အမေရိကန်ပြည်ထောင်စု ဗားဂျီးနီးယား (Virginia) ပြည်နယ် ကိုယ်စားပြု ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကြောင့် ထူးခြားတဲ့ ခရီးစဉ်တခု အဖြစ် လေ့လာစောင့်ကြည့် နေသူများက ရှု့မြင်ကြပါတယ်။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဟာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) နဲ့ နီးစပ်သူဖြစ်ပြီး ပြီခဲ့တဲ့ သမ္မတအဆက်ဆက်က မြန်မာနိုင်ငံစစ်အစိုးရအပေါ် ပြဌာန်းထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေအပေါ်ကို ဆန့်ကျင်ဝေဖန်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှဒေသဆိုင်ရာ (Chairman of Subcommittee on East Asian and Pacific Affairs) ဥက္ကဌ ဂျင်မ်ဝက်ဘ် အနေနဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒ ဘယ်လောက်အထိ လွမ်းမိုးနိုင်မလဲ ဆိုတာကို ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု မြန်မာအရေးလှုပ်ရှားမှုအဖွဲ့ (US Campaign for Burma)ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှုး ဦးအောင်ဒင် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးအောင်ဒင် ။ ။ ပထမအချက်ကတော့ ကွန်ဂရက် (Congress) မှာတော့ သူ အဲသလောက် လွမ်းမိုးနိုင်စွမ်း မရှိပါဘူး။ တကယ်တမ်းကျတော့ ကွန်ဂရက်မှာ သူလိုမျိုး အမေရိကန်စီးပွားရေး ရင်နှီးမြှုပ်နှံတွေ တိုးချဲချင်တဲ့ အာဏာရှင်တွေနဲ့ ပလူးပလဲလုပ်ချင်တဲ့ စိတ်မျိုးရှိတဲ့ အထက်လွှတ်တော်အမတ်က သူတယောက်တည်း ရှိပါတယ်။ ဥပမာ ပြီးခဲ့တဲ့လက မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးဖို့ ဥပဒေမှုကြမ်းတရပ်ကို အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်စလုံးက တခဲနက်ထောက်ခံ အတည်ပြုလိုက်ကြတယ်။ အဲဒီတုန်းက အထက်လွှတ်တော်မှာဆိုရင် အထက်လွှတ်တော်အမတ် ၆၆ ယောက်က ပူးတွဲအဆိုပြုကြတယ်။ အမတ်လွှတ်တော် တစ်ရာမှာ ခြောက်ဆယ့်ခြောက်ယောက် က မြန်မာပြည်စစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှု ဒဏ်ခတ်သက်တမ်းတိုးဖို့ ပူးတွဲအဆိုပြုတင်ပြကြတယ်။ မဲခွဲတဲ့အခါကြတော့လည်း ကန့်ကွက်မဲမရှိ အနိုင်ရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ် ကိုးဆယ့်ကိုးယောက်က သူနဲ့ အမြင်ကွဲပြားပြီးတော့ မြန်မာစစ်အစိုးရပေါ်မှာ ပြစ်တင်ဒဏ်ခတ်ဖို့ ဆန္ဒအရှိဆုံးပဲဆိုတာ သိရတယ်။
ဒီတော့ သူရဲ့ ခရီးစဉ် သူရဲ့ လှုပ်ရှားမှုက ကွန်ဂရက်လွှတ်တော်တရပ်လုံးပေါ်မှာတော့ သိပ်ပြီးသက်ရောက်မှုမရှိဘူး ထင်ပါတယ်။ သို့သော်လည်း အစိုးရအဖွဲ့ပေါ်မှာတော့ တစုံတရာ သက်ရောက်မှု ရှိနိုင်တယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် (Clinton) ကိုယ်တိုင်က လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက မြန်မာနိုင်ငံ ပေါ်လစီကို ပြန်သုံးသပ်မယ်။ စီးပွားရေးပိတ်ဆို့မှုကလည်း အလုပ်မဖြစ်ဘူး၊ နောက် ထိုင်းနိုင်ငံတို့ အာဆီယံတို့ ကျင့်သုံးနေတဲ့ constructive engagement ကလည်း အလုပ်မဖြစ်ဘူးဆိုတော့ ပိုပြီးတော့ အလုပ်ဖြစ်မယ့် နည်းလမ်းရှာဖို့ဆိုပြီးတော့ ကြိုးစားနေတာရှိတယ်။ အဲဒီအချိန်မှာ ဒီ ဆီနတ်တာ ဝက်ဘ် ကလည်း ဒီ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နဲ့ ရင်းနှီးမှုရှိတော့ မကြာခဏဆိုသလို ဖုန်းဆက်ပြီးတော့ မြန်မာနိုင်ငံပေါ်လစီပြောင်းဖို့၊ sanction ရုတ်သိမ်းဖို့၊ engagement လုပ်ဖို့ အထူး သူတိုက်တွန်းနေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ ဆိုတော့ ဒီ ခရီးစဉ်ပေါ်မှာ သူကနေပြီးတော့ ပြန်လာပြီးနောက်မှာ ဒီ အစိုးရအဖွဲ့ကို ဘယ်လိုမျိုး စည်းရုံးမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပါ။
ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ ပထမပိုင်း သိရတာက သူ့ခရီးစဉ်ဟာ သူရဲ့ ကိုယ်ပိုင်ခရီးစဉ်၊ သီးသန့်ခရီးစဉ်တခုအနေနဲ့ သွားတယ်လို့ပဲ ပထမပိုင်းမှာ နားလည်ထားရတယ်။ ဒါပေမယ့်လည်း မနေ့ကကြတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာက သူမသွားခင်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သူကို မြန်မာပြည်အခြေအနေနဲ့ ပတ်သက်ပြီး အသေအခြာ ဆွေးနွေးတိုင်ပင်တာတွေ လုပ်ပေးပြီးမှ သွားစေတယ်ဆိုတော့ သဘောကတော့ သူရဲ့ ခရီးစဉ်ဟာ တကယ်တမ်းကြတော့ တရားဝင်အစိုးရရဲ့ ခရီးစဉ်သဘောမျိုး ဖြစ်နေတယ်လို့ ယူဆနိုင်တာပေါ့။
ဦးအောင်ဒင် ။ ။ မဟုတ်ဘူးခင်များ။ သူ သွားတာကတော့ အထက်လွှတ်တော်အမတ်တယောက် အနေနဲ့ နောက် အရှေ့အာရှ နဲ့ ပစ္စိဖိတ်ဒေသဆိုင်ရာ တွဲဖက်ကော်မတီ (Subcommittee on East Asian and Pacific Affairs) ဥက္ကဌ အနေနဲ့ ခရီးထွက်တာ။ ခရီးထွက်တဲ့အခါကြတော့ အခုက ငါးနိုင်ငံသွားတာဆိုတော့ ရောက်တဲ့နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးတွေက သူရဲ့ ခရီးစဉ်ကို facilitate လုပ်ပေးရတယ်၊ ကူညီရတယ်။ အဲဒီအတွက်ကြောင့် သူက ဒီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကြိုတင်အသိပေးရတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုံးစံအတိုင်း သူသွားမယ့်နိုင်ငံတွေရဲ့အကြောင်းကို ကြိုပြီးတော့ သူကို briefing ပေးရတယ် အခြေအနေ။ ပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံးတွေကို သူရဲ့ ခရီးစဉ်ကို ကူညီဖို့အတွက် ညွှန်ကြားချက်တွေထုတ်ရတယ်။ ဆိုတော့ ဒါက လုပ်ရိုးလုပ်စဉ်တရပ်ပါပဲ။ သေချာတာက ဆီနတ်တာ Webb က မြန်မာနိုင်ငံကိုသွားတာ အစိုးရရဲ့ ကိုယ်စားသွားတာ မဟုတ်ဘူး၊ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ အစိုးရရဲ့ သတင်းစကားပါးသွားတာလဲ မဟုတ်ဘူး။ သူရဲ့ လွှတ်တော်ကိုယ်စားပြု ခရီးစဉ်သာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အထက်လွှတ်တော်အတွင်းမှာ စောစောကလည်း ဦးအောင်ဒင် အနေနဲ့ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း အတိအကျအားဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးသဖြင့် မဲခွဲမှုတွေ ပြုလုပ်တာ၊ အဆိုပြုချက်တွေ ပြုလုပ်တဲ့အခါမှာ သူရဲ့ ရပ်တည်မှုက ဘယ်လိုရှိခဲ့သလဲ၊ သူ က ရိုးရိုး မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီမြုပ်နှံမှုတွေ လုပ်သင့်တယ်လို့ဘဲ ရိုးရိုးတမ်းတမ်း ပြောနေသလား၊ ဒါမှမဟုတ်လို့ရှိရင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို တိတိကျကျကြီး ကန့်ကွက်မဲပေးခဲ့တာတွေ ရှိခဲ့ဘူးသလား။
ဦးအောင်ဒင် ။ ။ သူရဲ့ နောက်ကြောင်းလေး နည်းနည်းလေး သိဖို့လိုတယ်။ သူက အမှန်ကတော့ အရင်တုန်းက ရီပတ်ဘလစ်ကန်ပါတီ (Republican Party) က၊ သမ္မတဘုရှ် (President George Bush) ရဲ့ လက်ထောက်တယောက်ဖြစ်ခဲ့ဘူးတယ်။ သမ္မတဘုရှ် ရဲ့ အစိုးရအဖွဲ့မှာ ရေတပ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတယ်။ အဲဒီက ထွက်တယ်၊ ထွက်ပြီးတော့ ပါတီပြောင်းတယ်။ ဒီမိုကရက်တစ်ပါတီ ရောက်လာတယ်။ ပြီးတော့မှ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ အနိုင်ရပြီး အမတ် ဖြစ်လာခဲ့တယ်။ ဆိုတော့ သမ္မတဘုရှ် နဲ့ ရီပတ်ဘလစ်ကန်ပါတီကို ဆန့်ကျင်တဲ့စိတ်နဲ့ ပါတီပြောင်းပြီး ရပ်တည်တဲ့အခါကျတော့ ဟိုရှေ့က သမ္မတဘုရှ် နဲ့ ရီပတ်ဘလစ်ကန်ပါတီ လုပ်ခဲ့တဲ့ လှုပ်ရှားမှုမှန်သမျှ၊ ပေါ်လစီမှန်သမျှကို လိုက်ကန့်ကွက်ချင်တဲ့ဆန္ဒ ရှိတယ်။ အဲဒီမှာ အဓိက အထင်ရှားဆုံးကတော့ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီပေါ့။ သိတဲ့အတိုင်း သမ္မတဘုရှ်ရဲ့ ရီပတ်ဘလင်ကန်ပါတီက မြန်မာ့အရေး ဒီမိုကရေစီလှုပ်ရှားမှုမှာ အပြင်းအထန် ထောက်ခံခဲ့ကြတာဆိုတော့ အခု သူက အဲဒါကို ဆန့်ကျင်ဖက်လုပ်ချင်စိတ် ရှိပုံရတယ်။
နောက် နှစ်အချက်က သူက ဗီယက်နမ် စစ်ပြန်ဖြစ်သလို၊ ဗီယက်နမ်အမျိုးသမီး တယောက်ကိုလည်း လက်ထပ်ထားတယ်။ ဆိုတော့ သူစိတ်ထဲမှာ ဗီယက်နမ်က အကြီးကြီးဖြစ်နေတယ်။ အာဏာရှင်စနစ်အောက်မှာဟုတ်တယ်၊ သို့သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေတယ်။ မြန်မာပြည်နဲ့အတူတူဘဲ မြန်မာပြည်မှာဖြစ်တဲ့ ပြဿနာတွေက တကယ်တမ်းကြတော့ စီးပွားရေးကြပ်တည်းလို့ဖြစ်ကြတယ်။ အဲဒီတော့ စီးပွားရေး sanction၊ စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်း၊ ရင်းနှီမြုပ်နှံမှုတွေ တိုးချဲ့၊ စီးပွားရေးကောင်းလာလို့ရှိရင် မြန်မာပြည်ဟာ အာဏာရှင်စနစ်အောက်မှာ စင်္ကာပူလို၊ ဗီယက်နမ်လို တိုးတက်တဲ့နိုင်ငံတခု ဖြစ်လာမယ်လို့ သူက ယုံကြည်ထားတယ်။ အဲဒီမှာ တခုရှိတာ အမေရိကန်အကျိုးစီးပွားဆိုတာကို ဒီမှာ သမ္မတအိုဘားမား အစိုးရအဖွဲ့ရော၊ သမ္မတဘုရှ် အစိုးရအဖွဲ့ရော နားလည်ထားတာက ကမ္ဘာတဝှမ်းမှာ ဒီမိုကရေစီ ပြန့်ပွားမှုဟာ အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်တယ်။ ဒီမိုကရေစီ ပြန့်ပွားတိုးတက်ရေး၊ ဒီမိုကရေစီနိုင်ငံတွေ များလာလေလေ ကမ္ဘာကြီးက ငြိမ်းချမ်းသာယာပြီတော့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားရေးကို တိုးတက်မှုရှိတယ်လို့ ယူဆထားတယ်။ ဒါပေမယ့် Webb ရဲ့ သဘောထားကတော့ သူရဲ့ အမေရိကန်အကျိုးစီးပွားဆိုတာ အမေရိကန်က သက်ဆိုင်ရာနိုင်ငံတွေမှာ ဘယ်လောက်ထိ လွမ်းမိုးနိုင်သလဲ၊ အထူးသဖြင့် အာရှတိုက်ဒေသနိုင်ငံတွေမှာဆိုရင် သက်ဆိုင်ရာအစိုးရတွေကို လွမ်းမိုးပြီတော့ တရုတ်နဲ့ဝေးအောင် ပြန်ဆွဲဖို့ လိုတယ်။ အဲဒီအတွက် အဲဒီနိုင်ငံတွေကို ဒီမိုကရေစီဘဲဖြစ်ဖြစ်၊ အာဏာရှင်ဘဲဖြစ်ဖြစ် အကူအညီတွေပေး၊ မက်လုံးတွေပေး၊ ရင်းနှီမြုပ်နှံမှုတွေလုပ်၊ ပူးပေါင်းဆောင်ရွက်ပြီတော့ အဲဒီ အစိုးရတွေပေါ်မှာ အမေရိကန်အစိုးရရဲ့ လွမ်းမိုးမှုရှိအောင်လုပ်ရမယ်၊ အမေရိကန် ရင်းနှီမြုပ်နှံမှုတွေ တိုးချဲ့ရမယ်။ အဲဒီနည်းတွေနဲ့ တရုတ်အစိုးရဖက်က ပြန်လည်ဆွဲထုတ်ရမယ်ဆိုတဲ့ အတွေးအခေါ်ဗျ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အဲဒီ အတွေးအခေါ်ကို သူရေးထားတဲ့ စာအုပ်တအုပ်မှာ ကျနော် ဖတ်လိုက်ရပါတယ်။ ဒါပေမယ့်လည်း ဒီနေရာမျာ နည်းနည်းလေး ကွာခြားတဲ့ ကိစ္စတခုက သူရဲ့ ရေးထားတဲ့စာအုပ်မှာ သူ အခု ဗားဂျီးနီးယား (Virginia) ပြည်နယ် ကိုယ်စားပြု ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် မဖြစ်ခင် လွန်ခဲ့တဲ့ ၂၀၀၂ လောက်ကတည်းက သူက သူရဲ့ ရင်းနှီတဲ့ အမေရိကန်လုပ်ငန်းရှင် တဦးရဲ့ ဖိတ်ကြားချက်အရ ဗမာနိုင်ငံကို သွားခဲ့ဘူးတယ်။ အဲဒီအချိန်တုန်းက သူ့မိတ်ဆွေက မြန်မာနိုင်ငံမှာ ရင်းနှီမြုပ်နှံမှုတွေ အမည်တော့ မဖော်ဘူးပေါ့ အမေရိကန်ရင်းနှီမြုပ်နှံမှုတွေ လုပ်နေတဲ့သူတယောက်ဆီကို သူ သွားပြီတော့ အဲဒီအခြေအနေတွေ သူကြည့်လာတဲ့အခါကြတော့ မြန်မာစီးပွားရေးလုပ်ငန်းတွေအပေါ်ကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်က သွန်သင်ပြမှုတွေရှိတယ်၊ နည်းပညာဖလှယ်ပေးမှုတွေ လက်ဆင့်ကမ်းပေးမှုတွေ ရှိနေတယ့် အတွက်ကြောင့်မို့ သူအနေနဲ့ ဒါဟာ တိုးတက်လာမယ့် အနေအထားတခုလို့ မြင်ခဲ့တယ်။
ဒါပေမယ့် အဲဒီ ခရီးစဉ်အတွင်းမှာဘဲ မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ တွေ့ပြီတော့လည်း သူက ဗမာစစ်တပ်ခေါင်းဆောင်ပိုင်းကို ပွင့်လင်းတဲ့ တံခါးဖွင့်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပေးပြီမှ သူပြန်လာတဲ့အခါကြမှ အမေရိကန်အစိုးရ အဆက်ဆက်ကနေပြီး အဲဒီနောက်ပိုင်း ၂၀၀၃ ခုနှစ်က စပြီး စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တဲ့အတွက်ကြောင့် သူရဲ့ မျှော်လင့်ထားတဲ့အချက်တွေ ပျက်သွားခဲ့တယ်။ မြန်မာနိုင်ငံကလည်း ဒီလို ပြင်ပရဲ့ စီးပွားရေးမြုပ်နှံမှုတွေ ကာကွယ်ပေးမှုတွေ မရှိတဲ့အတွက်ကြောင့် ချွတ်ခြုံကျသထက် ကျတဲ့အမြင်မျိုး သူ ရေးထားတာ တွေ့ရတယ်။ ဆိုတော့ အဲဒါက သူရဲ့ နဂိုကတည်းက ဆွဲထားတဲ့ အယူအဆတခု မဟုတ်ဘူးလား။ သူက ဒီ ရီပတ်ဘလင်ကန်ကနေပြီတော့ ဒီမိုကရက်တစ်ကို ပြောင်းသွားပြီမှ ဒါကို ပိုပြီတော့ ဦးစားပေးပြတာလား။
ဦးအောင်ဒင် ။ ။ မဟုတ်ဘူး။ သူ့မှာ နဂိုကတည်းကလည်း ရှိပြီသာဖြစ်ပါလိမ့်မယ်။ ခင်များ ပြောတာလည်းမှန်တယ်။ ၂၀၀၁ ခုနှစ်မှာ သူ သွားခဲ့တယ်။ အဲဒီတုန်းက အဲဒီမှာ သူ ရေးထားတာရှိပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ရန်ကုန်ရဲ့ လမ်းမကြီးက လုံခြုံမှုဟာ ၂၀၀၁ ခုနှစ်မှာရှိတဲ့ ဗီယက်နမ်လမ်းမများထက် လုံခြုံမှုထက် ပို လုံခြုံပြီတော့ ပို ကောင်းတယ်လို့ သူရေးထားတာ ရှိတယ်။ အဲဒီမှာ ပြတာ ဗီယက်နမ် နိုင်ငံမျိုး ဗမာပြည်လည်း ဖြစ်လာနိုင်တယ်ဆိုတာမျိုးပေါ့ဗျာ။ ဒါပေမယ့် သူ မမြင်တာ၊ မသိတာက သူ ၂၀၀၁ ပြန်လာပြီး နောက်ပိုင်းမှာ စီးပွားရေးပိတ်ဆို့မှုတွေ ပိုတင်းကြပ်လာခဲ့တယ်။ အဲဒီအတွက် ဘယ်သူကို ကျနော်တို့ အပြစ်တင်ကြမလဲ။ ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံဖို့ ကြိုးစားတဲ့ နအဖ စစ်အစိုးအုပ်စုကိုဘဲ အပြစ်တင်ရမှာ။ တဖက်မှာ တခြားလူတွေကို အပြစ်တင်လို့ကို မရဘူး။ နအဖ စစ်အုပ်စုက သူ အကြံပြုခဲ့သလို ပြောင်းလဲမှုတွေ မလုပ်ဘူး၊ အပြောင်းအလဲတွေ မလုပ်တဲ့အပြင် ပိုပြီတော့ တင်းကြပ်ပြီးတော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကိုပါ သတ်ဖြတ်ဖို့ ကြိုးစားတဲ့အဆင့် ရောက်လာခဲ့တယ်။ ဒါကြောင့်မို့ တဖက်မှာ စီးပွားရေးပိတ်ဆို့မှုတွေ ပိုပြီတင်းကြပ်လာခဲ့တာဖြစ်တယ်။ ဒါက သူအနေနဲ့ ဘယ်သူကိုမှ အပြစ်တင်လို့ မရဘူး။ ဆိုတော့ သူအနေနဲ့ ဒါတွေ မဖြစ်စေချင်ဘူးဆိုလို့ရှိရင် အခု ခရီးစဉ်မှာ နအဖစစ်အစိုးရ ခေါင်းဆောင်တွေ တွေ့ပြီတော့ အပြောင်းအလဲတွေ တကယ် လုပ်ဖို့ ပြောဆိုနိုင်ရင်တော့ သိပ်ကောင်းမှာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ သိနေတာ သူရဲ့ အတွင်းစိတ်ကိုယ်၌ကိုက အာဏာရှင်စနစ်ဘဲဖြစ်ပါစေ စီးပွားရေးတိုးတက်မှုတွေနဲ့ တိုင်းပြည်က တည်ငြိမ်နိုင်တယ်၊ အဲဒီလိုဖြစ်ဖို့အတွက်ကို သူ အမေရိကန်အစိုးရရဲ့ သြဇာလွမ်းမိုးမှုနဲ့ ထောက်ပံ့မှုတွေ လိုအပ်တယ်။ အဲဒီလို တွေးထားတဲ့ ကာလပတ်လုံး ကျနော်တို့ မြန်မာဒီမိုကရေစီ လှုပ်ရှားမှု အပေါ်မှာတော့ သူရဲ့ ခရီးစဉ်က ဘယ်လိုမှ အကျိုးမရှိနိုင်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်တဲ့ အပိုင်းတွေမှာ အမေရိကန်တွေရဲ့ ချယ်လှဲနိုင်တဲ့၊ သြဇာလွမ်းမိုးနိုင်တဲ့ လက်မရှိသေးလို့ ရှိရင် မြန်မာစစ်အစိုးရကို တစုံတရာ တိုက်တွန်းနိုင်ခွင့်၊ သြဇာပေးနိုင်ခွင့် မရှိဘူးဆိုတဲ့ အယူအဆမျိုး သူမှာ ရှိနေတာပေါ့။
ဦးအောင်ဒင် ။ ။ မှန်ပါတယ်။ တကယ်ကြတော့ သူ နားမလည်းတာ တခုရှိတယ်ဗျာ။ တကယ်တမ်း စီးပွားရေး အကူအညီတွေ ပေးရင်တောင် ဒီ မြန်မာစစ်အစိုးရက လက်ရှိဖြစ်ပေါ်နေတဲ့ mismanagement တွေ၊ corruption တွေနဲ့ ဘယ်လိုဘဲ အကူအညီပေးပေး ဗမာပြည်က သူ မျှော်လင့်သလို ဗီယက်နမ်လည်း ဖြစ်လာမှာမဟုတ်ဘူး၊ စင်္ကာပူလည်း ဖြစ်လာမှာမဟုတ်ဘူး၊ ဖြစ်ခြင်းဖြစ်လို့ရှိရင် ဇမ်ဘာဘွေ (Zimbabwe) လိုဖြစ်မယ်၊ နိုက်ဂျီရီးယား (Nigeria) လိုဖြစ်သွားလိမ့်မယ်။ သူ အဲဒါမျိုးတွေ မတွေးဘူး။ တဖက်မှာကြတော့ တွေးသည်ဖြစ်စေ၊ မတွေးသည်ဖြစ်စေ သူ နားလည်းဖို့က ကျနော်တို့ မြန်မာပြည်သူပြည်သားတွေက ဘာကိုလိုချင်သလဲ၊ ဘာကိုလိုချင်ပြီတော့ ဘယ်လို တိုက်ပွဲဝင်နေကြသလဲဆိုတာကို လေးစားလိုက်နာဖို့ လိုပါတယ်။ သူကနေပြီတော့ မင်းတို့ ဒါနဲ့တန်တယ်၊ ဒီလောက်ဘဲ ရရ၊ ဒီလောက်ဘဲ ယူကြဆိုပြီတော့ သူက အပြင်ကနေပြီတော့ ပြောလို့မရဘူးလေ။ သူ အလုပ်က ကျနော်တို့မြန်မာပြည်သူအများစုရဲ့ အလိုဆန္ဒကို လေးစားလိုက်နာဖို့ဘဲဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ သူရဲ့ ခရီးစဉ်မှာ မူလက နိုင်ငံရေးကိစ္စအကြောင်း မကြေညာထားပေမယ့်လည်း ဒီလို နိုင်ငံရေး အတိုက်အခံတွေနဲ့ တွေ့ဖို့ တွေ့ခြင်းအားဖြင့် သူရဲ့ သဘောထားကော ပြောင်းမသွားနိုင်ဘူးလား။
ဦးအောင်ဒင် ။ ။ ပြောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ကျနော် စိတ်ပူတာတခုတော့ ရှိတယ်ဗျာ။ ဟို ပြီးခဲ့တဲ့တခေါက် ဘန်ကီမွန်း (Ban Ki-moon) လာသွားတုန်းကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို နေပြည်တော်ကိုခေါ်သွားတယ်။ ပြီးတော့ ဘန်ကီမွန်း နဲ့ တွေ့တဲ့အခါကြတော့ အခြားပါတီ ဆယ်ခု နဲ့အတူ တွေ့ရတယ်။ တခြားပါတီ ဆယ်ခုနဲ့အတူ ဘန်ကီမွန်းကို တနာရီလောက် တွေ့ရတယ်။ ပြီတော့ ဘန်ကီမွန်းက သူတို့ အားလုံးကို တယောက် နှစ်မိနစ်ဆီ စကားပြောခွင့်ပေးတယ်။ အဲဒီလိုမျိုးတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ။ အဲဒီလိုမျိုးဖြစ်မယ်ဆိုလိုရှိရင်တော့ တကယ့်နိုင်ငံရေး အင်အားစုကြီးတစုက တဖက်မှာ အရေးကြီးတဲ့ လွှတ်တော်ခေါင်းဆောင်တယောက်ကို တူတူတန်တန်အချိန်မှာ လေးလေးနက်နက် စကားပြောခွင့်မရဘူးဆိုရင်တော့ အလကားပါဘဲ။ အဲဒီလိုမဟုတ်ဘဲ တူတူတန်တန် လေးလေးနက်နက် ဆွေးနွေးခွင့် ရမယ်ဆိုလိုရှိရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူရဲ့ ရပ်တည်ချက်တွေကို ရှင်းအောင်လင်းအောင် ပြောပြပြီတော့ တစ်အချက် သူရဲ့ ထောက်ခံမှုကို တောင်းဖို့၊ နှစ်အချက် မထောက်ခံရင်တောင်မှ သူ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်တွေကို လေးစားဖို့ တိုက်တွန်းသင့်တယ်။ အဲဒီလိုဆိုရင်တော့ မဆိုးပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်နိုင်ငံသားဖြစ်တဲ့ ဂျွန်ယက်တောရဲ့ အပြစ်ဒဏ်အပေါ်ကို သက်သက်ညှာညှာ ဖြစ်လာအောင် သူက ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ သူရဲ့ ခရီးစဉ်အတွက်ကို သူက အောင်မြင်တယ်လို့ သူအနေနဲ့ ယူဆနိုင်စရာတွေ ရှိမှပေါ့။
ဦးအောင်ဒင် ။ ။ ကျနော်တော့ မထင်ဘူးဗျ။ ဒီ အမေရိကန်အစိုးရအနေနဲ့ရော ကွန်ဂရက်လွှတ်တော်အနေနဲ့ရော အားလုံးနားလည်းထားတာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး။ ဒေါ်အောင်ဆန်းစုကြည်က တကယ်တမ်းကြတော့ အပြစ်မရှိဘဲ အဖမ်းခံရတယ်၊ ထောင်ကျတယ်။ အဲဒီမှာ မစ္စတာ ယက်တော က သူရဲ့ အကြောင်းကြောင့်ဖြစ်နေတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က မလွတ်ဘဲနဲ့ မစ္စတာယက်တော က လွတ်လာလို့ လွတ်လာတဲ့အတွက်ကြောင့်လည်း ဆီနိတ်တာ Webb အနေနဲ့ ဘာမှ ဂုဏ်ယူစရာမရှိပါဘူး၊ သူကိုလည်း ဘယ်သူကမှ ချီးကျူးဂုဏ်ပြုကြမှာ မဟုတ်ပါဘူး။