းတွေမှာ မဖြစ်စေချင်တာတွေ၊ မဖော်ပြစေချင်တာတွေ အများကြီး
ဖြစ်လာတာပေါ့လေ။”

တကယ်လို့ ဖော်ပြရင် ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောခင် တိုက်ဆိုင်တဲ့သတင်းတခု
ပြောချင်ပါတယ်။ သီရိလင်္ကာနိုင်ငံ သမ္မတ မဟင်ဒါ ရာဂျာပတ်က်ဆာ (Mahinda
Rajapaksa) လည်း ဒီအချိန်မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ သီရိလင်္ကာမှာ
တမီလ် ကျားသူပုန်တွေကို အပြတ်အသတ် ချေမှုန်းခဲ့တာတွေ ရှိပါတယ်။ အဲဒီတုန်း
ကလည်း သိပ်မဖော်ပြခဲ့ဘူးလို့ သိရပါတယ်။

ဦးစိန်ဝင်း - “ဟုတ်ကဲ့၊ သီရိလင်္ကာကိစ္စကတော့ ကျနော့်အမြင်ပြောရရင် အကြောင်း
၂ချက် ရှိလိမ့်မယ်နဲ့တူတယ်။ ပထမတချက်ကတော့ ဦးကျော်ဇံသာပြောသလို တမီလ်
သူပုန်တွေကို သီရိလင်္ကာက ဘယ်လိုနှိမ်နင်းလိုက်တယ် ဆိုတဲ့ဟာကို သိပ်သိချင်မယ်။
သီရိလင်္ကာသူပုန်တွေက ပြောက်ကျားသူပုန် ဖြစ်ပေမယ့် သူ့မှာ ကမ္ဘာပေါ်မှာ တခု
တည်းသော ရေတပ်ရှိတယ်၊ လေတပ်ရှိတယ်။ ရေတပ်၊ လေတပ်ဆိုတာ တကယ့်
formal Navy တွေ Air Force တွေတော့ မဟုတ်ဘူးပေါ့လေ။ သို့သော် အဲလို
အားကောင်းတဲ့ဟာကနေပြီးတော့ အခု သီရိလင်္ကာအစိုးရက အပြတ်တိုက်ထုတ်
လိုက်နိုင်တာကို သူ့အနေနဲ့ အရမ်းစိတ်ဝင်စားတယ်။

“နောက်တချက်က သီရိလင်္ကာနဲ့ ဗမာနဲ့ တူလာတဲ့အနေအထားတွေ ရှိလာတာက
တရုတ်ရဲ့ Back up တွေရှိတယ်။ သီရိလင်္ကာကို တမီလ်တွေအပေါ်မှာ လူ့အခွင့်အရေး
ချိုးဖောက်တယ်ဆိုပြီးတော့ UNSC ကိုတင်ဖို့ ကြိုးစားတာတွေရှိတယ်။ အဲဒီအခါမှာ
သီရိလင်္ကာကလည်း ဗမာဘက်က တူတဲ့အဖော် ရှာကြတာပေါ့၊ တယောက်နဲ့
တယောက် Protect လုပ်ဖို့အတွက်၊ အဖော်ရှာတဲ့အပိုင်းတွေပေါ့။ အဲလိုဆက်စပ်မှုတွေ
ရှိနေတယ်လို့ ထင်ပါတယ်။”

ဦးအောင်ဇော်ရော သီရိလင်္ကာ သမ္မတ ခရီးစဉ်နဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။
သီရိလင်္ကာမှာ တမီလ်ကျားသူပုန်ကို နှိမ်နင်းခဲ့တာ မြန်မာစစ်အစိုးရအတွက်
အားကျစရာလား၊ သံဝေဂယူစရာလား။

ဦးအောင်ဇော် - “အားကျစရာလို့ ကျနော်ထင်တယ်။ ပြန်ကြည့်ရင် Shangri La
Meeting လို့ခေါ်တဲ့ စင်ကာပူမှာ ပြီးခဲ့တဲ့ နှစ်ပတ် သုံးပတ်က လုပ်ခဲ့တဲ့၊ ကမ္ဘာ့
ခေါင်းဆောင်တွေတက်တဲ့ အစည်းအဝေးမှာ မြန်မာပြည်က ဒုတိယကာကွယ်ရေး
ဝန်ကြီး ဗိုလ်မှူးချုပ်အေးမြင့်လည်း တက်တာ တွေ့ရတယ်။ ဗိုလ်မှူးချုပ်အေးမြင့် ပြောတဲ့
မိန့်ခွန်းထဲမှာ သီရိလင်္ကာနိုင်ငံမှာ တမီလ်ပြောက်ကျားတွေကို တိုက်ခဲ့တဲ့အကြောင်းကို
သူက Paragraph တခုအနေနဲ့ထည့်ပြီး အသေအချာပြောသွားတာ တွေ့ရတယ်။
ပြီးတော့ နေပြည်တော်ကလာတဲ့ သတင်းတွေအရဆိုရင်လည်း တမီလ်ပြောက်ကျား
တွေကို တိုက်ခဲ့တာကို မြန်မာစစ်ဗိုလ်ချုပ်တွေက အရမ်းကို သဘောကျခဲ့တယ်လို့
သိရတယ်။ ဒါကြောင့် အခု ဒီတိုက်ပွဲပြီး နောက်ပိုင်းမှာ သီရိလင်္ကာသမ္မတ မြန်မာပြည်
ကို ပထမဆုံးအကြိမ် လာတာပါ။

“ထူးခြားတာက မြန်မာ့အလင်း သတင်းစာမှာ ဗုဒ္ဓဘာသာအကြောင်းပဲ တော်တော်
များများ တွေ့ရတယ်။ ဒါပေမယ့် သီရိလင်္ကာမှာရှိတဲ့ သတင်းစာတွေနဲ့ နိုင်ငံခြားရေး
ဝန်ကြီးဌာနက ဝက်ဘ်ဆိုက်တွေကို တက်ကြည့်မယ်ဆိုရင် အဲဒီမှာ မြန်မာစစ်အစိုးရ
ထက် ပွင့်ပွင့်လင်းလင်း ပိုရေးတာကို တွေ့ရတယ်။ ဘာလဲဆိုတော့ နှစ်နိုင်ငံ စစ်ရေး
အရ ပူးပေါင်းမှုတွေရှိမယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တမီလ်ပြောက်ကျားတွေကို
တိုက်ခိုက်တာကို သူ အားရကျေနပ်ကြောင်း ပြောခဲ့တာတွေကို တွေ့ရတယ်။

“ကျနော်နားလည်တာ မြန်မာစစ်ဗိုလ်ချုပ်တွေက သူတို့ကိုယ်တိုင်ကလည်း
တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ကာလ
ဖြစ်တယ်။ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကချင်၊ ဝ၊ မွန်၊ ကရင်အထိ၊ ကရင်ဆို
အခုလောလောဆယ် တိုက်နေတာပေါ့လေ၊ သူတို့က ပြဿနာကြုံနေတဲ့ကာလမှာ
သီရိလင်္ကာက သူတို့ ဘာတွေများ သင်ခန်းစာရနိုင်မလဲဆိုတာ အဓိက လေ့လာချင်
နေတယ်လို့ ကျနော်တော့ ထင်တယ်။ ဒါ့အပြင် သီရိလင်္ကာကလည်း တရုတ်က
လက်နက်ကို ယူပြီးတော့ သူ့ရဲ့ပြောက်ကျားကို တိုက်ခဲ့တာ။ မြန်မာက လောလော
ဆယ် တရုတ်ပစ္စည်းကို သုံးပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နှိမ်နင်း
ဖို့ ကြိုးစားနေတာ ဖြစ်တဲ့အတွက်၊ ကျနော်ထင်တယ် အဲဒီကိစ္စကို မြန်မာစစ်ဗိုလ်ချုပ်
တွေက ပိုပြီး အလေးထား ဆွေးနွေးဖို့ ခေါ်တာလို့ သုံးသပ်မိတယ်။”

သီရိလင်္ကာအစိုးရဆီက နမူနာကိုတော့ သူတို့ ယူချင်မယ်၊ သို့သော် အီရန်နိုင်ငံမှာ
ဖြစ်နေတဲ့ နမူနာမျိုးတော့ တိုင်းပြည်မှာ မဖြစ်စေချင်ဘူးပေါ့၊ သူတို့က။

ဦးအောင်ဇော် - “ဖြစ်သွားနိုင်တာပေါ့။”

ဘယ်လောက်အထိ ဖြစ်လာနိုင်သလဲ။

ဦးအောင်ဇော် - “ကျနော်တောင် ဒီနေ့ အီရန်မှာဖြစ်နေတာတွေ စီအန်အန်၊
အယ်လ်ဂျာဇီးယား၊ ဘီဘီစီမှာပြနေတာတွေ ကြည့်ပြီးတော့ ၂၀၁၀ မှာ ဒါမျိုး
အလားတူ ဖြစ်သွားနိုင်တယ်။ ကျနော်က အဲဒါကို မြင်နေတယ်။ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေတို့အုပ်စုက တဖက်၊ ဒီမိုကရေစီလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်
ပါတဲ့ အုပ်စုက တဖက်၊ လမ်းပေါ်တိုက်ပွဲတွေ အများကြီးဖြစ်သွားနိုင်တယ်၊ ပုံစံတူတဲ့
ဟာတွေ အများကြီးဖြစ်သွားနိုင်တယ်။

“နောက်တခု ကျနော်တို့လေ့လာဖို့ လိုတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အစဉ်အဆက်
လိုလို ဆည်မြောင်းတာတမံ ဆောက်တာတို့၊ သူက ဆင်းရဲသား လူများစု တောင်သူ
လယ်သမားကို အခြေခံတယ်လို့ အမြဲတမ်း ပြောလေ့ရှိတယ်။ အဲဒါက အခုလောလော
ဆယ် ပြဿနာတက်နေတဲ့ အီရန်သမ္မတနဲ့ သွားပြီးတူတာကို တွေ့ရတယ်။ သူက
နယ်ကလူတန်းစားကို အခြေခံတယ်။ ဒါပေမယ့် အခု အတိုက်အခံ မူဆာဗီ (Mousavi)
တို့က ပညာတတ်လူတန်းစားနဲ့ လူလတ်တန်းစားကို အခြေခံတယ်။

“တချိန်တည်းမှာပဲ အီရန်မှာ ဘာသွားတွေ့ရလဲဆိုတော့ အဲဒီလူတန်းစားက အနောက်
ကို ပိုလိုလားတာ တွေ့ရတယ်။ အမေရိကန်လိုလားတဲ့ အီရန်ပြည်သူတွေ အများကြီး
တွေ့ရတယ်။ အဲဒီလူတန်းစားနဲ့ အခြေခံလူတန်းစားနဲ့ကြားမှာ Class တိုက်ပွဲတခုရှိတာ
ကို သွားတွေ့ရတယ်။ သူတို့ အုပ်ချုပ်သူလူတန်းစားက ကစားတာကို တွေ့ရတယ်။
အဲလိုပြဿနာမျိုး ဆင်တူရိုးမှား မြန်မာပြည်မှာ ဖြစ်မလာနိုင်ဘူးလို့ ကျနော် မပြော
နိုင်ပါဘူး။”

ကျနော်တခုစဉ်းစားမိတာ မူဆာဗီလိုလူမျိုးက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်
တယ်။ မြန်မာနိုင်ငံမှာရော ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ၊ တိုက်ရိုက်ပြောမယ်
ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ပြီး ယှဉ်ပြိုင်
လာစရာ အကြောင်းကရော ရှိလို့လား။ မရှိရင်ရော အဲလိုဖြစ်နိုင်ပါ့မလား။

ဦးအောင်ဇော် - “ကျနော်ထင်တယ်၊ အဲဒါ လောလောဆယ်က လိပ်ခဲတည်းလည်း
ဖြစ်နေတဲ့ ကိစ္စလေ။”

ဦးစိန်ဝင်းက ဘယ်လိုမြင်သလဲ၊ စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အီရန်မှာဖြစ်နေတဲ့
ပုံစံမျိုး ဖြစ်လာဖို့ဆိုတာ သူတို့စိုးရိမ်မှာတော့ သေချာတယ်။ တကယ်ရော ဖြစ်လာနိုင်
တဲ့ အလားအလာ ရှိပါရဲ့လား။

ဦးစိန်ဝင်း - “အီရန်နဲ့နှိုင်းယှဉ်ပြီး ပြောရရင် အီရန်ပုံစံက မြန်မာစစ်အစိုးရ လေ့လာ
တာတွေရှိမယ်။ တကယ့်တကယ် အီရန်ပါလီမန်က အရင်က Moderate လို့ခေါ်တဲ့
သဘောထားပျော့ပြောင်းတဲ့လူတွေ လွှမ်းမိုးခဲ့၊ အများစုဖြစ်ခဲ့တာ။ အဲဒီမှာ ဘာလုပ်
သလဲဆိုတော့ ဒီလူတွေဟာ အရည်အချင်း မမီပါဘူးဆိုပြီးတော့ သဘောထား
ပျော့ပြောင်းတဲ့လူတွေကို ပါလီမန်ထဲ ဝင်ခွင့်မရအောင် လုပ်လိုက်တယ်။ အဲတော့ အခု
အနည်းစုပဲ ဖြစ်လာတာပေါ့။

“ပြီးတော့ Supreme Council ဥသျှောင်ကောင်စီက အုပ်ချုပ်တဲ့ဟာ၊ အယာတိုလာ
ခါမေနီ (Ayatollah Ali Khamenei) လိုလူမျိုးက ဒီဟာကို ကိုင်ထားတယ်။ သူရွေးတဲ့
လူက ၆ယောက်၊ ပါလီမန်ကလူ ၆ယောက်၊ အများစုကတော့ သဘောထားတင်းမာတဲ့
လူတွေ။ အဲလိုနဲ့ကိုင်ထားပြီးတော့ သူက တော်ရုံတန်ရုံ အခွင့်အရေးလေးတွေ
ပေးထားလိုက်တယ်။ သို့သော်လည်း တကယ့်အဆုံးအဖြတ်၊ အဓိကကျတဲ့ အဆုံး
အဖြတ်ကို ဥသျှောင်ကောင်စီကပဲ ကိုင်ထားတယ်။ အဲလိုနည်းနဲ့သွားတယ်။

“ဒါမျိုးကို မြန်မာအစိုးရအနေနဲ့လည်း လေ့လာနိုင်ပါတယ်၊ လေ့လာမယ်လို့ ကျနော်
ထင်တယ်။ ဥပမာ ၂၀၁၀ သော်လည်းကောင်း၊ ဒီ့နောက်ပိုင်းမှာသော်လည်းကောင်း
သူကတော့ ဒီပုံစံမျိုးနဲ့ ရွေးကောက်ပွဲ ပါလီမန်ပုံစံမျိုး ပြောင်းရမယ်ဆိုရင် ဒါမျိုးပေါ့၊
သူ့အနေနဲ့ အသာစီးရမယ့်ဟာမျိုးကို ပြောင်းလိမ့်မယ်လို့ ကျနော်ကတော့
တွက်တယ်။”

ဖြစ်ရပ်တခုတည်းကိုပဲ အာဏာပိုင်တွေဘက်က သူတို့လိုချင်တဲ့ ရှုထောင့်က ကြည့်ရှုပြီး
သူတို့ သင်ခန်းစာယူ သုံးသပ်ကြသလို အတိုက်အခံတွေ၊ ဒီမိုကရေစီ အင်အားစုတွေ
ဘက်ကရော ဘယ်လိုများ ရှုမြင်သုံးသပ်ကြမလဲဆိုတာလည်း စိတ်ဝင်စားမိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG