သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းကို အမေရိကန် ငွေကြေး ထောက်ပံ့


ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေး ထောက်ပံ့မှု အစီအစဉ်တခုနဲ့ ပံ့ပိုးကူညီသွား မယ် လို့ ကြေညာလိုက်ပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘာမားရဲ့ အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ အထူး သံတမန် George Mitchell ဆီးရီးယားနိုင်ငံ ဒမတ်စကတ်(စ်) မြို့တော်ကို ဆိုက်ရောက်လာပြီ ဆီးရီးယား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ပြင်ဆင်နေချိန်မှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ငွေကြေးထောက်ပံ့မယ်လို့ အမေရိကန်က အခုလို ကြေညာလိုက်တာလို့ VOA သတင်းထောက် Andre de Nesnera (အွန်ဒရေး ဒီ နက်(စ်)နဲရာ) က နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေ၊ သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို ဦးရော်နီညိမ်း က တင်ပြထားပါတယ်။

ပါလက်စတိုင်းဒေသ ပြည်သူတွေရဲ့ ဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်အစိုးရက ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ကို ဒေါ်လာ သန်း ၂၀၀ ကူညီထောက်ပံ့သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်းက ပြောဆိုသွားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ လက်တွဲဖော်တယောက်အဖြစ် ဆက်ပြီးတော့ ရှိနေတယ် လို့လည်း ဝန်ကြီး ကလင်တန်က ဆက်ပြီး ပြောဆိုလိုက်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းကို လည်း အခုလို တိုက်တွန်း လိုက်ပါတယ်။

“ပါလက်စတိုင်းကို ခိုင်မာပြီး အလားအလာရှိတဲ့နိုင်ငံ၊ အိမ်နီးချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံ အတူယှဉ်တွဲ တည်ရှိ နေတဲ့နိုင်ငံ၊ အဲဒီလိုနိုင်ငံအဖြစ် မြင်တွေ့ချင်ကြတဲ့ နိုင်ငံတကာ မိသားစုက ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ထောက်ခံ အားပေးဖို့ ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျမက တောင်းဆိုပါရစေရှင်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် အရည်အသွေး ပြည့်မှီတယ်ဆိုတာ ပြသခဲ့ကြပြီးပါပြီရှင်။”

ဒီထောက်ပံ့ကူညီမှုဟာ အသစ်ထောက်ပံ့မှု မဟုတ်ဘဲ ပြီးခဲ့တဲ့လက အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပါလက်စတိုင်းအတွက် အလှူရှင်နိုင်ငံများ အစည်းအဝေးမှာ အမေရိကန်က ကတိကဝတ်ပြုခဲ့တဲ့ အလှူငွေ ဒေါ်လာ သန်း ၉၀၀ ထဲက တစိတ်တပိုင်းသာ ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

လောလောဆယ်မှာလည်း သမ္မတ ဘားရက် အိုဘားမား ရဲ့ အရှေ့အလယ်ပိုင်း အထူးသံတမန် George Mitchell ဟာ ဒီကနေ့ပဲ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်(စ်) မြို့ကို ရောက်ရှိလာပြီးတော့ မနက်ဖြန်မှာ ဆီးရီးယား သမ္မတ ဘာဆပ် အယ်လ် အာဆပ် နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးမှာ ဆီးရီးယား ဟာ အဓိက ကျတဲ့ နိုင်ငံ တနိုင်ငံပါ။ ဆီးရီးယား ဟာ အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိပြီးတော့ လက်ဘနွန်က ဟက်ဇ်ဘိုလာ၊ ဂါဇာ ကမ်းမြှောင် ဒေသ က ဟားမတ်စ် စတဲ့ စစ်သွေးကြွ အုပ်စုနေတွေကို ဆီးရီးယားက ပံ့ပိုးပေးနေပါတယ်။

ရေရှည်ခံမယ့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေမှာ ဟားမတ်စ်တွေ ပါဝင်လာဖို့အတွက်ကတော့ ကြိုတင် စည်းကမ်းသတ်မှတ်မှုတွေ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောပါတယ်။

“ဟားမတ်(စ်)တွေအနေနဲ့ အကြမ်းဖက်မှုတွေ မလုပ်တော့ပါဘူးလို့ လူသိရှင်ကြား ကြေညာရပါမယ်။ အစ္စရေးနိုင်ငံ တည်ရှိမှု ကို အသိအမှတ်ပြုကြောင်း ကြေညာရပါမယ်။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ထဲမှာ ဟားမတ်(စ်)တွေ ပါဝင်ဖို့အတွက် အရင်က သဘောတူညီ ထားခဲ့တာတွေကို လိုက်နာမယ့်အကြောင်း ကြေညာရပါမယ်။ ဒါတွေက အခုထိတော့ ဖြစ်မလာ သေးပါဘူး။ ဒါပေမဲ့ ဟားမတ်(စ်)တွေ လျှောက်လှမ်းကြရမယ့် လမ်းကြောင်းကတော့ ရှေ့မှာ သိပ်ကို ရှင်းရှင်းလင်းလင်း မြင်နေကြရပြီလို့ ကျမကတော့ ထင်မြင်ယူဆပါတယ်။”

ဆီးရီးယား ခရီးစဉ် ပြီးဆုံးသွားတဲ့အခါမှာ သမ္မတ အိုဘားမား ရဲ့ အထူးသံတမန် George Mitchell ဟာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ တည်ရှိရာ ဂျော်ဒန်မြစ် အနောက်ကမ်း၊ အစ္စရေး၊ အီဂျစ်နဲ့ ဘာရိန်း (Bahrain) နိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အခုလို အထူး သံတမန် တယောက် ခရီး ယာယီများနေရတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ P.J. Crowley ပြောတာကတော့ -

“ရေရှည်ခံမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရှေ့ဆက်ပြီး သွားနေတယ်ဆိုတာ၊ ရှင်းရှင်းလင်းလင်း သိမြင်ကြစေဖို့ အတွက် ကျနော်တို့က အရှေ့အလယ်ပိုင်း ခရီးစဉ်တိုင်းမှာ ဒေသခံခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆွေးနွေးနေပါတယ်။ ဒီဒေသအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့ တွေ၊ အပေးအယူ ညှိနှိုင်းမှု လုပ်ဖို့တွေအတွက် ပံ့ပိုးပေးမယ့် အဓိက အခရာကျတဲ့ အခြေအနေ တရပ်ရှိရပါမယ်။ အဲဒါကတော့ ကျနော်တို့ နဲ့ ဒေသခံ ခေါင်းဆောင်တွေနဲ့ အခုလို ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးနေဖို့ပါပဲ။”

သမ္မတ အိုဘားမား က သူ့ကို အရှေ့အလယ်ပိုင်းဆိုင်ရာ အထူး သံတမန် အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလက ခန့်အပ်ပြီးကည်းက George Mitchell ဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ခရီးထွက်ခဲ့ပြီးသား ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG