အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) သူ့ရဲ့ ရုရှားသို့ ပထမဆုံးခရီးအဖြစ် တနင်္လာနေ့က မော်စကို မြို့ကို ရောက်ရှိသွားပြီး မကြုံစဖူး တိုးတက်မှုများ ရှိလိမ့်မယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။
ရုရှားခေါင်းဆောင်များနဲ့ ၂ ရက်ကြာ ထိပ်သီးစည်းဝေးပွဲ ကာလအတွင်း လက်နက်ထိန်းချုပ်ရေး စာချုပ်သစ်တရပ်အတွက် အခြေခံများကို ချမှတ်မယ်၊ နှစ်နိုင်ငံကြား ကွဲလွဲချက်ထက် တူညီချက်က ပိုများပါတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုပါ တယ်။
ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitri Medvedev) နဲ့ မတွေ့ဆုံခင် ဘရက်ခ် အိုဘားမားဟာ သမ္မတကတော် မစ်ရှဲလ် (Michelle Obama) နဲ့အတူ အညတရစစ်သည် ဂူဗိမာန်မှာ ပန်းခွေသွားချပါမယ်။
ဒီဇင်ဘာလမှာ သက်တမ်းကုန်ဆုံးတော့မယ့် ၁၉၉၁ ခုနှစ် မဟာဗျူဟာ လက်နက်လျှော့ချရေးစာချုပ်ရဲ့ နေရာမှာ စာချုပ် သစ် တရပ်နဲ့ အစားထိုးရေး သမ္မတ ၂ ဦး ဆွေးနွေးညှိနှိုင်းကြမှာပါ။ ရုရှားဘက်ကရော အမေရိကန်ဘက်ကရော အသာ ရရှိခြင်း မဟုတ်တဲ့ လက်နက်လျှော့ချရေး ပြုလုပ်သွားမယ်လို့ အမေရိကန် သမ္မတက ရုရှားရုပ်သံလွှင့်က ပြောဆိုပါတယ်။
လက်နက်လျှော့ချရေး အကြမ်းဖျင်းအားဖြင့် နှစ်ဘက် သဘောတူခဲ့ထားပြီး ဖြစ်တယ်လို့ တာဝန်ခံများကလည်း ပြောဆိုကြ ပါတယ်။