မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်း တွေကို အကြမ်းမဖက် အနုနည်း၊ တနည်းအားဖြင့် ဂန္ဒီ ငြိမ်းချမ်းရေး လမ်းစဉ်နည်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစား ဆောင်ရွက်နေတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ တောင်အာဖရိက အခြေစိုက် ဂန္ဒီ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး အဖွဲ့ရဲ့ ၂၀၀၉ ခုနှစ်အတွက် ဆုကို ချီးမြှင့်လိုက်ပါတယ်။ အကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေး ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိအခြေအနေမှာ အင်းစိန် အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံနေရသလို နေအိမ် အကျယ်ချုပ်နဲ့ နှစ်ရှည်လများ ထိန်းသိမ်းခံခဲ့ရပေမယ့် မြန်မာ့နိုင်ငံရေး ပြဿနာတွေ ပြေလည်ရေးအတွက် ဂန္ဒီလမ်းစဉ် ဖြစ်တဲ့ အကြမ်းမဖက် အနုနည်းနဲ့ အဖြေရှာနိုင်ဖို့အတွက် တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အတွက် အခုလို Gandhi Award for Reconciliation and Peace ဆိုတဲ့ ဂန္ဒီ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဆုကို ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဂန္ဒီ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ နာယကအဖွဲ့ဝင် တဦးလည်းဖြစ်၊ ဂန္ဒီကြီးရဲ့ မြေးလည်းဖြစ်တဲ့ မစ္စ အီလာ ဂန္ဒီ (Ms. Ela Gandhi) က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်တယောက်တင် မကဘဲ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရ တဲ့ ပြဿနာ အခက်အခဲတွေကို အကြမ်းမဖက် နည်းလမ်းတွေကို အသုံးပြုဖို့ တိုက်တွန်းလုပ်ဆောင်သူ တဦးလည်း ဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျမတို့က ဒီဆုကိုပေးဖို့ ရွေးချယ်ခဲ့တာပါ။ ဒီလို ဆုပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံအရေးကို လူတွေလည်း ပိုသိလာတာပေါ့ရှင်။”
တောင်အာဖရိကနိုင်ငံဟာ အာဖရိကတိုက်မှာ သြဇာအရှိဆုံး တိုင်းပြည်တခု ဖြစ်သလို ကမ္ဘာ့နိုင်ငံတွေ အကြားမှာလည်း ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ နယ်လ်ဆင် မင်ဒဲလား (Nelson Mandela) တို့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့လို အထင်ကရ ကမ္ဘာ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေ ထွက်ပေါ်ရာနိုင်ငံလည်း ဖြစ်တဲ့အတွက် အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်လိုက်တာက မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုတက်ယူခဲ့တဲ့ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့က ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလည်း ဆိုပါတယ်။
“တောင်အာဖရိကဆိုတာ အာဖရိကမှာ အကြီးဆုံးနိုင်ငံ၊ ပြီးတော့ ကမ္ဘာမှာလည်း မင်ဒဲလားတို့ ကျန်တဲ့ Nobel Laureates တွေ၊ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးတို့တွေနဲ့ ကမ္ဘာမှာ နာမည်ကြီးတဲ့ တိုင်းပြည်။ သူကနေ ဒီလို ထောက်ခံတယ်ဆိုတာ အင်မတန်မှ ဂုဏ်ယူစရာ ကောင်းသလို ကျနော်တို့ရဲ့ လှုပ်ရှားမှုအတွက် အထောက်အကူ ပြုပါတယ်။”
အခုလို ဂန္ဒီ ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ တချိန်တည်းမှာပဲ မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်းလည်း မစ္စ အီလာ ဂန္ဒီက ပြောပြပါတယ်။
“မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေ ပြေလည်စေရေးအတွက် စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ မှန်ကန်တဲ့နည်းလမ်း ဖြစ်ပါတယ်။ တောင်အာဖရိနိုင်ငံမှာလည်း ဒီနည်းနဲ့ပဲ အဖြေရှာခဲ့ကြတာပါ။”
တောင်အာဖရိက နိုင်ငံဟာလည်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ လူဖြူ လူမည်း အသားရောင် ခွဲခြားအုပ်ချုပ်တဲ့ လက်အောက်ကနေ လွတ်မြောက် ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေး ပြဿနာကို ကြားဝင် စေ့စပ် ညှိနှိုင်းပေးဖို့ မကြာခင်ကပဲ တောင်အာဖရိက အစိုးရက ကမ်းလှမ်းခဲ့ဘူးတဲ့အကြောင်း ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပြပါတယ်။
“တောင်အာဖရိကရဲ့ အစိုးရကတော့ သူတို့အနေနဲ့ တတ်နိုင်သလောက် ကူမယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တာပဲ။ ဘာကြောင့်လဲဆိုတော့ တောင်အာဖရိကက သူတို့ရဲ့ တော်လှန်ရေးမှာလည်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး၊ အထူးသဖြင့်တော့ ပြန်လည်သင့်မြတ်ရေးပေါ်မှာ လုပ်ကိုင်ခဲ့တယ်။ တောင်အာဖရိက အစိုးရအနေနဲ့ နအဖကို ကမ်းလှမ်း ထားတယ်ဆိုတာ ကျနော်တို့ သိရတယ်။ ဘယ်လို ပြန်လည်သင့်မြတ်ရေး လုပ်ဖို့လိုသလဲ ဆိုတာမျိုး၊ လုပ်နိုင်သလဲ ဆိုတာ မျိုးကို သူတို့အနေနဲ့ စေ့စပ်ရေး၊ ဆွေးနွေးရေးတွေအတွက် လာပြီး ကူညီချင်တယ်ဆိုတဲ့သဘော ပြောထားတယ်လို့ ကြားပါ တယ်။”
ဂန္ဒီ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးဆုကို မနေ့ညက တောင်အာဖရိကနိုင်ငံ ဒါဘန် (Durban) မြို့က မြို့တော်ခန်းမမှာ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲက ချီးမြှင့်ခဲ့တာဖြစ်ပြီး တောင်အာဖရိကနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး အပါအ၀င် ဒု-၀န်ကြီးတွေနဲ့ တခြား အထင်ကရ ပုဂ္ဂိုလ်တွေ စုစုပေါင်း ၈၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။