ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ heavy bread, bread winner, bread basket နဲ့ to know which side your bread is buttered on တို့ကို တင်ပြပေးသွားပါမယ်။
အာရှသားတွေဖြစ်တဲ့ ကျမတို့ မြန်မာပြည်သားတွေအတွက် ဆန်စပါးဟာ အသက်သွေးကြောဖြစ်တယ်လို့ ဆိုနိုင်သလို အနောက်နိုင်ငံသားတွေအတွက် အသက်ရှင်နေထိုင်ဖို့ ပေါင်မုန့် ဟာ အဓိက အစားအစာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘန်းစကားအဖြစ် အင်္ဂလိပ်ဘာသာမှာ အစားအစာလို ထပ်တူထပ်မျှ အရေးကြီးလှတဲ့ ငွေ ကို bread လို့ ပြောဆိုကြပါတယ်။ ကျမတို့ မြန်မာမှာလည်း ဝင်ငွေမရှိတော့တဲ့ အခြေအနေမျိုးကို ထမင်းအိုးကွဲတယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့် ပေါင်မုန့် ကို ငွေသားအဖြစ် တင်ဆာပြောဆိုရာမှာ အသုံးပြုတဲ့ bread ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးသွားပါမယ်။
ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ heavy bread ဖြစ်ပါတယ်။ Heavy = လေးလံသော၊ Bread = ပေါင်မုန့် ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က လေးလံသောပေါင်မုန့် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ငွေကြေးအမြောက်အမြားကို ရည်ညွှန်ပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်
I wonder if my friend Pete won the lottery or something. He just bought himself a brand new red cadillac convertible. It costed him forty thousands bucks. Man, that is really heavy bread.
ကျနော့် သူငယ်ချင်း Pete တယောက် ထီများပေါက်သလား မသိဘူး ဒါမှမဟုတ် ဘာများလဲတော့ မသိပါဘူးဗျာ။ အသစ်စက်စက် အနီရောင် အမိုးဖွင့် cadillac ကားကြီးကို မကြာသေးမီက ဝယ်ယူလိုက်တယ်။ ကားတန်းဖိုးကတော့ ဒေါ်လာ လေးသောင်း ပေးရတယ်။ တကယ်ဆို ဒါဟာ နည်းတဲ့ငွေ မဟုတ်ဘူးဗျာ။
နောက်ထပ် တင်ပြပေးမယ့် အီဒီယံအသုံးကတော့ bread winner ဖြစ်ပါတယ်။ Bread = ပေါင်မုန့်၊ Winner = အနိုင်ရရှိသူ၊ ရှာဖွေနိုင်သူ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ပေါင်မုန့်ကိုရှာဖွေရရှိသူ၊ အနိုင်ရသူ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ ငွေကို ပင်တိုင်ရှာဖွေသူ ဒါမှမဟုတ် မိသားစုဝင်ငွေကို အဓိကရှာဖွေပေးသူ ကို ဆိုပါတယ်။ အစဉ်အလာအရတော့ bread winner ဟာ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားကို ဆိုလိုတာဖြစ်ပေမယ့် မကြာသေးမီ ဆယ်စုနှစ်များအတွင်းမှာတော့ မောင်ရောမယ်ပါ အလုပ်ထွက်လုပ်မှ ဖူလုံမဲ့အခြေအနေမျိုးမှာတော့ bread winner အမည်နာမကို မောင်နဲ့မယ် မျှဝေခံစားလာကြပြီ ဖြစ်ပါတယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crow ပေးတဲ့ ဥပမာ လေ့လာကြည့်ရအောင်ပါ။
My sister Mary works two different jobs you know ever since her husband was paralyzed in an auto accident. She has been only a bread winner in the family. And, that certainly keeps her busy.
ကျနော့် ညီမငယ် Mary ဟာ အလုပ်နှစ်မျိုး လုပ်နေရရှာတယ်။ သူ့ခင်ပွန်း ကားတိုက်ခံရလို့ အကြောသေသွားတဲ့ အချိန်ကစလို့ သူဟာ မိသားစုဝင်ငွေကို တယောက်တည်းရှာဖွေနေခဲ့ရတာပါ။ သူတကယ်ပဲ မအားရှာပါဘူးဗျာ။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ bread basket ဖြစ်ပါတယ်။ Bread = ပေါင်မုန့်၊ Basket = တောင်း၊ ခြင်း၊ ပလုံး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပေါင်မုန့်ထည့်ထားတဲ့တောင် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်မှာတော့ နိုင်ငံတနိုင်ငံမှာ အဓိက အစားအစာကို တခြားဒေသတွေအတွက် ထုတ်လုပ်ပေးတဲ့နေရာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ကျမတို့ မြန်မာပြည်မှာတော့ ဧရာဝတီမြစ်ဝှမ်းဒေသ ကို မြန်မာနိုင်ငံရဲ့  စပါးကျီ ဒေသလို့ ခေါ်ဆိုနိုင်ပါတယ်။ ပေါင်မုန့်ဖုတ်တဲ့ ဂျုံစိုက်ပျိုးတဲ့ နိုင်ငံတွေမှာတော့ ဂျုံစိုက်ပျိုးရာ အဓိကဒေသတွေကို ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အနောက်အလယ်ပိုင်းဒေသတွေမှာ ဂျုံကို အဓိက စိုက်ပျိုးကြပါတယ်။ ဒီစကားလုံးကို ဘန်းစကားအနေနဲ့ သုံးတဲ့အခါမှာလည်း နောက်ထပ်အဓိပ္ပါယ်တမျိုး ရှိပါသေးတယ်။ အဲဒါကတော့ ဝမ်းဗိုက် ဖြစ်ပါတယ်။
လက်ဝှေ့ပွဲအပြီးမှာ ရှုံးသွားတဲ့ လက်ဝှေ့သမားက သတင်းထောက်တွေကို ရှင်းပြတဲ့ George Crow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I was doing great until the other guy got lucky and hit me in the bread basket with a left hook I never saw coming. After that my legs fell like rubber and I could not keep him away.
အစပိုင်းမှာတော့ ကျနော်က ဟန်ကျနေတာ။ ဒါပေမဲ့ ပြိုင်ဖက် ငနဲသားက ကံကောင်းသွားပြီး ကျနော် လုံးဝမမြင်လိုက်တဲ့ သူရဲ့  ဘယ်ဝိုက်လက်သီးတလုံး ကျနော့် ဗိုက်ကို ထိသွားပြီး ကျနော့်ခြေထောက်တွေ မဟန်တော့ဘဲ သူကို မရှောင်နိုင်ဖြစ်သွားခဲ့တယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ to know which side your bread is buttered on ဖြစ်ပါတယ်။ ဒီအသုံးကတော့ အနည်းငယ်ရှည်ပါတယ်။ Know = သိသည်၊ Side = တဘက်ခြမ်း၊ Bread = ပေါင်မုန့်၊ Buttered - ဒီနေရာမှာ butter (နာမ်) ကို ကြိယာအဖြစ် သုံးထားပြီး ထောပတ်သုတ်ထားသည်လို့ ဆိုပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  အဓိပ္ပါယ်က ပေါင်မုန့်ရဲ့  တခြမ်းမှာ ထောပတ်သုတ်တယ်ဆိုတာကို သိတာကို ဆိုလိုပါတယ်။ အများအားဖြင့် လူတိုင်း ပေါင်မုန့်ရဲ့  ထောပတ်သုတ်ထားတဲ့အခြမ်းက ပိုအရသာရှိတယ်ဆိုတာကို သိပါတယ်။ အီဒီယံသဘောအရလည်း ဘယ်ဟာက ကိုယ့်အတွက် အကျိုးရှိတယ်ဆိုတာကို ကွဲကွဲပြားပြား သိမြင်တတ်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Fred sure knows which side his bread is buttered on. He used to ran after the old boss like a dog wagging his tail, but after the old boss retired, Fred has been chasing after the new boss exactly the same way.
Fred ဟာ ကိုယ့်အကျိုးကို တကယ်သိတဲ့လူ ဖြစ်တယ်။ သူ့ဆရာဟောင်းနောက်ကို ခွေးကလေးလို့ အမြီးတနှန့်နှန့်လိုက်ပြီး ဖော်လန်ဖားလား လုပ်ခဲ့တယ်။ သူ့ဆရာဟောင်း အငြိမ်းစားယူသွားတော့ Fred တယောက် နောက်လာတဲ့ ဆရာအသစ်ကို အဲဒီအတိုင်း လိုက်ဖားတော့တယ်။