သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဏုမြူစွမ်းအားသုံးစွဲရေး စီမံကိန်း


လွန်ခဲ့တဲ့ (၈) လကျော်ကသွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်မှတ်တမ်း လူသိရှင်ကြား ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဗမာစစ်အစိုးရရဲ့ အဏုမြူလက်နက် စီမံကိန်းအကြောင်း သတင်းဆောင်းပါးတွေ နိုင်ငံခြားစာနယ်ဇင်းမှာ မကြာခဏရေးသား ကြတာတွေ့ရပါတယ်။ ဒီကိစ္စမှာ ခိုင်မာတဲ့အထောက်အထားမတွေ့ရဘူးလို့ ကျွမ်းကျင်သူတွေကပြောပေမယ့် ဗမာစစ်အစိုးရက ရေငုံနုတ်ပိတ်နေတာရယ်၊ လက်နက်ပစ္စည်း မှောင်ခိုရောင်းနေတဲ့ မြောက်ကိုရီးယားရဲ့ အကျင့်ရယ်ကြောင့် အဏုမြူ လက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေပြီလို့ ထင်မြင်ယူဆနေကြတာ ဖြစ်ပုံရပါတယ်။

တကယ်တော့ ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး ၂၀၀၆ ခုနှစ်က ရုရှားကို သွားရောက်စဉ် (၁၀) မဂ္ဂါဝပ် ထုတ်နိုင်တဲ့ အဏုမြူဓါတ်ပေါင်းဖိုကို ရုရှား အကူအညီနဲ့ တည်ဆောက်ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း ရုရှား-မြန်မာ အစည်းအဝေး လျှို့ဝှက်မှတ်တမ်းအရ သိရပါတယ်။ ကျန်းမာရေး နဲ့ ပညာရေးသုံး သုတေသန အဏုမြူဓါတ်ပေါင်းဖို ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအားအေဂျင်စီ (International Atomic Energy Agency: IAEA) ကလည်း သဘောတူပြီးပြီလို့ ဆိုပါတယ်။ မြန်မာသင်တန်းသား (၁၀၀၀) ကျော်ကို နျူးကလီးယားသိပ္ပံ နဲ့ ဒုံးလက်နက် ထုတ်လုပ်ရေး အတတ်သင်ပေးပြီး သင်တန်းပြီးဆုံးတဲ့အခါမှာ လုပ်ငန်းခွင်မှာ လက်တွေ့လေ့ကျင့်ဖို့လည်း စီစဉ်ပါတယ်။ ရုရှားမြန်မာသဘောတူချက်ကို ၂၀၀၇ မှာ လက်မှတ်ရေးထိုးပါတယ်။

အဏုမြူစွမ်းအား ထုတ်လုပ်ရေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလမ်းသူဟာ တောင်ကိုရီးယား အစိုးရပါ။ လွန်ခဲ့တဲ့ ဇူလိုင်လ (၂၉) ရက်နေ့က မန္တလေးမှာ ထုတ်ပြန်ကြေညာတဲ့ အာဆီယံ-တရုတ်-ဂျပန်-တောင်ကိုရီးယား (၁၃) နိုင်ငံ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ၂၀၁၀ က ၂၀၁၇ အထိ (၇) နှစ်ကာလမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ တနေ့တည်းမှာပဲ အာဆီယံ (၁၀) နိုင်ငံ စွမ်းအင်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ထုတ်ပြန်ကြေညာပါတယ်။ ဒီအစီအစဉ်မှာ စီမံကိန်း (၇) ခုရှိပြီး အရပ်ဖက်သုံး အဏုမြူစွမ်းအားလည်း ပါပါတယ်။

မြန်မာနိုင်ငံဟာ အဏုမြူလက်နက် မပြန့်ပွားရေးစာချုပ်ကို ၁၉၅၇ ကတည်းက လက်မှတ်ထိုးထားတာမို့ အဏုမြူဓါတ်ပေါင်းဖို စတင်အသုံးပြုမီ (၆) ကြိုတင်ပြီး IAEA ခေါ် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအား အေဂျင်စီ ကို အကြောင်းကြားဖို့ တာဝန်ရှိတယ်လို့ သိရပါတယ်။ Vienna, Austria အခြေစိုက် IAEA က ကျွမ်းကျင်သူတွေကို အချိန်မရွေး စစ်ဆေးခွင့်ပြုတဲ့ သဘောတူချက်ကို လက်မှတ်ထိုးဖို့လည်း ဗမာစစ်အစိုးရကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အရပ်ဖက်သုံး အဏုမြူစွမ်းအား စီမံကိန်းကနေ လပိုင်းအတွင်းမှာ အဏုမြူလက်နက် ထုတ်လုပ်နိုင်တယ်လို့ IAEA ရဲ့ ညွှန်ကြားရေးမှုးချုုပ် မိုဟာမက် အီလ် ဘာရာဒေး (Mohamed ElBaradei) က ပြောဆိုပါတယ်။ ယူရေးနီယန် (Uranium) ဓါတ်သတ္တုကို အစွမ်းထက်အောင် လုပ်ယူနိုင်ပြီးတော့ ပလူးတိုနီယမ် (Plutonium) ဓါတ်သတ္တုထုတ်ယူတဲ့ အတတ်ပညာကို ကျွမ်းကျင်သွားပြီဆိုရင် အရပ်ဖက်သုံး ဓါတ်ပေါင်းဖိုတွေဟာ လပိုင်းအတွင်း အဏုမြူလက်နက် ထုတ်လုပ်နိုင်တယ်လို့ IAEA ညွှန်ကြားရေးမှုးချုပ်က ဆိုပါတယ်။ ဒါပေမယ့် အဏုမြူလက်နက်ကိုင်ဆောင်တာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အဏုမြူလက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ အာဆီယံ ပဋိညာဉ် စာချုပ် အခန်း (၁) အပိုဒ် (၁) မှာ အရှေ့တောင်အာရှသည် အဏုမြူလက်နက် ကင်းရှင်းသောဒေသ ဖြစ်ရမည် အစုလိုက် အပြုံလိုက်သတ်ဖြတ်နိုင်သော လက်နက်မျိုးလည်း မရှိစေရလို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အရပ်ဖက်သုံး အဏုမြူစွမ်းအင်သုံးစွဲရေး စီမံကိန်းရှိနေပြီး မလေးရှား နဲ့ ဖိလစ်ပိုင်ကတော့ လေ့လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နဲ့အိန္ဒိယမှာ လောင်စာစွမ်းအင်လိုအပ်သလို အရှေ့တောင်အာရှမှာလည်း လာမယ့်အနှစ် (၃၀) အတွင်းမှာ လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ရလိမ်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

လောင်စာစွမ်းအင် အမြဲတမ်းလိုအပ်နေတဲ့ ထိုင်းနိုင်ဟာ မဂ္ဂါဝပ် (၄၀၀၀) စွမ်းအားရှိတဲ့ အဏုမြူဓါတ်အားစက်ရုံကို ၂၀၂၀ မှာ အပြီးတည်ဆောက်မယ်လို့ ၂၀၀၇ ဇွန်လက ကြေညာခဲ့ပါတယ်။ ပထမအဆင့် ဆောက်လုပ်ရေးကို ၂၀၁၅ မှာ စတင်ပြီး ဒေါ်လာသန်း (၅၀) ကျော်သုံးဖို့ ခန့်မှန်းထားပါတယ်။ ဒေါ်လာသန်းပေါင်း (၆၀၀၀) ကျော်အထိ ကုန်ကျနိုင်တယ်လို့ မျှော်လင့်တာမို့ မနှစ်ကစပြီး (၃) နှစ်လေ့လာမှုတွေ စတင်ပြုလုပ်နေပါပြီ။ အင်ဒိုနီးရှား (Indonesia)၊ ဖိလစ်ပိုင် (Philippines)၊ ဗိယမ်နမ် (Vietnam) နဲ့ ထိုင်း (Thailand) နိုင်ငံမှာ သုတေသန အဏုမြူဓါတ်ပေါင်းဖိုတွေ ရှိနေတာ ကြာပြီဖြစ်ပေမယ့် အခုမှ အဏုမြူဓါတ်အား သုံးစွဲဖို့ စီစဉ်တာ ဖြစ်ပါတယ်။

ရုရှား-မြန်မာ အစည်းအဝေးတွေရဲ့ ထူးခြားချက်တခုကတော့ ကုလသမဂ္ဂမှာ ဗမာအစိုးရဖက်က အမြဲတမ်းရပ်တည်ပေးတဲ့ ရုရှားအစိုးရကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောတာပဲဖြစ်ပါတယ်။ တရုတ် နဲ့ ရုရှားကို အားကိုးနိုင်တာမို့ သုတေသန ဓါတ်ပေါင်းဖို့ တည်ဆောင်ပြီး အရှိန်အဝါတက်လာအောင် ကြိုးပမ်ကြတာလည်း ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG