သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေ စိုးမိုးရေးအပေါ် ဒေါ်စု မေးခွန်းထုတ်


အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေရေးရာ အမြင်ကို တရားရုံးကို တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို အများသိနိုင်အောင်ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မနေ့က ထပ်ဆင့် ဖြန့်ချိပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု မရှိဘူး၊ တရားရေးလွတ်လပ်မှု မရှိဘူးဆိုတာကို ထောက်ပြလိုတဲ့ သဘောလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ စွဲချက်တင် တရားစွဲခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မူလဖြစ်တဲ့ နဂို အထိန်းသိမ်းခံနေရတဲ့ အကြောင်းရင်းကိုက ဥပဒေနဲ့ မညီညွတ်ဘူးဆိုတာကို ထောက်ပြတဲ့ သဘောပါ။ ရှေ့နေဖြစ်သူတွေ ရဲ့ လျှောက်လဲချက်နဲ့အတူ ဒီစာတမ်းကို တရားရုံးကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီစာတမ်းထဲမှာ အဓိက အချက် ကတော့ တရားဥပဒေ စိုးမိုးရေးဟာ ပြောနေရုံ၊ လုပ်နေတယ်ဆိုရုံနဲ့ မပြီးဘဲ အများပြည်သူက သတ်မှတ် ဆုံးဖြတ်ရတဲ့ကိစ္စ ဖြစ်တယ်လို့ ဖော်ပြတဲ့အကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“သူ့ရဲ့ ဥပဒေအမြင် သဘောထားကို စာတမ်းတစောင် ရေးတယ်။ အဲဒီစာတမ်းကို ဒီနေ့ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထား အများပြည်သူ သိအောင်ဆိုပြီး ထပ်ပြီး ကြေညာချက်ထုတ်တယ်။ တရားဥပဒေဆိုတာ၊ တရားမျှတမှုဆိုတာ လုပ်နေတယ်ဆိုတာနဲ့ မပြီးပါဘူး၊ အများရဲ့ အမြင်မှာလည်း တရားမျှတမှု ရှိတယ် လို့ အဲဒီလိုမြင်မှ တရားစီရင်ရေး မျှတမှု ရှိမယ်။ နောက် ဒီအမှုအကြောင်းကို သိဖို့ဆိုရင် သူ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ချုပ်နှောင်ခံခဲ့ရတဲ့ဟာ တရားမျှတမှု ရှိမရှိ၊ ဥပဒေနဲ့ ညီမညီဟာ လေ့လာစုံစမ်းပြီးမှ အမှန်ကို သိနိုင်မယ်လို့ ရေးထားပါ တယ်။”

လူအများနဲ့ ထိတွေ့ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ ဒီအမြင်ကို အများပြည်သူကို သိစေလိုတယ်ဆိုတော့ ဘာရည်ရွယ်ချက်လဲ စဉ်းစားစရာပါ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ ဒါဟာ လက်ရှိ မြန်မာနိုင်ငံ တရားရေးစနစ်ကို အားကိုးယုံကြည်မှု မရတော့ဘူးဆိုတဲ့သဘော ပြောချင်တာလို့ ယူဆပါတယ်။

“တရားဥပဒေ ဘောင်အတွင်းက တိုက်လို့မရတော့ဘူး၊ ဘာကြောင့်လဲ၊ ဗမာပြည်မှာ တရားဥပဒေဆိုတာ ရှိတာမဟုတ်ဘူး၊ အဲတော့ တခြားနည်းလမ်းကို ပြင်ဖို့ သို့မဟုတ် အဆိုးဆုံးအတွက် ပြင်ဆင်ဖို့ကို သူ မက်ဆေ့ချ် (Message) ပေးတယ်လို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။”

အလားတူပါပဲ၊ ရှေ့နေ စောကျော်ကျော်မင်းကလည်း ဒီစာတမ်းကိုကြည့်ရင် မြန်မာစစ်အစိုးရက မကြာမကြာပြောနေတဲ့ တရားဥပဒေ စိုးမိုးရေး ရှိရမယ်ဆိုတာ လူထုက မဆုံးဖြတ်ဘဲ ကိုယ်ချည်းပဲ ပြောနေလို့ မရဘူးဆိုတာကို ထောက်ပြလိုက်တာပဲလို့ ယူဆပါတယ်။

“တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေ စိုးမိုးရေးလို့ ဘယ်လောက်ပဲ ပြောနေပါစေ၊ တကယ်တမ်းကျတော့ ဒီ နိုင်ငံတနိုင်ငံ မှာ၊ တိုင်းပြည်တပြည်မှာ တရားဥပဒေ စိုးမိုးပါတယ်ဆိုတဲ့ ကိစ္စတွေကို ပြည်သူလူထုတွေက တရားဥပဒေနဲ့ အုပ်ချုပ်ခံရ တယ်၊ ပြည်သူလူထုတွေက တရားဥပဒေ စိုးမိုးပါတယ်လို့ အသိအမှတ် ပြုမှသာလျှင် တရားဥပဒေ စိုးမိုးတယ်လို့ ပြောလို့ ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ဒီပဲယင်းအပြီး မူလကတော့ ဖမ်းတာမဟုတ်ဘဲ သူမရဲ့ လုံခြုံရေးအတွက် ထိန်းသိမ်း ပေးထားရတာပါလို့ စစ်အစိုးရက ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး ဥပဒေနဲ့ အရေးယူခဲ့တာပါ။ ဒီအမှုနဲ့ နေအိမ်အကျယ်ချုပ် ခံနေရစဉ် ပြင်ပ သူစိမ်း တဦးကို လက်ခံခဲ့တယ်၊ ဒါဟာ ဥပဒေချိုးဖောက်တယ်ဆိုပြီး တရားထပ်စွဲ ခံထားရတာပါ။ နိုင်ငံရေးလှုပ်ရှားသူ အများစုရဲ့ အမြင်လိုပဲ ဦးအောင်မိုးဇော်ကလည်း ဒီအမှုဟာ တဖက်က နိုင်ငံရေးအရ တမင်အကွက်ချ လုပ်တယ်လို့ ယူဆပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ တိုင်းပြည်ရဲ့ နိုင်ငံရေး Process ထဲကနေပြီး ဖယ်ထုတ်ဖို့ ကြိုးစားတာ ဖြစ်တယ်။ ဒုတိယ တချက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်းပြည်ရဲ့ နိုင်ငံရေး Process ထဲက ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ကိစ္စ ဖြစ်တယ်။ တတိယတချက်ကတော့ ဒီမိုကရေစီ အင်အားစုတွေကို ဒီ Process ထဲမှာ မပါလိုတဲ့ သဘောနဲ့ နအဖက သူ့ဘာသာသူ ဆက်သွားမယ်ဆိုတဲ့ အရိပ်လက္ခဏာကို ပြတာပဲဖြစ်တယ်လို့ ကျနော် နားလည်တယ်။”

ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ ဒီအမှုဟာ အုပ်ချုပ်ရေးပိုင်းနဲ့ မဆိုင်ဘူး၊ တရားရေးကိစ္စဖြစ်တယ်၊ တရားရေးကိစ္စကို သူတို့ အနှောင့်အယှက် မပေးဘူးလို့ အခိုင်အမာ ပြောနေပါတယ်။ ရှေ့နေ စောကျော်ကျော်မင်းကတော့ ဒီလို မယူဆ ပါဘူး။ အစိုးရရဲ့သြဇာ မကင်းတဲ့ အမှုလို့ မြင်ပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ၂ ကြိမ် လုပ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲလုပ်တာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရှင်းလင်းတာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းထဲမှာ ပါပါတယ်။ ရွှေ့ဆိုင်းလိုက်တဲ့ အကြောင်းပြချက်က ကျနော်တို့ သိသလောက်ဆိုရင် ဥပဒေပြဿနာ ပေါ်ပေါက်နေပါသဖြင့် ဆိုတာ တရားရုံးက အဲဒီလိုပြောပြီး ရုံးချိန်းပေးတယ်ဆိုတာ တကယ်တမ်း ဥပဒေပြဿနာ ပေါ်ပေါက် တယ် ဆိုခဲ့လို့ရှိရင် ဟိုးအရင် အမှုကို စပြီး မစွဲတင်မီကတည်းက ဥပဒေပြဿနာ ပေါ်ပေါက်နေတာကို ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ တရားသူကြီးတွေက သိရှိပြီးသား ဖြစ်နေတယ်။ အဲတော့ တကယ်တမ်း ဥပဒေပြဿနာ ပေါ်ပေါက်နေတဲ့ ကိစ္စရပ်ကို အကြောင်းပြပြီး အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ ဝင်ရောက် စွက်ဖက်မှုတွေကြောင့်သာလျှင် ရုံးချိန်းပေးလိုက် ရတယ်လို့တော့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အမှုကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ စီရင်ချက်ချမယ်လို့ ပြောခဲ့ပေမယ့် ဥပဒေ ပြဿနာရပ်တွေ ကြောင့် ဆိုပြီး အခု သြဂုတ် ၁၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် စာတမ်းမှာပါသလို ဥပဒေ စိုးမိုးမှုဆိုတာ လုပ်ပြနေရုံ၊ ပြောနေရုံနဲ့ မပြီးဘဲ အများက သတ်မှတ် ဆုံးဖြတ်မှ ဖြစ်မှာဆိုတော့ မြန်မာနိုင်ငံ တရားရေးစနစ် ဥပဒေစိုးမိုးမှုတွေကို သူ့အနေနဲ့ ပြန်ပြီး မေးခွန်ထုတ်ထားတယ်လို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG