သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ တရားစီရင်ချက်အပေါ် ဦးဝင်းတင် အမြင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ တရားစီရင်ချက်ချမှတ်ပြီ အချိန်ပိုင်းအတွင်းမှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချပြီး ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်နဲ့ နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့အညီ ပြန်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီလို စစ်အစိုးရရဲ့ တရားစီရင်မှု လုပ်ရပ်အပေါ် သုံးသပ်ထင်မြင်ချက် နဲ့ တရားဥပဒေအရ၊ နိုင်ငံရေးအရ အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်အနေနဲ့ ဘာတွေဆက်လျှက်လုပ်ကိုင်သွားဖို့ ပြင်ဆင်လုပ်ကိုင်နေသလဲ
ဆိုတာတွေကို သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင် ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်း) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်လို့ ဆရာတို့အနေနဲ့ ဒီထက်ပို မျှော်လင့်ထားပါသလား၊ ဒီလောက်တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါသလား၊ ဒါထက် သက်သာခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားပါသလား။

ဦးဝင်းတင် ။ ။ ကျနော်တို့ကတော့ မျှော်လင့်တာတော့ ဒါ လွတ်ပေးရမယ်လို့ မျှော်လင့်တာ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုဗျာ ကျနော်တို့က နဂိုကတည်းကိုမှ ဒီအမှုကို ကန့်ကွက်တာမဟုတ်ဘူး ဒါ မတရားလုပ်ကြံပြီးတော့ စွပ်စွဲတဲ့အမှုဖြစ်တယ်လို့ ကျနော်တို့ကပြောတယ်။ ဒါက ကျနော်အနေနဲ့ နိုင်ငံရေးအားဖြင့် ပြောတဲ့အရာပေါ့။ တဖက်ကနေပြီးတော့ ဥပဒေအကြောင်းအရလည်း ဒီ ဥပဒေဟာ အသက်မရှိတော့တဲ့ အခြေခံဥပဒေ ၁၉၇၄ အခြေခံဥပဒေကို အကြောင်းပြုပြီးတော့ အဲဒီက ကန့်သတ်ချက်တွေနဲ့ ကန့်သတ်တာ အဲဒီက ကန့်သတ်ချက်တွေကို ဖေါက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲခြင်းကိုဗျာ အဲဒါကြောင့် ကျနော်တို့က ဒါက လုံးဝလက်မခံဘူး။ ဒါ ကျနော်တို့ရဲ့ အနေအထား ဥပဒေအရလည်း လက်မခံဘူး၊ နိုင်ငံရေးအရလည်း လက်မခံဘူး။

ဦးကျော်ဇံသာ ။ ။ လက်မခံတာတပိုင်းပေါ့ ဆရာ။ ဒါပေမဲ့လည်း ဒီ စစ်အစိုးရကတော့ သူတို့လိုချင်တဲ့ မျှော်မှန်းချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကာလမှာ မရှိစေချင်ဘူး၊ အဲဒီကာလမှာ သူကို ဆက်လျှက်ပြီး ချုပ်ထားချင်တဲ့ဆိုတဲ့ သူတို့ရဲ့ မျှော်မှန်းချက်က ရှိနေလေတော့ ဆက်လျှက်ပြီးတော့ သူတို့ ပြစ်ဒဏ်ချမှတ်လိမ့်မယ်လို့ ဆရာတို့ မျှော်လင့်မထားဘူးလား။

ဦးဝင်းတင် ။ ။ မျှော်လင့်တယ်။ ကျနော်က မျှော်လင့်တယ်။ သို့သော် ကျနော်တို့က ဘယ်လိုလဲဆိုတော့ ဒီဟာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ ဥပမာ အီးယူတို့ အာဆီယံတို့အပါအဝင်ပေါ့ဗျာ။ ဒီနိုင်ငံပေါင်းများစွာရဲ့ ကမ္ဘာ့ community တခုလုံးကနေပြီးတော့ ဒီဟာကို ကန့်ကွက်နေတဲ့အတွက် သူတို့ဟာ ဘာဘဲပြောပြော ထည့်သွင်းစဉ်းစားလိမ့်မယ်၊ ချင့်ချင့်ချိန်ချိန်လုပ်လိမ့်မယ်၊ နှိုင်းနှိုင်းယှဉ်ယှဉ် လုပ်မယ်လို့ ကျနော်က တွက်တယ်။ တခါ ပြည်တွင်းမှာလည်း ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ အတိုက်အခံ နိုင်ငံရေးအင်အားတွေ၊ လူမျိုးစုတွေ အားလုံးကနေ ဒေါ်စု ကို လွတ်ပေးဖို့ပဲ မျှော်လင့်ကြတယ်၊ တောင်းဆိုကြတယ်။ အဲဒီလိုဆိုတော့ သူတို့က ပိုပြီးတော့ ချင့်ချင့်ချိန်ချိန် လုပ်မယ်လို့ ကျနော် မှန်းတယ်။ အဲဒါကို မလုပ်ဘဲနဲ့ ထောင်ချတယ်ဆိုတဲ့အတွက် ကျနော်တို့က ဒါကို အကြီးအကျယ်ကို စိတ်ထဲမှာ ကျေနပ်မှုမရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါပေမယ့် ဆရာ စောစောက ပြောသလို နိုင်ငံတကာကလည်း ဒါကို အပြစ်မရှိဘူး၊ လွတ်စေချင်တယ်၊ ပြည်သူတွေကလည်း အပြစ်မရှိဘူး လွတ်စေချင်တယ်ဆိုတဲ့ ဆန္ဒကိုတော့ စစ်အစိုးရ အာဏာပိုင်တွေ သိဟန်တူတယ် ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရေးထားတဲ့ စာထဲမှာ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက်ကြောင့်လည်းကောင်း၊ အဃတ မပွားစေချင်လို့အတွက်လည်းကောင်း၊ ဒီမိုကရေစီအရေးကို ရှေ့ရှု့စေချင်တဲ့ အတွက်ကြောင့်လည်းကောင်း သက်ညှာခွင့်ပေးမယ် ဘာညာဆိုပြီးတော့ ကြိုးစားထားတာကို တွေ့ရပါတယ်။ ဆိုတော့ သူရဲ့ အားထုတ်မှုကရော ဘယ်လောက်အောင်မြင်သလဲ ဆရာ။ အဲဒီအချက်ကို ဘယ်လို သဘော ရပါသလဲ။

ဦးဝင်းတင် ။ ။ ကျနော်ကတော့ လုံးဝမထင်ဘူးဗျာ။ ကျနော်တို့ ဗမာစကားနဲ့ ပြောမယ်ဆိုရင် ပျားရည်နဲ့ ဝမ်းချတယ်ဆိုတဲ့ စကားလို ဖြစ်နေတယ်။ ဒါကို အရပ်စကားနဲ့ ပြောမယ်ဆိုရင်တော့ ဒါကတော့ လူလည်လုပ်တဲ့စကား ကျနော်တို့ ခပ်ကြမ်းကြမ်းပဲ ပြောသင့်တယ်လို့ ထင်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီစကား ဒီစကားတွေကို သုံးတယ် ဆိုင်းငံပြစ်ဒဏ်ဆိုတာကို သုံးတယ်။ ဒါပေမယ့် တကယ်ကြတဲ့ အခါတော့ အဓိပ္ပါယ်က ဘာလဲဆိုတော့ လာမဲ့ ရွေးကောက်ပွဲကာလအထိကို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ဖယ်ရှားပြစ်ဖို့အတွက် လုပ်တာ၊ နဂိုမူလအတိုင်း ကြံရွယ်ချက်အတိုင်းပဲ နဂိုကတည်းက ရှိခဲ့တဲ့ အကြံဆိုးတွေအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အမိန့်ချမှတ်တယ်လို့ ကျနော်က ယူဆတယ်။ ဒါကြောင့် ကျနော်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလည်း စီရင်ချက်ကိုလည်း မကျေနပ်ဘူး။ ဒါ အလွန်ကို သူတို့ရဲ့ မူလအကြံဆိုးအတိုင်း လုပ်တယ်လို့ပဲ ကျနော်က ယူဆတယ်။ နှစ်ကလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့ ဒီဟာဆိုတာကလည်း ရှင်းရှင်းပြောရရင် လူတွေကို နားလည်းပါးရိုက်တာဟာမျိုးလို ဖြစ်နေတယ်။ သို့မဟုတ်လည်း ပျားရည်နဲ့ ဝမ်းချသလို ဖြစ်နေတယ်။ စကားလုံးလှလှသုံးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနာမည်သုံးတာတို့၊ ဒီမိုကရေစီ စကားလုံး သုံးတာတို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စကားလုံးတွေ သုံးတဲ့ဟာ ဒါဟာ အမှန်တိုင်းပြောရရင် သူတို့ရဲ့ အကြံဆိုးတွေကို ဖုံးကွယ်ဖို့အတွက် ဒါ လုပ်တာလို့ ကျနော် ယူဆပါတယ်။ ဒါကြောင့် နှစ်ခုစလုံးကို မူလ တရားရုံးရဲ့ စီရင်ချက်ကို ကျနော်တို့ ဆန့်ကျင်တယ်၊ မကျေနပ်ဘူး၊ ကန့်ကွက်တယ်၊ နောက်တခါ ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့ စကားလုံးတွေ နဲ့ ပျားရည်နဲ့ ဝမ်းချတဲ့ အိမ်အကျယ်ချုပ်ဆိုတာကို ကျနော်တို့က လုံးဝ လက်မခံပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ်လည်း ဒီဖက်က ဆရာတို့ဖက်က ဒေါ်အောင်ဆန်းစုကြည်ဖက်က သူရဲ့ အသုံးအနှုန်းအရ ကြည့်မယ်ဆိုရင် ဒါဟာ ကောင်းကောင်းမွန်မွန် နေမယ်ဆိုတာထက် သူတို့က သူတို့လုပ်နေတဲ့ လမ်းပြမြေပုံတို့ ရွေးကောက်ပွဲလမ်းစဉ်တို့ကို နည်းနည်းကြည်ဖြူတဲ့သဘော ပြမယ်ဆိုရင် လွတ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ပုံစံမျိုးလည်း ပါတယ်လို့ ကျနော်က အဓိပ္ပါယ်ကောက်တယ်။ ဆရာအနေနဲ့ ဘယ်လို သဘောရပါသလဲ။

ဦးဝင်းတင် ။ ။ အဲဒီဟာဆိုရင်လည်း သူတို့ မှားမှာပဲခင်များ။ ဒီဟာက ကျနော်တို့က ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည်ဖက်က သဘောတူခြင်း၊ မတူခြင်း ဆိုတာ ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုမှ သဘောမတူနိုင်ဘူး။ ဘာဖြစ်လိုလည်းဆိုတော့ ဒါ ရှင်းနေတာပဲ။ ဒီ ရွေးကောက်ပွဲဟာ ဘာအတွက် လုပ်တာလည်း၊ ရွေးကောက်ပွဲဟာ လွှတ်တော်ပေါ်ဖို့ လွှတ်တော်က ဘာလုပ်မှာလဲဆိုတော့ ဒီ အခြေခံဥပဒေကို အသက်သွင်းဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောခဲ့ပြီးပြီ ဒီ အခြေခံဥပဒေဟာ ကျနော်တို့ ဒီ ရွေးကောက်ပွဲနဲ့ ကျနော်တို့ ကြားထဲမှာ ဒီ အခြေခံဥပဒေကြီး ရှိနေတယ်။ ဒီ အခြေခံဥပဒေကြီးကို မပြင်ရင် ကျနော်တို့ကတော့ ဒီ ရွေးကောက်ပွဲဆိုတာ ဘာမှလုံးဝ စဉ်းစားနိုင်စရာ အကြောင်းကို မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ အခြေခံဥပဒေတွေက ကျနော်တို့ လုံးဝ လက်ခံနိုင်တဲ့အရာမဟုတ်ဘူး။ ဒီမိုကရေစီလည်း လုံးဝမဆန်ဘူး၊ ဒီမိုကရေစီနဲ့လည်း လုံးဝ ဆန့်ကျင်နေတဲ့ အခြေခံဥပဒေ ဖြစ်တဲ့အတွက် ဒီ အခြေခံဥပဒေကို မပြင်သရွေ့တော့ ရွေးကောက်ပွဲကိစ္စက ဘာမှ စဉ်းစားစရာအကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် ပထမ ဒီ နိုင်ငံရေးအပိုင်းကို မမေးခင်မှာ ဥပဒေအကြောင်းအရ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဆရာတို့ဖက်က အယူခံဝင်မယ့် အစီအစဉ်တွေများ ရှိပါသလားခင်များ။

ဦးဝင်းတင်။ ။ ဒါကတော့ ကျနော်တို့က တရားစီရင်ရေးဟာ ဘယ်လောက်ပဲ မှောက်မှားနေပါစေ အောက်ရုံးက တရားစီရင်တွေ မှောက်မှားနေတယ်ဆိုရင်လည်း အထက်ရုံးက လူတွေကတော့ နှိုင်းနှိုင်းယှဉ်ယှဉ် နဲ့ ပြန်ပြီးတော့ စဉ်းစားမယ့် လူတွေ ရှိကောင်းရှိလိမ့်မယ် ဒါ တချက်ပေါ့။ နောက်တချက်ကတော့ ကျနော်တို့က ဘာဘဲပြောပြော ဒီမိုကရေစီကို ယုံတဲ့အတွက် တရားစီရင်ဆိုတာကိုတော့ အဆင့်တဆင့်မှာ မယုံကြည်ရရင်လည်း နောက်တဆင့်ကို တက်တော့ ကျနော်တို့က ယုံကြည်ရလိမ့်မယ်၊ တရားဥပဒေ စိုးမိုးရေးဟာ ရှိလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့တော့ ကျနော်ထင်တယ် ဒီအယူခံတို့ ဘာတို့တော့ ဆက်ပြီးတော့ လုပ်မှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်းကလည်း သဘောတူပြီသာဖြစ်ပါတယ်။ တရားဥပဒေအကြောင်းတွေကို လုပ်တဲ့နေရာမှာတော့ အစအဆုံးတော့ လုပ်မယ်ဆိုတာ ပြောတာတော့ ရှိတယ်။ သို့သော် အခု ကျနော်တို့ မူလရည်ရွယ်ချက်တောင်မှ ဒီအတိုင်းဆိုရင် အခုလုပ်ပုံလုပ်နည်းနဲ့ ဒီလို လှည့်ကွက်တွေ နဲ့ မရိုးမသာလုပ်တဲ့ဟာတွေ နဲ့ ပြည်သူလူထုကို ပျားရည်နဲ့ ဝမ်းချချင်တဲ့ ပုံသဏ္ဍာန်မျိုးတွေ လုပ်တဲ့ဟာတွေနဲ့ဆိုရင် ကျနော်တို့ ရှေ့ဆက်ပြီးတော့ အယူခံဝင်ဖို့ ဘာတို့ကို စဉ်းစားရမယ့် အနေအထားမှာ ရှိနေမယ်လို့ ကျနော်တယောက်တည်းအနေနဲ့ အဲဒီပဲ ထင်မြင်မိပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ အဲဒါ ဥပဒေ အကြောင်းအရ ဘာဆက်လုပ်မှာ။ နိုင်ငံရေးအရရော ဘာဆက်လုပ်မလဲ ဆရာ။ အခု လူတွေ ပြောကြပါလိမ့်မယ် ball is in NLD's Court အစိုးရဖက်ကတော့ လုပ်လိုက်ပြီ အန်အယ်လ်ဒီ ဖက်က ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မေးလာရင် ဆရာ ဘယ်လိုဖြေမလဲ ခင်များ။

ဦးဝင်းတင် ။ ။ နိုင်ငံရေးအရဆိုလိုရှိရင်တော့ အခုန ပြောသလိုပေါ့ ကျနော်တို့က အခြေခံဥပဒေမှ ပြင်ဆင်ခြင်း မရှိဘူးဆိုရင် ဒီ ရွေးကောက်ပွဲ ဘာညာဆိုတာ သူတို့ရဲ့ road map တို့ ဘာတို့ကို ကျနော်တို့ ဘာမှ ခေါင်းထဲထဲ့ပြီး စဉ်းစားစရာလိုလိမ့်မယ် မဟုတ်ဘူး။ ဒီထဲမှာ ထပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောက ကနေ အနည်းဆုံး တနှစ်ခွဲလောက် ဗမာနိုင်ငံရေးက ဖယ်ထုတ်ထားဖို့အတွက် အကျယ်ချုပ်လို့ ထားဖို့အတွက် လုပ်ခြင်းအားဖြင့်လည်း ဒီ နိုင်ငံရေးလမ်းကြောင်းဟာ ကျနော်တို့ အဖို့ ဘာမှ ရှေ့လျှောက်လမ်းမရှိတော့ဘူး။ အဲဒီတော့ တခုပဲရှိတာက ဘာလည်းဆိုတော့ ကျနော်တို့က ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့အင်အားစုများ၊ ကမ္ဘာ့နိုင်ငံတကာ အဖွဲ့အစည်းများနဲ့အတူ နောက်ပြီး ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်၊ ရဟန်သံဃာ ဆိုတာတွေ အားလုံးနဲ့အတူ ကျနော်တို့က ဆက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆက်ပြီးတော့ ကန့်ကွက်သွားရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်ရေးကို ကန့်ကွက်သွားရမှာပဲ။ အဲဒီတော့ ကျနော်တို့က ဘာပြောချင်သလဲဆိုတော့ ဒီကိစ္စမှာ စု၊ လွှတ်၊ တွေ့ ဆိုတဲ့ မူလ မူဝါဒတွေ အတိုင်းပဲ ဒေါ်စု နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်ရေးကို ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမယ်။ နောက်ပြီးတော့ ပြည်သူလွှတ်တော် ၁၉၉၀ ရွေးကောက်ပွဲရလဒ်များကို တနည်းနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလုံး တနည်းနည်းနဲ့ ကျနော်တို့ ဖြေရှင်းရေးကို အဖြေရှာရေးအတွက်ကိုလည်း ကျနော်တို့ ဆက်ပြီးတောင်းဆိုသွားမယ်။ နောက်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ဒီ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေကိုလည်း ကျနော်တို့ ဆက်လျှက်တောင်းဆိုသွားမှာပဲ။ အဲဒါဟာ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်း အမှန်ပဲ ဖြစ်မှာလို့ ကျနော် ပြောချင်ပါတယ်။


ဦးကျော်ဇံသာ ။ ။ အခုကတော့ ဆရာအနေနဲ့ တဦးချင်းအနေနဲပ ပြောနေတာပေါ့။ ဒီ နိုင်ငံရေးလမ်းစဉ်တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆုံးဖြတ်ချက်ချအုန်းမယ် ထင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ဆရာတို့ အခုဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေထဲမှာ ဘယ်သူတွေ၊ အထူးသဖြင့် တလောက အနားယူသွားတယ်၊ နေမကောင်းလို့ အနားယူတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ အဲဒီ ပုဂ္ဂိုလ်တွေ ပါဝင်ပြီး ဆွေးနွေးကြအုန်းမလား။ သို့တည်းမဟုတ် အခု အသစ်ရွေးချယ်ထားတဲ့ လူတွေနဲ့ ဆွေးနွေးဆုံးဖြတ်မလား။

ဦးဝင်းတင် ။ ။ ဒီလိုရှိတယ်ခင်များ ဒီ ကိစ္စက ဒီဟာတွေက ကျနော်တို့ရဲ့ ရွှေဂုံတိုင် ကြေငြာချက်မှာ စု၊ လွှတ်၊ တွေ့ ဆိုတဲ့ဟာက အခြေခံပါပဲ။ စု၊ လွှတ်၊ တွေ့ ဆိုပြီးတော့ အခုနပြောတဲ့ နိုင်ငံရေးသမား ဒေါ်စု နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်ရေး၊ လွှတ်တော်ရလဒ်များကို လွှတ်တော်ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ခေါ်ယူရေးနဲ့ ပတ်သက်ပြီး တနည်းနည်းနဲ့ ဖြေရှင်းပေးရေး၊ တွေ့ဆုံဆွေးနွေးပွဲဆိုတာ လိုင်းကကျပြီးသာ။ ရွှေဂုံတိုင် တုန်းက ကျပြီးသာ။ နောက်တခါ ရွှေဂုံတိုင်မှာပဲ ကျနော်တို့ တောင်းဆိုခဲ့တာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်ပေးရေး၊ နောက်တခါ ဒီမိုကရေစီ မဆန်တဲ့ ဒီ အခြေခံဥပဒေက အချက်တွေကို ပြန်လည်သုံးသပ်ရေး၊ နောက်တခုက နိုင်ငံတကာ ကွပ်ကဲမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပရေးဆိုတဲ့ တောင်းဆိုချက်တွေက ရှိတဲ့အခါကြတော့ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီ နိုင်ငံရေးလမ်းကြောင်းကတော့ ကျနော်တို့ သွေးဖိစရာ အကြောင်းသိပ်မရှိဘူးလို့ ကျနော်က ထင်တယ်။ အဲဒီတော့ ဒီ တခုပဲရှိတယ် ဒေါ်စုကို မလွတ်ဘူးဆိုတဲ့အခါကြတော့ ဒီ စစ်အစိုးရရဲ့ ဇာတိရုပ်က ဘွားဘွားကြီးကို ပေါ်သွားတယ်။ အဲဒီပေါ်တဲ့အပေါ်မှာတည်ပြီးတော့ ကျနော်တို့က ဆက်ပြီးတော့ နိုင်ငံရေးကို အရှိန်မြင့်ခြင်း၊ စသည်ဟာကို ကျနော်တို့ စဉ်းစားဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။ နောက်တချက်ကတော့ ဒီလို လုပ်တဲ့နေရာမှာ ကျနော်တို့ လူသစ်တွေပေါ်လာတဲ့ အဖွဲ့အစည်းကလည်း ဒါ အင်အားသစ်ကလည်း သူတို့လည်း ပြောခွင့်ဆိုခွင့်နဲ့ သူတို့ရဲ့ ဆွေးနွေးခွင့်တွေနဲ့ သူတို့ရဲ့ အကြံဉာဏ်တွေ နဲ့ သူတို့ယူသွားမှာပဲ။ သို့သော် လူကြီးတွေပဲလုပ်လုပ် လူငယ်တွေ လူသစ်တွေနဲ့ပဲ လုပ်လုပ် ဘယ်လိုပဲပြောပြော ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကတော့ မူလရှိပြီသာ လမ်းကြောင်းဖြစ်နေတယ်။ မူလ နိုင်ငံရေးလမ်းကြောင်းမှာ ကျနော်တို့ မျှော်လင့်ချက်ထားပါတယ်။ အဲဒီဟာတွေ အကုန်လုံး ဘာမှပေါ်မလားပဲ ဒေါ်စုကို အခုလို နိုင်ငံရေးကနေ ဖယ်ထုတ်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ ရှေ့ဆက်ပြီးတော့ ခိုင်ခိုင်မာမာ ဆက်သွားဖို့သာ ရှိမယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတချက် မေးချင်တာကတော့ ဆရာတို့ ရွေးမယ့်လမ်းမှာ လူထုနည်းရော ပါအုန်းမလား။

ဦးဝင်းတင် ။ ။ လူထုနည်းလား။ ပါရမှာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ရွှေဂုံတိုင် အစည်းအဝေးမှာ ကျနော် မိန့်ခွန်းပြောတဲ့အထဲမှာ ဒါပါပြီသာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ရမယ်လို့ ကျနော်တို့ ပြောတဲ့ဟာက ဘာလဲဆိုရင် ကျနော်တို့ လူထုနဲ့ပဲ တွဲလုပ်ရမှာပေါ့။ လူထုနဲ့တင်မကဘူး တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ကျောင်းသားလူငယ်တွေ၊ ရဟန်သံဃာများ အားလုံးနဲ့ ကျနော်တို့ တွဲလုပ်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ စစ်အစိုးရဟာ သိပ်ပြီးတော့ ကမ္ဘာတခုလုံးကနေ ပြောဆိုနေတာကိုတောင်မှ နားမဝင်နိုင်လောက်အောင် ခေါင်းမာနေတယ်ဆိုရင်တော့ ကျနော်တို့ကလည်း ကျနော်အနေနဲ့ အန်အယ်လ်ဒီ အစုစုလေးနဲ့ လုပ်လို့ရမှာမဟုတ်ဘူး၊ လူထုနည်းနဲ့ပဲ လူထုနဲ့ ချည်းကပ်ပြီးတော့ လူထုနဲ့အတူ လက်တွဲပြီးတော့ ဒီစစ်အစိုးရရဲ့ ဒီ ခေါင်းမာမှုကို ကျနော်တို့ ဖြေရှင်းသွားရလိမ့်မယ်လို့ ထင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG