သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု ရက်ချိန်း ထပ်ရွှေ့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စွဲဆိုထားတဲ့အမှုမှာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ဘက်က သက်သေတဦး ဖြစ်တဲ့ ဒေါ်ခင်မိုးမိုး ကို စစ်ဆေးဖို့ရှိတဲ့အတွက် အများက စောင့်ကြည့်နေကြပေမယ့် မစစ်ဆေးဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း က ပြောပါတယ်။ ဒါ့အပြင် ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဘန်ကောက်ရုံးက ကိုကျော်ကျော်သိန်း အပြည့်စုံ တင်ပြထားပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တင်သွင်းထားတဲ့ နောက်ထပ် သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုး ရဲ့ ထွက်ချက်ကို ကြားနာမယ်လို့ အစောပိုင်းတုန်းက သတင်းထွက်ထားပေမယ့် ဘယ်လို ကြားနာမှုမျိုးမှ မရှိခဲ့ပါဘူး။ နောက်ထပ် ရုံးချိန်းကို ဇူလိုင်လ ၃ ရက်နေ့ မနက် ၁၀ နာရီမှာ သတ်မှတ်ပေးပြီး ပြန်ချိန်းခဲ့ပါတယ်။ ဒီကနေ့ အင်းစိန်ထောင်ဝင်း အတွင်း အထူးတရားရုံးမှာ ရုံးချိန်းရက် တွေ့ဆုံကြတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ဘာကြောင့်လုပ်တယ် ဆိုပြီး ဦးဉာဏ်ဝင်း ကို မေးမြန်းခဲ့ပါတယ်။ လက်ရှိ စစ်ဆေးနေဆဲ မပြီးသတ်သေးတဲ့ အမှုတမှု နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပြောဆိုတာမျိုးဟာ တရားရုံးကို မထီမဲမြင် လုပ်တာမျိုး ဖြစ်မဖြစ် ဆိုတာ ပြောဆိုတာတွေ အပေါ် အသေးစိတ် လေ့လာနေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးလည်း ဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း က ဗွီအိုအေ ကို ပြောပါတယ်။

"တရားရုံးရှေ့မှာ ရောက်နေတဲ့ကိစ္စကို press show လုပ်တာကိုက မသင့်လျော်ဘူးဗျ။ ဒါမျိုးက မလုပ်ရဘူး။ တရားရုံးကို မထီမဲ့မြင် လုပ်တဲ့သဘော ဖြစ်တာပေါ့။ စစ်ဆေး နေတယ်၊ စီရင်နေတယ်၊ ဆုံးဖြတ်မယ်။ အဲဒါကို ရှေ့က လာပြီးတော့ လုပ်တာ။ အဲဒါ တရားရုံးကို မထီမဲ့မြင် ပြုမှုပဲဗျ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် က အဲဒီလို ဖြစ်နေတယ်လို့ ပြောတာ မဟုတ်ဘူး။ ကျနော်တို့ အဲဒီလို ဖြစ်မဖြစ် ဆိုတာကို စကားလုံးတွေကအစ လေ့လာဖို့ လိုနေတယ်။ စကားလုံး အကုန်လုံးကို ကျနော်တို့ လေ့လာပါအုံးမယ်။ ပြီးမှပဲ ကျနော်တို့ အဖြေပေးဖို့ ရပါမယ်။"

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ရေဒီယို လည်း နားထောင်ခွင့်မရ၊ သတင်းစာ လည်း ဖတ်ရှုခွင့်မရတဲ့အတွက် သတင်းစာ ရှင်းလင်းပွဲမှာ ဘာတွေ ပြောသွားတယ် ဆိုတာကို တိတိကျကျ သိခွင့်မရတာကြောင့် သူ့ရဲ့ သဘောထား တခုခုကို မပြောနိုင်ဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ မြန်မာနိုင်ငံကို ရောက်နေပြီ ဆိုတဲ့ သတင်းတွေကလည်း ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ က ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေး ရုံးကို ဗွီအိုအေ က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူက သူ့ အနေနဲ့ ဘာမှ မပြောနိုင်သေးတဲ့အကြောင်း ဖြေကြားခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီ ဟာ အရင် ခရီးစဉ်တွေ တုန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဲန်အယ်လ်ဒီ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ နဲ့ အာဏာပိုင်တွေ စီစဉ်ပေးတဲ့ တခြား လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံတာတွေ ရှိခဲ့ပါတယ်။ အခုတခေါက် ခရီးစဉ် နဲ့ ပတ်သက်လို့တော့ ဘာမှ ဆက်သွယ်လာတာတွေ မရှိသေးဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

"ဒီနေ့ ရောက်တယ်လို့တော့ သတင်းကြားတယ်။ မျှော်လင့်တာတော့ မဟုတ်ဘူးဗျ။ အစဉ်အလာ အားဖြင့်တော့ တွေ့နေကျပဲ ဆိုတာပဲ ကျနော် ပြောချင်တယ်။"

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဒီကနေ့ ရုံးချိန်း တွေ့ဆုံချိန် အတွင်း မစ္စတာ ဂမ်ဘာရီ ရောက်နေတဲ့အကြောင်း ဦးဉာဏ်ဝင်း က ပြောပြခဲ့ပါတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ပေး ပြောဆိုတာမျိုး ဘာမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။ မစ္စတာ ဂမ်ဘာရီ ရဲ့ အခုတခေါက် မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်မှာ လာရောက်နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန်မှာ ဖြစ်လာတာမို့ မစ္စတာ ဘန်ကီမွန်း ခရီးစဉ်အတွက် ရှေ့ပြေး ကြိုတင်လုပ်ဆောင်ဖို့ရာ လာတာ ဖြစ်မယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးသားနေတာ တွေ့ရပါတယ်။ နှစ်ရက်တာ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုသော်လည်းကောင်း၊ အဲန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေ နဲ့သော်လည်းကောင်း တွေ့ဆုံဖို့ လောလောလတ်လတ် အစီအစဉ် မရှိသေးဘူးလို့ မြန်မာ တာဝန်ရှိသူတွေက ပြောတယ် ဆိုပြီး အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ရိုက်တာ သတင်းတပုဒ်မှာတော့ မစ္စတာ ဂမ်ဘာရီ ဟာ ခရီး ရောက်မဆိုက် ရန်ကုန်မြို့ကနေ မိုင် ၂၄၀ နီးပါး ဝေးတဲ့ နေပြည်တော်ကို ကားနဲ့ ထွက်ခွာသွားတယ်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ထားတယ်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့မတွေ့ ဆိုတာတော့ မသိရသေးဘူးလို့ ရေးထားပါတယ်။

မစ္စတာ ဂမ်ဘာရီ ရဲ့ အခု (၈) ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကရော၊ မြန်မာစစ်အစိုးရ ကပါ တရားဝင် သတင်းထုတ်ပြန်တာမျိုးတွေ မရှိတဲ့အတွက် အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီးတော့ပဲ သတင်းတွေမှာ ရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ်။

မစ္စတာ ဂမ်ဘာရီ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံကို နောက်ဆုံးသွားရောက်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်း ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့သလို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့လည်း တွေ့ဆုံခဲ့ရပေမယ့် အဓိက ကျတဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့တော့ မတွေ့ဆုံခဲ့ရပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG