သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ရွေးကောက်ပွဲ ဆန္ဒပြမှုတွေ ဆက်ကျင်းပဖို့ ပြင်ဆင်နေ


အီရန် သမ္မတ ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ Mir Hossein Mousavi ကို ထောက်ခံခဲ့သူတွေဟာ ဗုဒ္ဓဟူးနေ့မှာ လူထု အစည်းအဝေးကြီး နောက်တခု ကို ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ သမ္မတ ရွေးကောက်ပွဲကို သောကြာနေ့က ကျင်းပခဲ့ပြီး၊ လက်ရှိသမ္မတ မစ္စတာ အမာဒိနီဂျက် အနိုင်ရရှိတယ် ဆိုတာ က အငြင်းပွားဖွယ် ဖြစ်နေပါတယ်။

ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု ကို လှုပ်ရှားနေသူတွေက လူထု အစည်းအဝေးလုပ်မှာကို ခွင့်ပြုဖို့ အီရန် ပြည်ထဲရေး ဝန်ကြီးဌာနကို တောင်းဆိုခဲ့ကြပါတယ်။ အခုအချိန်အထိတော့ အီရန် အာဏာပိုင်တွေက အဲသလို လူစုဝေးတာကို ပိတ်ပင်ထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့ ဒါမှမဟုတ် ရွေးကောက်ပွဲပြီး အကြမ်းဖက်မှုတွေကြောင့် သေဆုံးသွားသူတွေကို ဗလီမှာ ကြာသပတေးနေ့ ဂုဏ်ပြုကြဖို့ မစ္စတာ မူဆာဗီ က ကြေညာချက် တစ်ရပ် ကို ဒီကနေ့ ထုတ်ပြန်လိုက် ပါတယ်။

ပြန်လည်ရွေးကောက်ခံရတဲ့ လက်ရှိသမ္မတ Mahmoud Ahmadinejad ကို ထောက်ခံကြသူတွေ နဲ့ မစ္စတာ မူဆာဗီ ကို ထောက်ခံကြသူတွေ က ဆန္ဒပြပွဲကြီးတွေ ကို အင်္ဂါနေ့ က သီးခြားစီ ပြုလုပ်ခဲ့ကြပါတယ်။ ဒီ ဆန္ဒပြပွဲတွေ နဲ့ ပတ်သက်ပြီး သတင်းလိုက်ရာမှာ နိုင်ငံခြား သတင်းမီဒီယာတွေ အပေါ် အီရန် အစိုးရ က တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်ပါတယ်။

၁၉၇၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အစ္စလာမ် တော်လှန်ရေးနောက်ပိုင်း အခု ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေဟာ အပြင်းထန် ဆုံး မငြိမ်မသက်မှုတွေ ဖြစ်ပါတယ်။ အငြင်းပွါးဖွယ် သမ္မတ ရွေးကောက်ပွဲကြောင့် အခုလို မငြိမ်မသက် ဖြစ် လာရတာပါ။ တနင်္လာနေ့မှာ ဖြစ်ခဲ့တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ မှာ အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပါ တယ်။
XS
SM
MD
LG