ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရဲ့ မွေးနေ့ဖြစ်ပြီး သူ့ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့ကိုတော့ သူ့ကိုထိန်းသိမ်းထားရာ ရန်ကုန်
အင်းစိန်ထောင်တွင်းမှာပဲ ကုန်လွန်နေရတာပါ။ ဒီလိုပဲ သူ့ရဲ့ အန်န်အယ်လ်ဒီပါတီ
ကလည်း ဌာနချုပ်ရုံးမှာ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေ စည်စည်ကားကား
ကျင်းပခဲ့ကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၆၄ နှစ်
ပြည့် မွေးနေ့အခါသမယကို ထိန်းသိမ်းခံ
နေရတဲ့ ထောင်တွင်းမှာ ကုန်လွန်လိုက်ရ
တာပါ။ မနက်အစောပိုင်းမှာ သူ့ရဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ပါတီက ပေးပို့တဲ့ ပစ္စည်း
တွေနဲ့ ထောင်ထဲမှာပဲ မွေးနေ့အထိမ်း
အမှတ် ကျင်းပခဲ့တာပါ။ ထိန်းသိမ်းခံနေ
ရတဲ့ ရန်ကုန် အင်းစိန်ထောင်ကို
သွားရောက်ပြီး မွေးနေ့ပစ္စည်းတွေ ပေးအပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြတာကတော့ …
“အရင်ရက်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်က သူ့မွေးနေ့မှာ သူနေတဲ့နေရာဝန်းကျင်မှာရှိတဲ့လူတွေ
အားလုံးကို အလှူလုပ်ချင်တယ်ပေါ့၊ ဒံပေါက်ကျွေးချင်တယ်တဲ့၊ အဲဒါနဲ့ ကျနော်တို့
ဒီမနက် ဒံပေါက်နဲ့ သူပြောတဲ့ လက်ဆောင်ပန်းစည်းကြီး ၃ ခုရယ်၊ ဒံပေါက် ပွဲ ၄၀၊
လိုက်ပွဲ ၁၀ ပွဲ၊ ပေါင်း ၅၀၊ ပြီးတော့ မွေးနေ့ကိတ် အဲဒါ ကျနော် သွားပို့ပါတယ်။
“ပန်းစည်းက ကျနော်တို့လုပ်ပေးတာ ၂ စီး၊ နောက် မိတ်ဆွေတယောက် သူနဲ့
Second Cousin တယောက်က တစည်း၊ ပန်းစီး ၃ စီး ပေးလိုက်ပါတယ်။
ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့ရပါဘူး။ ထောင်ဝန်ထမ်းတွေ
ဆီကို အပ်ခဲ့ရပါတယ်။ သူတို့ကလည်း ပေးမှာပါ။ အဲဒီဟာ ဒေါ်အောင်ဆန်းစုကြည်က
မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူလုပ်တာပါ။”
ဒါကတော့ ရန်ကုန် အင်းစိန်ထောင်တွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အခမ်းအနား အကျဉ်းချုံး ကျင်းပခွင့်ရခဲ့တဲ့ အခြေ
အနေကို သူ့ရဲ့ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။
အန်န်အယ်လ်ဒီပါတီကလည်း ရန်ကုန်မြို့က ဌာနချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မွေးနေ့အခမ်းအနားကို ကျင်းပကြပါတယ်။ မနက်အစောပိုင်းမှာ မွေးနေ့အတွက်
ဆုတောင်းပွဲတွေလုပ်ဖို့ သံဃာတော်တွေကို ပင့်ဖိတ်တဲ့နေရာမှာ အခက်အခဲတချို့
ကြုံခဲ့ရတာကလွဲလို့ အခမ်းအနားကို ချောချောမောမောပဲ ဆောင်ရွက်နိုင်ခဲ့တယ်လို့
အန်န်အယ်လ်ဒီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပြောပါတယ်။
“ဒီနေ့ အဓိကကတော့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က ဦးဆောင်ပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့အခမ်းအနားပေါ့ဗျာ။ မနက် ၅ နာရီက
စပြီး သံဃာ ၅ ပါး ဆွမ်းကပ်ဖို့၊ ဒါပေမယ့် မူလပင့်ထားတဲ့ သံဃာတွေကတော့ သူတို့
အခြေအနေတခုကြောင့် မလိုက်နိုင်ဘူးတဲ့။ တယောက်ယောက်က အနှောင့်အယှက်
ပေးတယ် ထင်ပါတယ်။ ထပ်ပြီး တခြားကျောင်းတွေက သံဃာ ၄ ပါးကို ထပ်ပင့်ရ
တယ်။ ဒီနေ့မနက်က သံဃာ ၄ ပါးပေါ့ဗျာ။
“သံဃာတွေ အရုဏ်ဆွမ်းကပ်ပြီး ၇ နာရီမှာ တန်းဆွမ်းလောင်းတယ်။ တန်းဆွမ်း
လောင်းပြီး ၉ နာရီကြတော့ မိုးပျံပူဖောင်းတွေ လွှတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ပါစေခြင်း အထိမ်းအမှတ်နဲ့ပေါ့။ မိုးပျံပူဖောင်းမှာ အလံတခု ထည့်ပေး
လိုက်တယ်။ အဲဒီအလံ ရတဲ့လူကို ငွေ ၂၀,၀၀၀ ဆုချမယ်ဆိုပြီး ဒီမှာ ကြေညာထား
တယ်။ အလံမှာလည်း ပါသွားတယ်။ ၉ နာရီ ၄၅ ကြတော့ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်စေကြောင်း ကျနော်တို့ ချိုးတွေ၊ စာကလေးတွေ ၆၅ ကောင် လွှတ်တယ်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေပေါ့၊ ဦးသန်းထွန်းတို့ ဦးလှဖေတို့ ဦးဆောင်
ပြီးတော့။
“၁၀ နာရီမှာ အခမ်းအနား စတယ်။ လာတဲ့ပရိသတ်တွေကိုတော့ ကြက်သားပလာတာ
နဲ့ ကျွေးမွေးဧည့်ခံတယ်။ ပရိသတ်က ၅၀၀ ကျော်၊ ၆၀၀ လောက် ရှိတာပေါ့။ အစီ
အစဉ် စဖွင့်ဖွင့်ခြင်းမှာ IF ဆိုတဲ့ကဗျာ ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ထားတာကို
အသံသွင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဂုဏ်ပြုတေးအနေနဲ့
အန်န်အယ်လ်ဒီအဖွဲ့ချုပ် လူငယ်အမျိုးသမီးလေးတွေက သီဆိုတယ်။ အစီအစဉ် ၂ မှာ
တော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေက နှုတ်ခွန်းဆက်စကား ပြောကြား
တယ်။
“အစီအစဉ် ၃ မှာတော့ ဒီနေ့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာ
စာတမ်းကို ဖတ်ကြားတယ်။ အစီအစဉ် ၄ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း
ကောက်နုတ်ချက်တွေကို အဖွဲ့ချုပ် အဖွဲ့ဝင် အမျိုးသမီး လူငယ်အဖွဲ့ဝင် ၂ ဦးက
ဖတ်ကြားတယ်။ အစီအစဉ် ၅ မှာတော့ ပြည်နယ်တိုင်းတွေက သ၀ဏ်လွှာတွေနဲ့
တခြားအဖွဲ့အစည်းတွေက သ၀ဏ်လွှာတွေကို ဖတ်ကြားတယ်။ အစီအစဉ် ၆ ကတော့
သီချင်းနဲ့ပိတ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး တနေ့တော့ လွတ်လာ
မှာပါဆိုတဲ့သီချင်းနဲ့ ပိတ်ပြီးတော့ အစီအစဉ် ရုပ်သိမ်းတယ်။ အစီအစဉ်မှူးအဖြစ်
ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်အေးအေးမာက ဆောင်ရွက်တယ်။”
ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် စည်စည်ကားကား ကျင်းပ
နေပေမယ့်လည်း မွေးနေ့ရှင်ကိုယ်တိုင် မပါနိုင်တဲ့ မွေးနေ့အဖြစ် သူ့ကို လေးစားချစ်ခင်
သူတွေက ခံစားချက်မကောင်းနိုင်ဘဲ ဖြစ်နေကြတာပါ။ အန်န်အယ်လ်ဒီရုံးချုပ်က
အခမ်းအနားကို ဦးစီးဦးဆောင် စီစဉ်သူတဦးဖြစ်တဲ့ ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့က
ဒေါ်အေးအေးမာရဲ့ ခံစားချက်ကတော့ …
“ကျမတို့လည်း ၀မ်းနည်းတာပေါ့။ ကာယကံရှင်ကလည်း အမြဲတမ်း မွေးနေ့တွေမှာ
မပါဘဲနဲ့ ကျမတို့က မွေးနေ့ပွဲတွေ လုပ်နေတယ်ဆိုတော့ ၀မ်းနည်းစရာလည်း
ကောင်းပါတယ်။ ဒီတိုင်းပြည်အနေနဲ့လည်း အများကြီးနစ်နာတာပေါ့။ ကျမတို့
အားလုံးက ဒီနေ့တော့ မွေးနေ့ရှင်မပါဘဲနဲ့လည်း လုပ်နေရတော့ အကုန်လုံး
ကတော့ မွေးနေ့သာ လုပ်နေရတယ်၊ အားလုံးက ရင်ထဲမှာတော့ ၀မ်းနည်းနေကြ
တာပေါ့။”
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နေ့အဖြစ် နေ့လယ်ပိုင်းမှာလည်းပဲ
နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ ကလေးငယ်ပေါင်း ၁၃၀ အတွက် ပညာရေး
အထောက်အပံ့အဖြစ် တဦးကို ကျပ်ငွေ ၂၀,၀၀၀ စီ ပေးအပ်တဲ့ အစီအစဉ်တခုကို
လည်း ထည့်သွင်းဆောင်ရွက်ခဲ့တယ်လို့ အန်န်အယ်လ်ဒီပါတီက ပြောပါတယ်။
ဒီအခမ်းအနားကိုတော့ လုံခြုံရေး အာဏာပိုင်တွေက စောင့်ကြပ်ကြည့်ရှုတာမျိုး
ရှိပေမဲ့လို့ တစုံတရာ ဟန့်တားတာ၊ ပြဿနာဖြစ်တာမျိုးတော့ မကြုံခဲ့ရဘူး
လို့လည်း ဆိုပါတယ်။