သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နိုင်ငံတွင်း အကြမ်းဖက်မှု၊ စက်မှုထိပ်သီး ၈နိုင်ငံ ဝေဖန်ရှုတ်ချ


ကမ္ဘာ့ စက်မှုအင်အားအကြီးဆုံး ၈နိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးပွဲကို အီတလီနိုင်ငံအလယ်ပိုင်း တလောက မြေငလျင်လှုပ်သွားခဲ့တဲ့ လခွေလာမြို့မှာ ကမ္ဘာတဝန်း ထိပ်တန်း အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အီရန် အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စိတ်ရှည်ရှည်မထားနိုင်တော့ကြောင်း၊ အီရန်အနေနဲ့ နိုင်ငံတကာဆိုင်ရာ ဝတ္တရားတွေကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အီရန်အနေနဲ့ နျူးကလီယား လက်နက်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း၊ အရင်လက အီရန်မှာ ရွေးကောက်ပွဲအပြီး အကြမ်းဖက်မှုတွေ၊ သတင်းသမားတွေကို ဖမ်းဆီးခဲ့တဲ့အပေါ် ရှုတ်ချတဲ့အပြင်၊ အီရန်မှာ ရှိတဲ့ နိုင်ငံခြားသံရုံးတွေ သူတို့တာဝန်ကို အနှောက်အယှက်ကင်း လုပ်ဆောင်နိုင်ရန်အတွက် အီရန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ နောက်တခါ မြောက်ကိုးရီးယားရဲ့ နျူးကလီးယားလက်နက်အစီအစဉ်နဲ့ မစ်ဇိုင်း ဒုံးကျည်လက်နက် စမ်းသပ်ပစ်လွှတ်တဲ့အပေါ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို တက်ရောက်နေကြတဲ့ အမေရိကန် သမ္မတ ဘားရက်ခ်အိုးဘားမားက နောက်နှစ် မတ်လမှာ နျူးကလီးယားလက်နက်ဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲတရပ်ကို လက်ခံ ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။ နျူးကလီးယားလက်နက်သုံးပြီး အကြမ်းဖက်တိုက်ခိုက်မှု နောက်ထပ်ဖြစ်မယ့်အထိ မစောင့်ဘဲ နျူးကလီးယားလက်နက်ဆိုင်ရာ ပစ္စည်းတွေကို ထိန်းချုပ်ဖို့လိုအပ်သလို မှောင်ခိုဈေးကွက်ကိုလည်း ဖြိုခွင်းရမှာ ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်နေတဲ့ အမေရိကန်အစိုးရ အရာရှိတွေက ပြောခဲပါတယ်။

မြန်မာနိုင်ငံမှာလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ ပါတီစုံ ရွေးကောက်ပွဲတရပ်ပေါ်ပေါက်လာဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိုလည်း G8 ခေါင်းဆောင်တွေက ဆော်သြခဲ့ပါတယ်။ G-8 အစည်းအပေးမှာ တက်ရောက်နေတဲ့ အမေရိကန် ကိုယ်စားလှယ်တွေက ၂၀၅၀ခုနှစ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၈၀ရာခိုင်နှုန်းအထိ လျော့ချဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။ ကမ္ဘာ့အပူချိန်ကိုလည်း စက်မှုထွန်းကားမှုမတိုင်မီတုန်းကလို ပြန်ဖြစ်ဖို့၊ ၂ဒီဂရီ စင်တီဂရတ်လျော့ချဖို့ သဘောတူညီခဲ့ကြပါတယ်။ စီးပွားရေး ကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့ငွေကြေးလုပ်ငန်းတွေမှာ တိုးတက်မှု ရှိအောင်၊ ပြည်တွင်းဖြစ် ကုန်ပစ္စည်းတွေကို တဖက်သတ် ကာကွယ်တာမျိုးမဟုတ်ဘဲ ဈေးကွက်ကို နိုင်ငံတကာ ကုန်သွယ်ရေးအတွက် တံခါးဖွင့်ရေး ကြိုးပမ်းသွားကြဖို့ ဆန္ဒပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG